Showing posts with label ရှမ်းသတင်း. Show all posts
Showing posts with label ရှမ်းသတင်း. Show all posts
Tuesday, July 1, 2014

အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ SSPP/SSAမှ (၃)ဦးသေဆုံး (၈)ဦး ဒဏ်ရာရ

0 comments

1.7.2014

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိပြီး  SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့  အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖာဆောင်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော  အစိုးရစစ်တပ်ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၅နာရီခွဲခန့်မှာ SSPP/SSA အဖွဲ့က စတင်၍ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အစိုးရစစ်တပ်မှ ဗိုလ်မှူးကြီး သန်းဇော်က ပြောပါတယ်။

“တာ့ဖာဆောင် တံတားအနီးမှာ ကျနော်တို့ တပ်တွေ အမြဲလှုပ်ရှားနေတာပါ။ SSPP/SSAအဖွဲ့က ကျနော်တို့ တပ်တွေကို လာတိုက်လို့ ယခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကျနော်တို့က ပြန်တိုက်တော့ သူတို့ဘက်က (၃)ဦးကျပြီး (၈)ဦးဒဏ်ရာရတယ်။ ကျနော်တို့ဘက်မှာလည်း (၁)ဦး ကျဆုံးပြီး (၅)ဦး ဒဏ်ရာရတယ်လို့  ဗိုလ်မှူးကြီး သန်းဇော်က ဆက်လက် ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တာ့ဖာဆောင်တံတားဟာ SSPP/SSA အဖွဲ့အတွက် မူးယစ်ဆေးဝါ သယ်ဆောင်ရာ အဓိက လမ်းကြောင်းဖြစ်တာကြောင့် အစိုးရ စစ်တပ်က တံတားအနီးမှာ တပ်စွဲနေတာကို လာရောက် တိုက်ခိုက် တာဖြစ်ပြီး  SSPP/SSA အတွက် မူးယစ်ဆေးဝါး သယ်ဆောင်ရာ မှောင်ခိုလမ်းကြောင်းဖြစ် တာကြောင့် အရေးပါတဲ့ နေရာတစ်ခုလို့ သတ်မှတ်ထားတာဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ အစိုးရ စစ်တပ်က  နေရာယူထားဆဲဖြစ်ပြီး ရှမ်းတပ်တွေ အနေနဲ့  စောင့် ကြည့်နေ တဲ့ အနေအထားမှာ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

SSPP/SSAအဖွဲ့အနေဖြင့် ယခုလို တိုက်ပွဲတွေကို ပြန်လည်ဖန်တီးနေခြင်းဟာ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုး ထားသော နှစ်ဦးသဘောတူင်္ညီချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရာ ရောက်တယ်လို့ လည်း ကျေးသီးမြို့နယ် လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

ဦးအိုက်ကောင်း
Read more...
Monday, June 30, 2014

*** ရှမ်းနီခေတ် သတင်းဂျာနယ် မကြာမှီ ဖြန့်ချီတော့မည် ***

0 comments


ရှမ်းနီခေတ် သတင်းဂျာနယ်ကို ရှေ့လ ပထမအပ်တွင် ထုတ်ဝေဖြန့်ချီမည်ဟု သတင်းဂျာနယ်ဖြစ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေကြတဲ့ သျှမ်းနီလူငယ်ကွန် အဖွဲ့သားများက ဆိုပါသည်။

ဟုတ်ကဲ့ ရှေ့လာမည့် ဇူလိုင်လ လ ပထမ အပတ်ထဲမှာ ထုတ်ဝေဖြန့်ချီနိုင်ဖို့ ကျနော်တို့လုပ်ထားပါတယ်.. ကျနော်တို့ တိုင်းရင်းသားတိုင်းဟာ မိမိဒေသတွင်း ဖြစ်ပျက်နေမှု အလုံးစုံကို အခြားဒေသလူထုတွေ သိအောင်မီဒီယာနဲ့ မီးမောင်း ထိုး ပြသရမဲ့ ခေတ်ဖြစ်နေပြီ ဒါကြောင့် ကျနော်တို့ သျှမ်းနီလူငယ်တွေက ဒီဂျာနယ်ကို မရရအောင် ထုတ်မယ်ဆိုပြီး လုပ်ကြတာပါ.. ထုပ်လုပ်မှုကိုတော့ မန္တလေးမှာပဲ ကျနော်တို့ လုပ်မှာဖြစ်တယ်လို့ အယ်ဒီတာ စိုင်းအောင်မျိုးလွင်က ဆိုပါသည်။

သျှမ်းနီခေတ်က သျှမ်းနီဒေသတွင်း ဖြစ်ပျက်နေသော နိုင်ငရေး၊ စီးပွားရေးလူမှုရေး၊ ပညာရေ၊ ဘာသာရေး၊ ငြိမ်းချမ်းရေးနဲ့ မူးယစ်ဆေးဝါပြသာနာ စသည်တို့ကို အဓိကထားရင်း တိုင်းရင်းသားဒေသ အသီးသီးတွင် တိုင်းရင်းသားအားလုံး၏ အသံများ ပြန်ကြားနိုင်မှု အဓိကထား ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဂျာနယ်ဖြစ်မြောက်ရေး ဘုတ်အဖွဲ့ဝင် အယ်ဒီတာ တဦးဖြစ်တဲ့ စိုင်းမောင်အောင်က ဆိုပါသည်။

မြန်မာပြည်ကြီးဟာ တိုင်းရင်းသာတွေနဲ့ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးဖြစ်တဲ့အတွက် ဒီနေ့ ပွင့်လင်းလာတဲ့ မြန်မာ့ လူဘောင် အဖွဲ့စည်းမှာ တိုင်းရင်းသားတို့၏ မီဒီယာအခန်း ကဏ္ဍဟာ အရေးကြီးလာပြီဖြစ်တဲ့ အလျှောက် သျှမ်းနီလူငယ်တွေရဲ့ လုပ်ဆောင်မှုနဲ့ မိမိတို့ အမျိုးသား ဂျာနယ် ဖြစ်ပေါ်လာတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်း စိုင်းအောင်ဆိုင် (ခေတ္တချင်းမိုင်) က ဆိုပါသည်။

သျှမ်းနီလူမျိုးတို့သည် အဓိကအားဖြင့် ကချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း အများအပြာနေထိုင်ကြပြီး သျှမ်းပြည်နယ် မိုးမိတ်၊ မဘိမ်း၊ မအိုး၊ မှုဆယ်၊ နမ့်ခမ်း တို့တွင်လည်း နေထိုင်ကြသည်။

- စ၀်နိုင်းနိုင်း
#သျှမ်းနီလူငယ် ကွန်ယက်
Read more...

