Pages

Monday, November 4, 2013

"နိုင်ငံထူထောင်ရေးအတွက်ပြည်ပဗဟုသုတ ရရှိဖို့လိုအပ်"

တိုင်းတပါးမှာ ပညာသင်ကြားနေစဉ်ကာလမှာ မိမိရောက်ရှိရာနိုင်ငံက အတွေ့အကြုံဗဟုသုတတွေ ကို နိုင်ငံပြန်လည် တည်ဆောက်ရေးမှာ အသုံးချနိုင်အောင် ဆောင်ကျဉ်းလာဖို့လိုတယ်လို့ မြန်မာစာသင် သားတွေကို ပညာသင်ဆုထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းများညီလာခံ က ပြောကြားလိုက်ပါတယ်။

မြန်မာကျောင်းသားတွေကို ပညာသင်ဆုပေးနေတဲ့ OSI, Prospect Burma, BK Kee, Child Dreamနဲ့ သပြေဖောင်ဒေးရှင်းတို့က တာဝန်ရှိသူတွေ ကြီးမှူးပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်နိုင်ငံတွေမှာ သွားရောက် ပညာသင်ကြားနေတဲ့ မြန်မာပညာတော်သင်တွေရဲ့ နှစ်ပတ်လည် ညီလာခံကို ထိုင်းနိုင် ငံတောင်ပိုင်း၊ ချာအမ်ခရိုင်၊ ချာအမ်မြို့ Asian Cha An ဟော်တယ်မှာ မနေ့ကနဲ့ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံမှာ ပညာသင်ဆု ပေးဝေရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သပြေ ပညာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြည်ပထွက်ပြီးတော့ လေ့လာသင်ကြားနေတဲ့ ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ်မှာသင်ပေးနေတဲ့ ဘာသာရပ်တွေပဲ မဟုတ်ဘဲနဲ့ အဲဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကိုပါ လေ့လာပြီးတော့ ကိုယ်တိုင်းပြည်မှာ ပြန်လည်အသုံးချဖို့ လိုတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ပြန်လာလုပ်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ သူတို့အလုပ်မလုပ်ခင်မှာ အတွေ့အကြုံ ရအောင်ပေါ့ လုပ်အားပေး internship တွေ တခြားနိုင်ငံတကာမှာ ဖြစ်ဖြစ်၊ ကျနော်တို့ ဒေသတွင်းမှာ ဖြစ်ဖြစ်၊ အဲဒီလိုမျိုး အစီအစဉ်တွေကို သပြေဖောင်ဒေးရှင်းအနေနဲ့ ဒီထက်မက လုပ်ပေးနိုင်တဲ့ အနေအထားမျိုးတွေ ရှိအောင် လုပ်နေတာရှိပါတယ်”

ဒါ့အပြင် ပညာသင်တွေကလည်း မိမိတို့ပညာသင်ကြားရေး အခြေအနေတွေနဲ့ အခက်အခဲတွေကို အသီးသီး တင်ပြခဲ့ကြရာမှာ မကြာသေးမှီက မလေးရှားနိုင်ငံတွင်း ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ ကျောင်းသားတွေအတွက် အခက်အခဲတစ်ချို့ ကြုံတွေ့ခဲ့ရတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ဒီညီလာခံမှာ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူထုဖွံ့ဖြိုးရေးနဲ့ အာဆီယံ စသဖြင့် နယ်ပယ်အသီးသီးမှာ လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ပညာသင်တွေကို ရှင်းလင်း အသိပေးခဲ့ပါတယ်၊

ဒါ့အပြင် ပညာသင်ဆုနဲ့ စာသင်ကြားခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်အသီးသီးမှာ ဝင်ရောက် အလုပ်လုပ် ကိုင်နေကြတဲ့ ပညာသင်ဟောင်းများ အပါအဝင် ဒီညီလာခံကို နိုင်ငံအသီးသီးက မြန်မာကျောင်းသားဦးရေ (၁၅၀)ခန့် တက်ရောက်ခဲ့ ကြပါတယ်။


RFA

No comments:

Post a Comment