28.8.2013
မြန်မာ - ထိုင်း နယ်စပ်စခန်းများမှ ဗီဇာဖြင့် ၀င်/ထွက် လာသွားခွင့်ပြုခြင်းအဖြစ် ဖွင့်ပွဲအခမ်းအနားကို တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်း နှင့် ထီးခီး-နာဖူရွန်တို့တွင် သြဂုတ်လ ၂၈ရက်၊ နံနက် ၈နာရီအချိန်က တပြိုင်နက် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဖွင့်ပွဲပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့်တို့မှ တက်ရောက် လာခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ အမှတ်(၃) လှုပ်ရှား ယန္တရားတပ် မှ ဒု-စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးယုံယွတ်အပါအ၀င် ထိုင်းဌာနဆိုင်ရာ ဧည့်သည်တော် ၈၅ ဦး တက်ရောက်လာခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက "လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှာတော့ ထိုင်းနဲ့ တတိယနိုင်ငံသားများ အပါအဝင် Passport Visa ပါရှိသူတွေဟာ အနည်းငယ်သာ ဝင်ရောက်လာမယ်လို့ ထင်ရပေမယ့် ပွင့်လင်းရာသီ ရောက်တော့မှာ ဖြစ်လို့ နိုင်ငံခြားသားတွေဟာ ထင်ထားတာထက် ပိုမိုဝင်ရောက်လာမယ်ဆိုတာကိုလည်း အလေးအနက်ယုံကြည်ထားတယ်။ တာချီလိတ်ခရိုင်အတွင်းက တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်စတဲ့ မြို့နယ်တွေဟာ လွတ်လပ်စွာ သွားလာနိုင်ခွင့်ရှိလို့ ဒီဒေသဟာ ခရီးသွားလုပ်ငန်း မကြာမီ အဆင့်မြင့်မားလာမှာ ဧကန်မလွဲဘဲ ဖြစ်တယ်။ လုပ်ငန်းလုပ်ဆောင်မှုအနေနဲ့ ပြောရရင် Passport နဲ့ Visa ပါတဲ့ နိုင်ငံခြားသားတွေဟာ ၄င်းတို့မှာ Visa ပါတဲ့အတွက် မည်သည့် အခွန်အခမှ ကောက်ခံမှာ မဟုတ်ဘူး၊ ဝင်လာတဲ့ နိုင်ငံခြားသားတွေရဲ့ Passport ကို Scan ဖတ်မယ်။ Camera နဲ့ ဓာတ်ပုံရိုက်မယ်၊ အချက်အလက်တွေကို Computer မှာ Save လုပ်၊ အဝင်တံဆိပ် ရိုက်နှိပ်ပေးပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း သတ်မှတ်ချက်ရှိတဲ့ ခွင့်ပြုဒေသအားလုံးကို သွားခွင့်ပေးသွားမှာဖြစ်တယ်။ ပြန်လည်ထွက်ခွာတဲ့အခါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကဘဲ ပြန်ပြန်၊ မြဝတီကဘဲ ပြန်ပြန်၊ မူဆယ်ကဘဲ ထွက်ထွက်၊ ပြန်ထွက်ချင်တဲ့နေရာက ထွက်နိုင်အောင်လို့ စီစဉ်ပေးထားတာဖြစ်တယ်။
ထို့အတူဘဲ မြဝတီ၊ ကော့သောင်း၊ ထီးခီးနဲ့ တရားဝင်သတ်မှတ်ထားတဲ့ ဝင်ပေါက်က ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကိုလည်း တာချီလိတ်ကနေ ပြန်လည် ထွက်ခွင့်ပေးသွားမှာဖြစ်တယ်၊ ပြန်လည်ထွက်ခွာတဲ့အခါမှာ သတ်မှတ်ထားတဲ့ Visa သက်တမ်းရှိ/မရှိနှင့် ကျော်လွန်နေထိုင်ခဲ့လျှင် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၃)ဒေါ်လာ ကောက်ခံပြီး အထက်ပါ လုပ်ငန်းစဉ်အတိုင်းဘဲ Passport ကို Scan ဖတ်မယ်၊ Camera နဲ့ ဓာတ်ပုံရိုက်မယ်၊ အချက်အလက်တွေကို Computer မှာ Save လုပ်၊ အထွက် တံဆိပ်ရိုက်နှိပ်ပေးပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်တယ်။
နောက်ထပ် မိမိနိုင်ငံသားတွေအတွက် အခွင့်အရေးတစ်ခုအနေနဲ့ မြန်မာနိုင်ငံသားတွေ မြန်မာ Passport လက်ဝယ်ရှိပြီး Thai Visa ရထားပြီးရင် တစ်ဖက်နိုင်ငံကို ယခုလို ဝင်/ထွက်ပေါက်တွေက လွတ်လွတ်လပ်လပ် ဝင်/ထွက် သွားလာခွင့်ကိုလည်း ယခုကတည်းက စတင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်၊ ဥပမာအနေနဲ့ ပြောရရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ Thai Visa နဲ့ထွက်သွားပြီး မယ်ဆိုင်ကဘဲ ပြန်ဝင်ဝင်၊ မယ်ဆိုင်ကနေ Thai Visa နဲ့ထွက်သွားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကဘဲ ပြန်ဝင်ဝင်၊ ဝင်ထွက်ခွင့်ပေးသွားမှာ ဖြစ်တယ်၊ ဝင်/ထွက် လုပ်ငန်းစဉ်ကတော့ အထက်မှာ ရှင်းသွားတဲ့အတိုင်းဘဲဖြစ်တယ်။"ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့်တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Tachileik Online News

No comments:
Post a Comment