တာဝန်ရှိသူများ ဖြေကြားပေးကြပါအုံး

0 comments
ရှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်ရှိရှမ်းလူမျိုးရွာသားများ ရှမ်းရွာများ ထံသို ဆတ်ကြေးအဓမ္မ တောင်းခံခြင်း ၊လူသစ်အဓမ္မစုဆောင်းခြင်းများ အပေါ် ရှမ်းပြည်တပ်မတော် (SSA/SSPP & SSA/RCSS) အနေ ဖြင့်ရှမ်းလူမျိုးများ အရေး ဦးစားပေးကာ ကန့် ကွက်ခြင်း သို့ မဟုတ် ပြန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း KIA ထံသို ရာဇသံ ပေးပို့ ခြင်း များ ဆောင်ရွက် နေခြင်း ရှိမရှိ SSAမှ တာဝန်ရှိသူများမှ ဖြေကြားပေးစေလို ပါသည်ခင်ဗျား.

#စိုင်းအောင်ခမ်း
Read more...

RCSS/SSA အဖွဲ့မှ ဆန်၊ ဆီ တောင်းပြီး ဒေသခံများကိုလည်း ဖမ်းဆီး

0 comments
30.6.2014

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စုတွင် ဇွန် ၂၈ ရက် ည ၈ နာရီခန့်၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း( RCSS/SSA) အဖွဲ့မှ ဆန်၊ ဆီ များ တောင်း ရမ်းပြီး ဒေသခံရွာသားများကိုလည်း ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ မိုင်းပန်ကျေးရွာသို့ ယင်းအဖွဲ့မှ ၀င်ရောက်လာပြီး ဆီ (၂)ပုံး တောင်းယူကာ ရွာသား (၂)ယောက်ကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ ဆီ ၂ ပုံးတောင်းလို့ ရွာက စုပြီး ပေးလိုက်ရတယ်၊ ပြီးတော့ ရွာသား ၂ ယောက်ကို အတင်းဖမ်းခေါ်တယ်၊ ဘာအတွက် ဖမ်းတယ်ဆိုတာ မပြောဘူး၊ သေနတ်တွေ ကိုင်ထားတော့ ဘယ်သူမှလည်း မမေးရဲဘူး၊ ဒီအတိုင်း ကြည့်နေရတာပဲ ” ဟု မိုင်းပန်ရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော မိုင်းပန်ရွာသား(၂)ဦးမှာ အိုက်နွန်း(ဘ)ဦးအိုက်အွန်(၂၄)နှစ်နှင့် အိုက်မွန်း (ဘ)ဦးအိုက်ဆိုင်၊ (၂၀)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၀မ်ဖုတ်ကျေးရွာသို့ ရောက်ရှိလာပြီး အလားတူ ဆန်(၂)ပုံးတောင်းကာ ရွာသား(၂)ဦးအား ဖမ်းဆီးသွား ကြောင်း၊ ၎င်းအဖွဲ့နှင့်အတူ ကြိုးတုပ်ဖမ်းဆီးထားသော ရွာသား(၂)ယောက်ကိုလည်း မြင်လိုက်ကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

“ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး ဆန် ၂ ပုံးတောင်းတယ်၊ ဆန်ရတော့ ရွာက လူ ၂ ယောက်ပေးဖို့ တောင်းတယ်၊ အုပ်ချုပ်ရေး မှူးးက တောင်းပန်တာကို ပါးရိုက်ပြီး တွေ့တဲ့ရွာသား ၂ ယောက်ကို ဖမ်းခေါ်သွားတယ် ” ဟု ၀မ်ဖုတ်ရွာသား တစ်ဦးက ပြောကြားသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော ၀မ်ဖုတ်ရွာသား(၂)ဦးမှာ အိုက်အိ(ဘ) ဦးစိုင်းလုံ(၃၀)နှစ်နှင့် အိုက်ရှဲန် (ဘ)ဦးအိုက်လုံ၊ (၂၂ )နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားများအပေါ် RCSS/SSA အဖွဲ့မှ အနိုင်ကျင့်ပြီး ဆန်၊ ဆီ တောင်းရုံတင်မကဘဲ ရွာသား (၄)ဦးကို အတင်းအဓမ္မ ဖမ်းဆီးသွားသည့်အတွက် ဒေသခံများမှ မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာ ဌာနများသို့ သွားရောက်တိုင်ကြားထားကြောင်း သိရှိရသည်။

စိုင်းဇင်အောင်
Read more...
Thursday, June 26, 2014

သျှမ်းပြည်တောင်ပိုင်းတွင် အဓမ္မစစ်သားစုဆောင်းမှု စုံစမ်းစစ်ဆေးမည်ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြော

0 comments
26.6.2014

RCSS/SSA မှ အဓမ္မစစ်သားစုဆောင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းဒေသခံ သျှမ်းလူငယ်များ နေရပ် မှ စွန့်ခွါနေရသည် ဆိုသည့်ကိစ္စ ဆိုင်ရာတာဝန်ရှိများအား ခေါ်ယူစစ်ဆေးပြီး ဟုတ်မှန်ပါက တည်ဆဲ စစ်စည်းမျဉ်းအရ ပြစ်ဒဏ်ပေး မည်ဟု ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောပါသည်။

“အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာ တတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင် အသုံးပြုဖို့ လပိုင်းစစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်နေပြီး မိဘ အလုပ်ပြန်ကူ လုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံ စည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မ ခေါ်ယူတာမရှိဘူး။ နားလည်မှုလွဲ တာလဲဖြစ်နိုင်တယ်။ ဒီကိစ္စသေချာ စုံစမ်းရမယ်။ တကယ် ကျူးလွန် ခဲ့ရင် အဲဒီလူအပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေးရ ပါလိမ့် မယ်” – ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲအတွင်း၊ လင်းခေးမြို့နယ် အတွင်းက ကျေးရွာ အချို့၊ တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ် အင်တောမြို့နယ်ခွဲ အတွင်း ကျေးရွာ အချို့တို့တွင် သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရဲဘော်သစ်၊ တပ်သားသစ်စုဆောင်းမှုကြောင့် လူငယ် များနေရပ်မှ တိမ်းရှောင်နေ ရကြောင်း-  ဒေသခံများကပြောသည်။

“ကျနော့်သားက ၈ တန်းပဲ ရှိတယ်။ ရဲဘော်သစ်စာရင်းထဲ ပါတယ်။ ပို့ပေးရမယ် ပြောလို့၊ ခွင့်ပန်ပြီးတော့ မြို့ကျောင်းပြောင်း လိုက်ရတယ်။ တချို့လဲ လူငှားတယ် အခကြေးငွေပေးပြီးတော့ပေါ့။ ငှားခတယောက် ကျပ်သိန်း ၂၀ အနည်းဆုံးပဲ။ ကျနော်တို့ကျေးလက်ရွာသားတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် သျှမ်းပြည်တပ်မတော်က အထက်အရာရှိတွေ ကနေ ကြည့်ရှုစစ်ဆေးပေးဖို့ စီစစ်ဆောင်ရွက်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ် ” - ဟု ကျိုင်းတောင်းဒေသခံ ကလေးမိဘ တဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသည့် နောက် ပိုင်း စစ်မှုမထမ်း မနေရပေါ်လစီမရှိတော့ကြောင်း၊ သို့သော် အသက် ၁၈ နှစ်သူအားလုံးတော့ စစ်ပညာတတ်မြောက် ထားသင့်ကြောင်း၊ ကုန်သည်ကြီးများ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများမှလွဲ၍ သာမာန် လုပ်ကိုင်စားသောက်သော သူများထံမှ အခွန် အခ ကောက်ခံခြင်းများ လည်းပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။

#Panglong(Burmese)
Read more...

