Pages

Thursday, December 26, 2013

လားရှိုးမြို့ကား ၁၀ စီးတိုက်မှုဖမ်းမိပြီးတရားခံ ထွက်ပြေး တိမ်းရှောင်နေသော အမှုအား စုံးစမ်းစစ်ဆေးရေး စတင်

26.12.2013

လားရှိုးမြို့တွင် စက်တင်ဘာ(၁၉)ရက်နေ့ကဖြစ်ပွားခဲ့သော ကုန်တင်ယာဉ်ကြီးတစ်စီး ဘရိတ်ပေါက် ကာ မော်တော်ကား(၁၀)စီးနှင့် ဆိုင်ကယ်(၁)စီးကိုဆက်တိုက်မိပြီး လူ(၄)ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည့် အမှုတွင် ယာဉ်မောင်းသူကိုရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲရာတွင် တရားခံပြေးမှုအဖြစ် တင်ပို့ခဲ့သည့်အတွက်နစ်နာသူများမှဒီဇင်ဘာ လဆန်းပိုင်း အတွင်း လားရှိုးမြို့သို့ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံတိုင်ကြားခဲ့သည့်အတွက် ၎င်းအမှုကိစ္စနှင့် ပတ်သက်၍ အဖွဲ့ဝင် သုံးဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဒီဇင်ဘာလလယ်ပိုင်း အတွင်းမှာ စတင်၍ စစ်ဆေးမှုများဆောင်ရွက်နေကြောင်း နစ်နာသူတစ်ဦးထံမှသိရသည်။

ယင်းအမှုတွင်ယာဉ်မောင်းဖြစ်သူကိုသန်းမြင့် အသက်(၄၁)နှစ် ပန်းဘဲတန်းရပ်၊ စစ်ကိုင်းမြို့နေသူကို ယာဉ်ထိန်းရဲတပ်ဖွဲ့က(ပ)၄၅/၂၀၁၃ပြစ်မှု ပုဒ်မ၂၇၉/၃၃၈တို့ဖြင့် အမှုဖွင့်အရေးယူပြီး နောက်တစ်နေ့တွင် ယာဉ်မောင်းဖြစ်သူကိုသန်းမြင့်အား လားရှိုးမြို့နယ် တရားရုံးသို့ ခေါ်ဆောင်ကာ ချုပ်မိန့် ရီမန် တောင်းခံခဲ့သော်လည်း တရားရုံးမှ ချုပ်မိန့်ပေးရန်ငြင်းဆိုခဲ့ခြင်းကြောင့် ကိုယ်တိုင်ခံဝန်ဖြင့် လွှတ်ပေး ခဲ့ရကြောင်း တရားစွဲတင်ပို့ရန် ပြန်လည် ဆင့်ခေါ်ရာတွင် တိမ်းရှောင် သွားသည့်အတွက် တရားခံပြေးမှု အနေဖြင့် လားရှိုးမြို့တရားရုံးသို့ ပြစ်မှုသေးအမှုအမှတ် ၁၂၇/၂၀၁၃ ဖြင့် နိုဝင်ဘာ (၆)ရက်နေ့က တရားစွဲ တင်ပို့ ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးထံမှ သိရသည်။

"ချုပ်မိန့်တောင်းခံရာမှာလူလေးဦးဒဏ်ရာရတယ်၊ ပျက်စီးသွားတဲ့ ဆုံးရှုံးမှုကလည်းများကြောင်း၊ တရားခံ အနေနဲ့ ရပ်ဝေးကဖြစ်တဲ့အတွက် ခိုင်လုံတဲ့ ခံဝန်ပေးနိုင်သူမရှိလို့ ကိုယ်တိုင်ခံဝန်ပေးပြီး ထွက်ပြေး တိမ်းရှောင် သွားနိုင်ကြောင်း အသေအချာအစီရင်ခံပြီး ချုပ်မိန့်တောင်းပါတယ်၊ ဥပဒေရုံး ကထောက်ခံပေ မယ့် တရားရုံးကချုပ်မိန့်မပေးလို့ကျွန်တော်တို့ အနေနဲ့ တရားခံကိုဆက်ချုပ်ပိုင်ခွင့် မရှိဘူးလေ"ဟု အမှုစစ်အရာရှိတစ်ဦးက ပြောသည်။

"တချို့ကားတွေဆိုရင် လုံးဝသုံးလို့မရအောင် ပျက်စီးသွားတယ် ကားပိုင်ရှင်တွေမှာ အရမ်းနစ်နာသွားတယ် ကျွန်တော်ကခြေသလုံး ရိုးကျိုးခဲ့တယ် ကျွန်တော့မိန်းမက ခြေကျင်းဝတ်ကျိုးကြေသွားလို့ မန္တလေးဆေးရုံ ကြီးမှာ ပို့ပြီး ဆေးကုနေရတာ အခုထိဆေးရုံက မဆင်းရသေးဘူး၊ ကုန်ကားပိုင်ရှင်က သူ့ကားကို တရားရုံး မှာထုတ်ယူသွားတယ်ဗျာ၊ တရားခံကိုဖမ်းထားပြီးမှ အခုတရားခံပြေးဖြစ် ရတယ် ဆိုတာတော့ ကျနော်တို့ လည်း ဥပဒေကိုနားမလည်ဘူး၊ ဒါပေမဲ့ ဥပဒေရဲ့ အကာအကွယ်မဲ့နေသလိုခံစားနေရပါတယ်"ဟု နစ်နာသူ
ဦးဇော်မင်းနိုင်က သတင်းထောက်များကို ပြောသည်။

ချုပ်မိန့်တောင်းခံတဲ့ပြစ်မှုပုဒ်မ-၂၇၉/၃၃၈တို့သည် အာမခံပေးခွင့် ရှိသောပြစ်မှု အမျိုးအစားဖြစ်၍ ချုပ်မိန့်ပေးရန်ငြင်းဆိုရခြင်း ဖြစ်ကြောင်း လားရှိုးမြို့နယ် တရားသူကြီး ဦးနေ၀င်းက ရှင်းပြသည်။

မနုဿ ဇေယျာ (လားရှိုး)
The Myanma Age

No comments:

Post a Comment