Tuesday, September 17, 2013

ရှမ်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် စခန်းများကို ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ငွေလှူ

0 comments
မန္တလေးတိုင်း ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီက မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ စစ်ဘေးဒုက္ခသည် စခန်းများကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် ငွေကြေး လှူဒါန်းခဲ့ကြောင်း မန္တလေးတိုင်း ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦး Lယော်ထန်က ပြောကြားသည်။

မန္တလေးတိုင်း ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ဦးစီး၍ တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့က မန္တလေးမြို့တွင် သြဂုတ်လ ၉ ရက်နေ့ည၌ ငြိမ်းချမ်းသံစဉ် မနောအက သဘင်ပွဲကို ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရှောင် ဒုက္ခသည် စခန်းများသို့ လှူဒါန်းရန်အတွက် ရန်ပုံငွေ ရှာဖွေခဲ့သည့်အပြင် အွန်လိုင်းမှ ငွေလှူဒါန်းနိုင်ရန် အတွက် ဘဏ်စာရင်းဖွင့် ဆောင်ရွက်ခဲ့ရာ အလှူငွေ ကျပ်သိန်းနှစ် ထောင်ကျော်ကို ရရှိခဲ့ပြီး ကချင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် စခန်းများကို ကနဦးလှူဒါန်းခြင်း ဖြစ်ကြောင်း ဦး Lယော်ထန်က ရှင်းပြသည်။

“စစ်ရှောင်စခန်းမှာရှိတဲ့ လူဦးရေကို တွက်ပြီး စားရေးသောက်ရေးနဲ့ ကျောင်းစရိတ် နှစ်မျိုးအတွက် လှူဒါန်းခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ရှမ်းတိုင်းရင်းသားများ နေထိုင်ရသော စစ်ဘေးဒုက္ခသည် စခန်းများဖြစ်သော သာဂရ၊ ခတ်ချို၊ ဝန်းသိုကျောင်း စခန်းတို့သို့ အလှူငွေ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့သည့်အပြင် ပမ္မတီးစစ်ဘေး ဒုက္ခသည်စခန်းသို့ ကျပ်သိန်း ၄၀ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဝါရှောင် ဆရာတော် အရှင်ဝိဇယက “ငြိမ်းချမ်းရေးအတွက် လှပတဲ့လမ်းကလေး ပေါ်လာတာပဲ။ ရှမ်းနဲ့ ကချင်ဆိုတာ ညီအစ်ကိုတွေဖြစ်လို့ အခုလို ကူညီပေးတာ အင်မတန်မှ ဝမ်းသာစရာ ကောင်းပါတယ်။ ဒီထက်လည်း ဝမ်းသာစရာကောင်းတဲ့ အလုပ်တွေကို များများလုပ်သွားနိုင်ရင် ကချင်ပြည်နယ်ကြီးက ပိုမိုလှပလာပါလိမ့်မယ” ဟု မိန့်ကြားသည်။

မန္တလေးတိုင်း ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် အကူအညီပေး ဆောင်ရွက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here