မူဆယ်ဆန်တင်ပို့မှု ထက်ဝက်ခန့် မြင့်တက်လာနေ

0 comments
26.6.2014

မူဆယ်နယ်စပ် ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူ တင်ပို့မှု ထက် ထက်ဝက် နီးပါးမြင့် တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ထုတ် ပြန်ချက်နှင့် နယ်စပ်ဆန်ကုန်သည် များထံမှသိရသည်။

ယခုနှစ် ပင်လယ်ရေကြောင်း ဆန်တင်ပို့မှုလျော့နည်းနေသော်လည်း နယ်စပ်ဆန်တင်ပို့မှုများတဖြည်းဖြည်း မြင့်တက်နေ ရာ ဇွန်လ အစောပိုင်းထိ ဆန်တန်ချိန် တစ်သိန်းကျော်တင်ပို့ ခဲ့ပြီးဖြစ်ရာ ယခင်နှစ် ကာလထက် တန်ချိန် ခုနစ်သောင်း ကျော်ပိုမိုတင် ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန ထုတ်ပြန်ချက် အရသိရသည်။

မူဆယ်ဆန်ကုန်သည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက'' အခု တရုတ်က ဗီယက်နမ်နဲ့ သိပ်အဆင် မပြေတော့ မြန်မာဆန် ကို တောက် လျှောက် ဝယ်ခဲ့တဲ့အတွက်ဧပြီတစ်လလုံးနယ်စပ်ကနေ ဆန်အတော်လေး ပို့ခဲ့ရလို့ မေလ ကလဲ တန်ချိန်တော် တော် များ တယ်၊ ဆန်လက်ကျန် နည်းသွားတယ်၊ အခုလမှာတော့ အရင်လကဝယ်အားကြောင့် နည်း နည်း ပြန်အေး တယ်ဆိုပေ မယ့် ဆက်တင်ပို့ဖို့ အခြေအနေကောင်း နေတယ်'' ဟုဆိုသည်။

လက်ရှိမူဆယ်ဆန်ဈေးကွက်မှာ တောင်တရုတ်ပင်လယ်အရေး မကျေ လည်သရွေ့ ဆက်လက်မြင့်တက်နေ ဦးမည်ဖြစ်ကြောင်း တရုတ်ကလည်း ယခင်နှစ်ထက်ဈေး အနည်းငယ်ပိုပေး ဝယ်ယူနေပြီး ယွမ်ဈေးမှာ ၁၅၃ကျပ် ဝန်းကျင်တွင်ရှိသည့်အတွက် ဆန် ကုန်သည် အခြေအနေကောင်းပြီး တောင်သူ အတွက်ပါ အကျိုးရှိသော နှစ်ဖြစ် သည်ဟုယင်းကထပ်မံပြော ဆိုသည်။

မူဆယ်နယ်စပ်မှ ဧပြီလဆန်း ပိုင်းတွင် နေ့စဉ်ဆန် တန်ချိန် တစ် သောင်းနှစ်ထောင် ဝန်းကျင် သာ တင်ပို့နိုင်ခဲ့ရာမှ မေလ တွင်း နေ့စဉ် အိတ်ရေ နှစ်သောင်းအထိ တိုးချဲ့ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုဇွန်လတွင် နေ့စဉ် အိတ်ရေ နှစ်သောင်းကျော် အထိရှိနေပြီး လစဉ်ပိုမိုတင်ပို့နိုင်နေ ခြင်းဖြစ်သည်ဟု နယ်စပ် ဆန်ကုန် သည်များထံမှသိရသည်။

ဝါးတန်းဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုးမောင်က''နယ်စပ်အခြေအနေ ကောင်းတော့ ရန်ကုန်ကိုတောင် အဝင် အေးတယ်။ မူဆယ် အခြေအနေ ကောင်း လို့ ဈေးပို ရလေ တောင်သူ တွေအတွက် အကျိုးရှိလေဖြစ်တဲ့ အတွက် ကျွန်တော်တို့လဲ ဝမ်းသာ ပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာ တော့ အချောကိုပိုစားတယ်၊ နယ်စပ် တင်ပို့မှုက ဧည့်မထဆိုတော့ ရန် ကုန် ဈေးကွက်မှာ ထိခိုက် မှာတော့ ပူစရာမ လိုပါ ဘူး။ အခုလဲပဲခူးဘက် က အဝင်နည်းပေမယ့် အိတ်ရေလေး သောင်း ခွဲနဲ့ ငါးသောင်းကတော့ပုံမှန် ဝင်တယ်လို့ဆို လို့ရတယ်''ဟုဆိုသည်။

လက်ရှိ မူဆယ် ဆန်ဈေးကွက် တွင် ဧည့်မထ၂၅မှတ်တန် တစ်တန် လျှင် ကန်ဒေါ်လာ ၃၈၀-၃၉၀၊ ငစိန်၊ ၂၅မှတ်တန် တစ်တန်လျှင် ၃၈၅-၃၉၅ ဒေါ်လာ အထိ ပေါက်ဈေး ရှိနေပြီး ငွေလဲလှယ်နှုန်းမှာ တစ်ယွမ် လျှင် ၁၅၄ ကျပ် ဈေးဝန်းကျင်တွင် ရှိနေကြောင်း၊ ယခုလလယ်ပိုင်း တွင် မူဆယ်ဆန်ကုန်စည် ဒိုင်သို့ တစ် နေ့လျှင် ဆန်အိတ်ရေတစ်သောင်း ခွဲကျော် အဝင်ရှိနေကြောင်း သိရ သည်။ 

#Yangon Media Group
Read more...
Wednesday, June 11, 2014

*** ၈၈ ပြည်ပရောက် သျှမ်းနီများတွေ့ဆုံပွဲ ***

0 comments


၈၈ အရေးခင်းကြောင့် ပြည်ပရောက် သျှမ်းနီကျောင်းသားများ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ ဆုံကြတဲ့ပွဲကို ထိုင်းနိုင်ငံ တနေ့ရာမှာ ၂၀၀၆ ခုနှစ်က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်…

ဒီတွေ့ဆုံပွဲမှာ မိမိတို့ပြည်ပရောက် သျှမ်းနီများအချင်းချင်း အပြန်လှန်ဆက်သွယ်မှုရရှိစေရေးနဲ့ သျှမ်းနီလူမျိုးများအတွက် မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ချိပ်ဆက်ပြီး အမျိုးသားရေးနိုးကြားတဲ့ လူငယ်များမွေးထုတ်ရန်နှင့်မိမိတို့လူမျိုးများ နေထိုင် ရာ ဒေသတွင်း ပြစ် ပျက်နေမှုများကို မီဒီယာဖြင့်ချိပ်ဆက်မှုများပေးရန် … အလင့်သင့်ပါက လူငယ်ခေါင်းဆောင် သင်တန်းများ ပေးပြီး မွေးထုတ်ကြရန် သဘောတူညီခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တရုတ်အခြေပြု သျှမ်းနီကိုယ်စာလှယ်နှင့် အန္ဒိယအခြေု သျှမ်းနီကိုယ်စာလှယ်များ ထိုင်းနိုင်ငံအခြေပြုကိုယ်စာလှယ်များနှင့် ၂ ရက်တိုင်တိုင် ကျင်းပြပြုလုပ်ခဲ့ကြောင်းသိရသည်။


သျှမ်းနီလူငယ် ကွန်ယက်
Read more...

RCSS/SSA အဖွဲ့မှ ခိုလမ်မြို့နယ်တွင်းရှိ ကျေးရွာများ၌ ဆန်နှင့်ငွေကြေး များကောက်ခံလျက်ရှိ

0 comments

11.6.2014

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့နယ်ခွဲရှိ ၀မ်ဆင်းကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများ၌ ခွဲတမ်းချကာ ဇွန်လ ပထမပတ်မှစ၍ (RCSS/SSA) အဖွဲ့မှ ဆန်နှင့်ဆက်ကြေးငွေများကို တာဝန်ခံစေလွှတ်၍ အတင်းအဓမ္မ တောင်းခံနေကြောင်း ယင်းဒေသခံများထံမှ သိရပါတယ်။

ခိုလမ်မြို့နယ်အတွင်းရှိ ၀မ်ဆင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၌ နေထိုင်သော ရှမ်းတိုင်းရင်းသား များထံမှ တောင်းခံခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ် လူသစ်စုဆောင်းခြင်း၊ ဆန်နှင့်ငွေများ ပေးနေ ရခြင်းကြောင့် ရွာသူရွာသားများမှာလည်း အလွန်စိတ်ပျက်နေကြောင်း ခိုလမ်မြို့ခံတစ်ဦးဖြစ်သူ ကိုစိုင်းအောင်က ပြောသည်။

RCSS/SSA အခွန်တာဝန်ခံဆိုသူက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကတစ်ဆင့် ဆန်ဘယ်လောက်၊ ငွေ ဘယ်လောက်ဆိုပြီး တောင်းတယ်။ အုပ်ချုပ်ရေးမှူးတွေ ကလည်း ရွာထဲမှာပြန်ပြီး တစ်အိမ်ထောင် ဘယ်လောက်ထည့်ရမယ် ဆိုပြီး ပြန်ကောက်တာပါ။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း မလုပ်ချင်ပေမယ့် လည်း အသတ်ခံရမှာ ကြောက်တာနဲ့ လုပ်ပေးနေရတာပါလို့ ဆိုပါတယ်။

အလားတူပင် RCSS/SSAအဖွဲ့အနေဖြင့် လွိုင်လင်ခရိုင်အတွင်းရှိ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ မိုင်းကိုင်မြို့နယ် တွေမှာလည်း ဒေသခံ ရှမ်း၊ လားဟူ၊ ပအိုဝ့်နှင့် ပလောင်တိုင်းရင်းသားများအား အတင်းအကြပ် ဖမ်းဆီးကာ လူသစ်စုဆောင်း မူများ ပြုလုပ်နေကြောင်း၊ ထိုသို့ အတင်းအကြပ် ဖမ်းဆီးကာ လူသစ် စုဆောင်းနေခြင်းမှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသော နှစ်ဦး သဘောတူညီချက်များ ကို ပေါ်ပေါ်တင်တင် ချိုးဖောက်ရာ ရောက်ကြောင်း ခိုလမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ရှမ်းပြည်တောင်ပိုင်းတပ်က လူသစ်စုသမျ၊ တောင်းသမျ ဆန်နှင့်ငွေကို တစ်အိမ်ဘယ်လောက်ဆိုပြီး မဖြစ်မနေ ပေးနေရတာတွေက ရှမ်းလူမျိုးတွေကို ကာကွယ်တာမဟုတ်ဘဲ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီး ညှင်းပန်း နှိပ်စက်နေတာနဲ့ အတူတူပါပဲ” လို့ ကိုစိုင်းအောင်က ဆက်လက်ပြောကြားခဲ့ပါသည်။

Credit To #စိုင်းအောင်ခမ်း
Read more...
Friday, May 9, 2014

ကျိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးကို တရားမ၀င် လက်နက်ကိုင် ဆောင်မှုဖြင့် ၀င်ရောက်စစ်ဆေး

0 comments
9.5.2014

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ဆက်ဆံရေးရုံးကို နယ်မြေခံစရဖတပ်မှ မေ ၆ ရက်နေ့ ညနေပိုင်းတွင် တရား မ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် ၀င်ရောက်စစ်ဆေးခဲ့ရာ လက်နက်၊ ခဲယမ်းများ တွေ့ရှိခဲ့ကြောင်း တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးထံမှ သိရသည်။

“RCSS/SSA ရုံးကို အကြောင်းမဲ့သက်သက် ၀င်စစ်ဆေးတာ မဟုတ်ပါဘူး၊ ဒေသခံတွေက ဆန်နဲ့ ဆက်ကြေး တွေကို RCSS/SSA အဖွဲ့ရဲ့ အမာခံရွာသားတစ်ဦးက သေနတ်ကိုင်ပြီး လိုက် လံကောက်ခံ နေတယ်လို့ သတင်းလာ ပေးကြတာကြောင့် အရင်ဦးဆုံး အဲဒီရွာသားကို စစ်ဆေးခဲ့ပါတယ် ” ဟု နယ်မြေခံတပ်မှ တပ်ရင်းမှူးက ပြောကြားခဲ့သည်။

ကျိုင်းတုံမြို့နယ်၊ နမ့်လင်းမိုင် ကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော နယ်မြေခံ တပ်အား ရွာသားများ၏ လာရောက်သတင်းပေးချက်အရ အဆိုပါရွာနေ အကျစ်(၃၅)နှစ် အား ခေါ်ယူစစ်ဆေးခဲ့ ရာမှ RCSS/SSA အဖွဲ့၏ အမာခံ ဆက်ကြေး တာဝန်ခံအဖြစ် ၀န်ခံထွက် ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ၎င်းအား ကတ်တောင်/ကတ်ထိုက် နယ်မြေအတွင်းတွင် ဆန်နှင့် ဆက်ကြေးငွေ အား ကောက်ခံခိုင်းကြောင်း၊ ၎င်းကိုင်ဆောင် ရန် သေနတ်နှင့် ကျည်ဆံများ ပေးထားကြောင်း၊ အဆိုပါ လက်နက်/ ခဲယမ်းများအာ ကျိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံ စိုင်းစိုးမိဏ်းမှ ထုတ်ပေး ထားကြောင်းနှင့် ဆက်ဆံရေးရုံးတွင်လည်း သေနတ်(၅)လက် အမြဲထားရှိကြောင်း အကျစ်မှ ထွက်ဆိုခဲ့သည်ဟု ယင်း တပ်ရင်းမှူးက ဆက်လက်ပြောကြားသည်။

နယ်မြေခံတပ်မှ အကျစ်၏ နေအိမ်အား မေ ၆ ရက် မနက် ၅ နာရီ ခန့်တွင် ကျေးရွာလူကြီးများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ရာ မေ ၅ ရက်နေ့က ဆက်ဆံရေးရုံးတာဝန်ခံ စိုင်းစိုးမိဏ်း ကိုယ်တိုင် နမ့်လင်းမိုင်ရွာသို့ လာရောက်ပြီး သေနတ်နှင့် ကျည်ဆံများအား ယူဆောင်သွားခဲ့ကြောင်း အိမ်နီးချင်းများ၏ မျက်မြင်တွေ့ရှိမှု အရ သိရသည်။

RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံ စိုင်းစိုးမိဏ်းမှ တရားမ၀င် လက်နက် များဖြစ်သော သေနတ်နှင့် ကျည်ဆံ များအား ယူဆောင်သွားသည့်အတွက် နယ်မြေခံ စရဖတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ ရပ်ကွက်လူကြီး များနှင့် အတူ ၀င်ရောက်ရှာဖွေရာ စိုင်းစိုးမိဏ်း၏ အိပ်ခန်းအတွင်းမှ ၉ မမကျည် (၂၀)တောင့်အား သိမ်းဆည်းရမိခဲ့သည်ဟု စရဖတပ်ဖွဲ့ထံမှ သိရသည်။

“ဆက်ဆံရေးရုံးကို ၀င်ရောက်ရှာဖွေတယ်ဆိုတာ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ ၀င်ရှာခဲ့တာပါ၊ RCSS/SSA ဆက်ဆံရေးရုံးရဲ့ ဆက်ကြေးတာဝန်ခံ အကျစ်အိမ်က ပြန်ယူသွားတဲ့ သေနတ်တွေ ကျည်ဆံတွေ မတွေ့ရပါဘူး၊ စိုင်းစိုးမိဏ်းကိုင်တဲ့ ၉ မမ ကျည်တွေတော့ သိမ်းဆည်းရမိခဲ့ပါတယ်၊ ဒီနယ်မြေထဲက ရွာတွေမှာ RCSS/SSA အဖွဲ့တွေ ၀င်ရောက် လှုပ်ရှား ခြင်း မပြုဖို့နဲ့ ဆန်၊ ဆန်ဖိုးငွေတွေ မကောက် ဖို့ ပြောထားပြီးသား ဖြစ်ပါတယ်၊ ဒါပေမယ့် ဒေသခံပြည်သူတွေဆီ ကနေ လက်နက်ကိုင်ဆောင် ခိုင်းပြီး ရွာသားတစ်ဦးကို RCSS/SSA ဆက်ဆံရေးရုံးအတွက် ဆန်နဲ့ ဆက်ကြေး တွေ ကောက်ပေးဖို့ ခိုင်းစေတယ်ဆိုတာ ၀န်ခံထွက်ဆိုထားပါတယ်၊ ပြီးတော့ စိုင်းစိုးမိဏ်း ဟာ ဆက်ဆံရေးရုံးတာဝန်ခံဖြစ်တဲ့ အတွက် တရားမ၀င်လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး၊ ဒါ့ကြောင့် ၀င်ရောက်ရှာဖွေစစ်ဆေး ခဲ့ခြင်းဖြစ်ပါတယ်” ဟု တိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားသွားခဲ့သည်။

စိုင်းလေး (ကျိုင်းတုံ)
Read more...

RCSS/SSA အဖွဲ့က ဖမ်းဆီးသွားသည့် ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလောင်းကို ပဲပုပ်ခင်းတွင် ပြန်တွေ့

0 comments
9.5.2014

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဧပြီ ၁၉ ရက်ည ၈ နာရီခွဲတွင် RCSS/SSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ မေ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွာ၏ အနောက်တောင်ဘက် ၃ ဖာလုံခန့်အကွာ၌ လာပစ်သွားသော အလောင်းအား တွေ့ရှိခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

“ ကျွန်တော်က တောထဲကိုသွားတာပါ၊ ပဲပုတ်ခင်းဘေးမှာ လူသေ အလောင်း တစ်လောင်းတွေ့လို့ ရဲစခန်း ကို သွားပြီး အကြောင်းကြား ခဲ့တာပါ၊ ကျွန်တော် တို့ ရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင် ဖြစ်နေပါတယ် ” ဟု ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့ဝင် ဦးမူးလိန်မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းတုံရဲစခန်းအား ဆက်သွယ်မေးမြန်း ကြည့်ရာ တာဝန်ကျရဲအရာရှိက ရွာသား တစ်ဦးအလောင်းတွေ့ကြောင်း လာသတင်းပေးသဖြင့် သွားရောက် ကြည့်ရှု့ခဲ့ကြောင်း၊ အလောင်းမှာ သန်းခေါင်စာရင်းကောက်ယူရာတွင် ထုတ်ပေးထားသော စပို့ရှပ် အင်္ကျီလက်တိုနှင့် ခရမ်းရောင် ကွက်စိတ်ပုဆိုး ၀တ်ဆင်ထားပြီး အရိုးအဆစ်များ ပြုတ်လျက် ပက်လက်အနေ အထားဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရပြီး သမီး ဖြစ်သူ မအီနန်း၏ ပြောပြချက်အရ ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဖြစသည်ဟု အတည်ပြု ခဲ့ရ ကြောင်း ပြောကြားခဲ့သည်။

“ ကိုတင်အောင် သေနေတာ မြင်မကောင်းပါဘူး၊ လည်ပင်း ဘယ်ဘက်ကနေ ညာဘက်နောက်စေ့ ကို ဖောက်ဝင်နေ တဲ့ သေနတ်ဒဏ်ရာတွေ့ပါတယ်၊ သူ့ကို ဖမ်းသွားတဲ့ လူတွေဟာ မျက်နှာဖုံးစွပ် ထားပေမယ့် ရှမ်းစကားပြောပြီး ဖမ်းသွားတာပါ၊ သူတို့ဟာ ရှမ်းစစ်သားတွေဆိုတာ သေချာပါတယ် ” ဟု မျက်မြင်တွေ့ခဲ့သော ရွာသားတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးအား RCSS/SSA အဖွဲ့မှ တရားဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင် သွားမှုအပေါ် ဖြေရှင်း ရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း အောင်ကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအ၀င် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ရွာသူ/ရွာသား များက ပူးပေါင်း ဆောင် ရွက်ခဲ့သော်လည်း ယခုကဲ့သို့ ပစ်ခတ် သတ်ဖြတ်မှုမှာ လူသား မဆန်ကြောင်း၊ အစိုးရ၀န်ထမ်းတစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်း မှာ အစိုးရအပေါ် မလေးမစား စော် ကားခြင်းပင်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ် ရေးရုံးမှ ဦးစီးအရာရှိ တစ်ဦးက ဆိုသည်။

RCSS/SSA အနေဖြင့် နိုင်ငံတော်အစိုးရနှင့် မိမိတို့အကြား ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် မိမိတို့အောက် ခြေတပ်များကို ဥပဒေမဲ့ လုပ်ရပ်များ မလုပ်မိစေရန် တင်းတင်းကြပ်ကြပ် တားမြစ်ထား ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုဖြစ်ရပ်တွင် မိမိတို့အဖွဲ့အစည်းနှင့် လုံးဝပတ်သက်မှု မရှိကြောင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အစိုးရ နှင့် လက်တွဲဆောင် ရွက်သွားမည်ဖြစ် ကြောင်း ကို မြန်မာ့ငြိမ်း ချမ်းရေးစင်တော (MPC) သို့ တရားဝင်အကြောင်း ပြန်ပေးစာပေး ပို့ခဲကြောင်း RCSS/SSA ထိပ်ပိုင်း အရာရှိတစ်ဦးက ပြော သည်။

“ ဦးတင်အောင်ဆီကို RCSS/SSA အဖွဲ့က ဆန်နဲ့ ချိန်းဆော ဆက်ကြေးငွေ တောင်းထားတာ ရှိပါတယ် ၊ ဦးတင်အောင်က ရွာသားတွေ အဆင်မပြေ ဘူးဆိုပြီး ငြင်းလိုက်လို့ လာဖမ်းသွားတာပါ၊ ၀ိမလ ဦးစီးတဲ့ ရှမ်းစစ်သားတွေ ရွာနားကို ရောက်နေတာလည်း သိကြတယ်၊ ရွာထဲကိုလည်း ဈေးဝယ်လာကြ သေးတယ်၊ အုပ်ချုပ်ရေးမှူးကို ဖမ်းတော့မယ်ဆိုတာ ကြိုသတင်းရပေမယ့် ကြောက်လို့ ဘယ်ကိုမှ အကြောင်းမကြား ရဲပါဘူး၊ အုပ်ချုပ်ရေးမှူးကို ဖမ်း သွားတာ ဓည၀တီ၊ ဆန်စုမှာရှိတဲ့ RCSS/SSA အဖွဲ့၊ အခွန်ဌာနတာဝန်ခံ ၀ိမလ ဦးစီးအဖွဲ့ပါ၊ အခုလို အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတာ တကယ်စိတ်မကောင်း ပါဘူး ” ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောကြားသွားသည်။

#စိုင်းအောင်ခမ်း
Read more...
Tuesday, May 6, 2014

လားရှိုးမြို့ လမ်းမများပေါ် အမျိုးသမီးငယ်များပါ မူးယစ်ဆေး ပေါ်ပေါ်တင်တင် သုံးစွဲ

0 comments
6.5.2014

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပေါ် ရပ်ကွက်အချို့၏ လမ်းများပေါ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြရာ ယခုလပိုင်းအတွင်း လူဦးရေ ပိုမိုများပြားလာပြီး ယင်းအနက် အမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောကြားသည်။

ရပ်ကွက် (၅) ဘုံကျောင်းအနီး လမ်းကြားများနှင့် ရပ်ကွက် (၈) သာသနာ ၂၅၀၀ ဘုရားတောင် အတက် အဆင်း လမ်းဘေးများတွင် မူးယစ်ဆေးဝါး ရောင်းချသူများက တစ်ခါသုံး ဆေးထိုးပြွန်များအတွင်း အသင့်ဖျော်စပ်ပြီး ဖြစ်သော မူးယစ်ဆေးဝါးများအား လူငယ်များ၏ အကြောအတွင်း ထိုးသွင်းပေး ပြီး ရောင်းချသုံးစွဲမှုများ ပြုလုပ်နေကြခြင်းကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများ က ပြောဆိုသည်။

“ဘုံကျောင်းလမ်းဘေးက ခေါက်ဆွဲဆိုင်တွေဟာ သူတို့ရဲ့ ဆုံရပ်တွေပဲ။ အဲဒီမှာ ဆုံပြီးမှ လမ်းကြားထဲကို သွားပြီး ရောင်းဝယ် သုံးစွဲကြတာ” ဟု လမ်းကြားအနီး နေထိုင်သူတစ်ဦးက ရှင်းပြသည်။

သုံးစွဲသူများထဲတွင် အမျိုးသမီးငယ်များလည်း ပါဝင်ပြီး ယင်းလမ်းကြားများကို ချစ်သူလမ်းကြားဟု မူးယစ်ဆေး သုံးစွဲသူများက အမည်ပေးထားကြောင်း၊ လမ်းပေါ်တွင် စွန့်ပစ်ထားသော ဆေးထိုးအပ် များကြောင့် ယင်းလမ်းကြားအနီးရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကလေးသူငယ်များနှင့် ဖြတ်သန်း သွားလာသူများအတွက် အန္တရာယ် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အဲဒီနားက ဖြတ်သွားရင် သူတို့ကို ကျွန်တော်တို့ မကြည့်ရဲဘူး။ သူတို့က လူသုံးလေးဆယ် ဝန်း ကျင်လောက် ရှိနေတော့ ကိုယ့်ကို အန္တရာယ် ပြုလာမှာလည်း ကြောက်ရတယ်” ဟု ဘုံကျောင်း အနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

ရပ်ကွက် (၈) သာသနာ (၂၅၀၀) ဘုရား အတက်အဆင်း လမ်းဘေး၌ လူသူပြတ်လပ်သည့် နေ့ခင်းပိုင်း အချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများသာမက ပြည့် တန်ဆာများ ခေါ်ယူ လာပြီး ပျော်ပါးမှုများကိုပါ ပြုလုပ်ကြပြီး ယင်းနေရာတွင် ဆေးထိုးအပ်၊ ဆေးထိုးပြွန် အဟောင်းများ၊ ကွန်ဒုံးများပါ ပစ်ထားကြကြောင်း ယင်းလမ်းအနီးရှိ နေထိုင်သူများထံမှ သိရသည်။

“ကျွန်မတို့ အိမ်ပြတင်းပေါက်ကို ဖွင့်ပြီး အဲဒီဘက်ကို မကြည့်ရဲတော့ဘူး။ လုံးဝ အရှက်အကြောက်တရား ကင်းမဲ့တဲ့နေရာ ဖြစ်နေပြီ။ သာသနာ့ နယ်မြေမှာ ဒီလိုဖြစ်နေတာ ဝမ်းနည်းဖို့လည်း ကောင်းတယ်” ဟု ဘုရားတောင်ခြေအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေမှာ မူးယစ်အထူးတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ဖြင့် ရှာဖွေဖမ်းဆီးရေးများကို လုပ်ဆောင်နေပြီး မူးယစ်ဆေး ကင်းစင်ပပျောက်ရေး လုပ်ငန်းစဉ်တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အရေးကြီးကြောင်း လားရှိုးမူးယစ် အထူးအဖွဲ့မှ ဒုတိယရဲမှူး သင်းအောင်က ဆိုသည်။

လမ်းမများတွင်ပါ မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင် သုံးစွဲလာမှုသည် လူငယ်များ အတုယူ လုပ်ဆောင်လာမည်ကို စိုးရိမ်ရသဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း လားရှိုးဒေသခံ မိဘများက ပြောဆိုကြသည်။

(နေမျိုးနွယ်)
#The Voice
Read more...

ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှု တိုင်းရင်းသားတွေ ဘာကြောင့် ချန်ခဲ့သလဲ

0 comments
မြန်မာ့နိုင်ငံရေးမှာ သြဇာအင်အားကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့က အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ဗဟိုကော်မတီတရပ်ကို ဖွဲ့စည်း လိုက်ပြီး လွှတ်တော် ပြင်ပ လူထုလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပေမယ့် တိုင်းရင်းသား နိုင်ငံရေး အင်အားစု တွေ၊ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လှုပ်ရှားမှာ ပါဝင်ဖို့ တရားဝင် ကမ်းလှမ်း ဖိတ်ကြားတာမျိုး မရှိသေးတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အဓိက အတားဆီး၊ အခက်အ ခဲဖြစ်စေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် အဓိက ဦးတည်ချက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပူးပေါင်းဗဟိုကော်မတီက အခြေခံ ဥပဒေ ပြင် ဆင်ရေး ဟောပြောပွဲတွေ၊ လက်မှတ် ရေးထိုး လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်ရေးတွေ ကို အဓိက လုပ်ငန်းစဉ်အဖြစ် ဆောင် ရွက်မှာ ဖြစ်ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက်တွေရဲ့ ပူးပေါင်းလှုပ်ရှားမှုက ဖွဲ့စည်းပုံပြင်ရေးအတွက် လွှတ်တော်ပြင်ပမှာ အကြီးမားဆုံးသော လှုပ်ရှားတခု ဖြစ်လာမယ့်ပုံရှိပါတယ်။

မေလ ၅ ရက်နေ့မှာတော့ NLD နဲ့ ၈၈ အခြေခံဥပဒေပြင်ဆင်ရေး ဗဟိုပူးပေါင်းကော်မတီ ဖွဲ့စည်းကြောင်း NLD က ကြေညာထုတ်ပြန်လိုက်ပြီး NLD ဘက်က ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်တို့ ၆ ဦးပါဝင်သလို ၈၈ မျိုးဆက်ဘက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနဲ့ ဦးပြုံးချိုတို့ ပါဝင်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကတော့ အခြေခံ ဥပဒေပြင်ဆင်ရေး ဗဟိုပူးပေါင်းကော်မတီ အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွေ စတင်လုပ်တော့မယ်လို့ ဆိုပါ တယ်။

“ရန်ကုန်နဲ့မန္တလေးမှာ လူထုဟောပြောပွဲတွေ လုပ်ဖို့ ပြင်ဆင်နေ တယ်။ ဟောပြောပွဲတွေနဲ့ တဆက် တည်း နောက်ဆက်တွဲ အများပြည်သူ ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသော နည်းလမ်းတွေကို လုပ်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ခြေမပြတ်စေဘဲ အများပြည်သူ ပူးပေါင်း ပါဝင်နိုင်တဲ့အထိ နည်းလမ်းတွေကို သုံးသွားမယ်” လို့ သူက ဆိုပါတယ်။

NLD နဲ့ ၈၈ ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီအနေနဲ့ စည်းရုံးရေးနည်းလမ်းနဲ့ တပ်မတော်၊ ပြည်သူနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို နားလည်အောင် ရှင်းလင်းပြပြီး ဖွဲ့စည်းပုံပြင်ဖို့ ရည်ရွယ်ချက် ထားတယ်လို့ ဆိုပေမယ့် တိုင်းရင်းသားတွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာမျိုး အစီအစဉ် မရှိတဲ့အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး အင်အားစု အားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုကြီး တခု ဖြစ်လာဖို့ ခဲယဉ်းတဲ့အပြင် အောင်မြင်မှုရဖို့လည်း အတော် မလွယ်ကူပါဘူး။

အင်အားကြီးတဲ့ နိုင်ငံရေးအင်အားစုတွေဖြစ်လို့ပဲ တိုင်းရင်းသားတွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေကို အလေးထားစရာမလိုဘူးဆိုတဲ့ သဘောထားမျိုး NLD နဲ့ ၈၈ မှာ ရှိနေသလားဆိုပြီး နိုင်ငံရေး သမားတချို့က မေးခွန်းထုတ်ပါတယ်။

ဦးဂျင်မီကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းချင်တဲ့ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင် ရွက် သွားမယ်လို့ ပြောပေမယ့် တကူးတက ပူးပေါင်းကမ်းလှမ်းဖိတ်ကြားတာမျိုး လုပ်ပါ့မယ်ဆို တာ ပြောဆိုတာမျိုး မရှိပါဘူး။

“လွှတ်တော်ပြင်ပကနေ ပြည်သူနဲ့ ပူးပေါင်းလုပ်တာပါ။ ကျနော်တို့ အကျယ်ပြန့်ဆုံးဖြစ်အောင် ဆောင်ရွက် သွားမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပူးပေါင်းပါဝင်ချင်တဲ့ ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်သွားမှာပဲ။ ပြင်တာကတော့ လွှတ်တော်က အဓိက ပြင်ကြရမှာပဲ။ လွှတ်တော်မှာ ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့အသံ၊ ပြည်သူ့ဆန္ဒ ကို သယ်ဆောင်သွားနိုင်ဖို့ ကျနော်တို့ လုပ်တာ” လို့ ဦးဂျင်မီက ပြောပါတယ်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ(UNA) ခေါင်းဆောင် တဦးလည်းဖြစ်၊ ရခိုင် အမျိုးသား ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအေးသာအောင်ကတော့ NLDနဲ့ ၈၈ ဖွဲ့စည်း ပုံ ပြင်ရေး ကော်မတီက လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကမ်းလှမ်းလာရင် UNA အစည်း အဝေးခေါ် ညှိုနှိုင်းတာတွေ လုပ်ဆောင်ဖို့ ရှိပေမယ့် အခုအချိန်ထိ တရားဝင်ကမ်းလှမ်းတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“NLD နဲ့ ၈၈ ပူးပေါင်းကော်မတီက ကျနော်တို့ တိုင်းရင်းသားတွေကို ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းတာ မျိုး မရှိပါဘူး။ ကမ်းလှမ်းလာရင်တော့ UNA က ဆွေးနွေးမှာပေါ့။ အခြားအဖွဲ့အစည်းတွေအားလုံးကိုလည်း ပူးပေါင်း ဖို့ ဖိတ်သင့်တယ်။ လွှတ်တော်ပြင်ပ က လုပ်တာ ဖြစ်ပေမယ့် အဖွဲ့အစည်း အားလုံး ချိတ်ဆက်ပြီးလုပ်ရင်၊ တိုင်းရင်းသားတွေပါရင် ပိုပြီး ထိရောက်တဲ့ အင်အားစုကြီး၊ လွှတ်တော်ပြင်ပ တပ်ပေါင်းစုကြီးဖြစ်သွားမယ်။ ပိုပြီး ကောင်းမယ်။ လွှတ်တော်ပြင်ပမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ ၈၈ လို လူမှုအဖွဲ့အစည်း တွေ အားလုံးရှိနေတော့ ပူးပေါင်းချိတ်ဆက်မှုရှိရင် ပိုပြီးတော့ အင်အားလည်းရှိမယ်၊ ပိုပြီးတော့ အောင်မြင်ဖို့ အလားအလာ ပိုကောင်းတယ်” လို့ ဦးအေးသာအောင်က ပြောပါတယ်။

နိုင်ငံရေးသမားတချို့ကတော့ NLD နဲ့ ၈၈ အနေနဲ့ လွှတ်တော်ပြင်ပမှာ လှုပ်ရှားတာထက် လွှတ်တော်တွင်း လှုပ်ရှားမှုတွေ ပိုလုပ်သင့်တယ် လို့ ထောက်ပြကြပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ်တော်ကသာ ဆုံးဖြတ်မှာမို့ လွှတ်တော်တွင်း စည်းရုံးပြောဆိုမှုတွေလုပ်ဆောင်သင့်တဲ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး အဓိကကျတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကို အဓိက ဆွဲဆောင်သိမ်းသွင်းတာမျိုး လုပ်သင့်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက “NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကရော အင်အားကောင်းတဲ့အဖွဲ့အစည်းတွေဖြစ်တော့ ထိရောက်မှုရှိနိုင်တော့ ပါတယ်။ လွှတ်တော်ပြင်ပ ဆိုပေမယ့် ဘယ်ကိစ္စမဆို ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ ကောင်းပါတယ်။ လွှတ်တော်ပြင်ပ ဆိုတော့ လှုပ်ရှားမှုတခုအနေနဲ့ ကောင်းပါတယ်။ အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပြင်ဆင်ရမှာက လွှတ်တော်မှာ တာဝန်ရှိတယ်။ လွှတ်တော်မှာ ပြင်မှ အထမြောက်မှာဆိုတော့ လွှတ်တော်မှာလည်း လှုပ်ရှားမှုတွေရှိသင့်တယ်။ လွှတ်တော်ပြင်ပမှာ လုပ်သလို လွှတ်တော်တွင်းမှာ လှုပ်ရှားမှုတွေရှိဖို့ လိုနေပါတယ်” လို့ ဆိုပါတယ်။

NLD နဲ့ ၈၈ အခြေခံဥပဒေ ပြင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင် မှာဖြစ်ပေမယ့် လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်နိုင်ခဲ့လို့ရှိရင် ဘာဆက်လုပ်မယ် ဆိုတဲ့ တိကျတဲ့ မဟာ ဗျူဟာမရှိဘူးလို့ သိရပါတယ်။

ဆန္ဒပြတောင်းဆိုမှု လက်မှတ် ရေးထိုး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ အချိန် NLDနဲ့ ၈၈ အနေနဲ့ မဟာဗျူဟာမြောက်မူဝါဒ မရှိဘဲ သာမန် လှုပ်ရှားပုံစံနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမယ်ဆိုရင်တော့ လူရယ်စရာဖြစ်မယ်လို့ ဝေဖန်ထောက်ပြသူတွေလည်းရှိပါတယ်။

ဦးဂျင်မီက “အခြေခံဥပဒေ မပြင်နိုင်ဘူးဆိုရင် တိုင်းပြည် တိုးတက်စရာ အကြောင်းမရှိဘူး။ မပြင်ချင်ဘူး ဆိုတဲ့ ဘက်က အားကောင်းတယ်ဆိုရင် တိုင်းပြည်ကို မတိုးတက်စေချင်ဘူးဆိုတဲ့ အင်အားစုက ကြီးစိုးနေဦးမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလိုဆိုရင် တိုင်းပြည်က ပိုပြီးတော့ ရုန်းကန်ရမယ်၊ ဆင်းရဲရဦးမယ်။ ဒီအခြေအနေတွေကို ရောက်ခဲ့မယ်ဆိုရင် အဲဒါကို ကျော်လွှားမယ့် နည်းလမ်းတွေ ထပ်ရှာရမယ်။ ဒါပေမယ့် လက်ရှိမှာတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတဲ့ အမြင်နဲ့ပဲ ချည်းကပ်တယ်။ မပြင်ဆင်နိုင်တဲ့ အခြေအနေကြီးကို မစဉ်းစားချင်သေးဘူး။ အဲဒီလို အခြေအနေမျိုးလည်း မကြုံချင်ဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။

#The Irrawaddy (Burmese Version)
Read more...

ရှမ်းနှစ်ပါတီ ပူးပေါင်းရန် မူအားဖြင့် သဘောတူ

0 comments
နနှနနစ်ပါတီ ပူးပေါင်းရေးအတွက် တစ်နှစ်နီးပါး ညှိနှိုင်းခဲ့ရသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့သည် ပါတီနှစ်ခု ပူးပေါင်းရေး အတွက် မေ ၃ ရက်နေ့က သဘောတူလိုက်ပြီ ဖြစ်ကြောင်း SNDP အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။

မေလ ၃ နေ့က ရှမ်းတိုင်းရင်းသား နှစ်ပါတီ ခေါင်းဆောင်များ အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ ပါတီ ပူးပေါင်းရေးအတွက် မူအားဖြင့် သဘောတူညီခဲ့သော်လည်း ညှိနှိုင်းရန် အဆင့်များ ကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။
ပါတီနှစ်ခု အပြီးသတ် ပူးပေါင်းနိုင်ရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ကိုယ်စားလှယ် ငါးဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ် ငါးဦးတို့ ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဆက်လက် ဆွေးနွေးသွား မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မူအားဖြင့် ပဏာမ သဘောတူချက်အောက်မှာ အဆင့်တွေ ကျန်ရှိနေပါသေးတယ်။ ရှစ်ပြည်နယ်၊ ၁၄ ပြည်နယ်ကိစ္စ ပါတီ ဖျက်သိမ်းနိုင်ရေး စတဲ့ အသေးစိတ်က အချိန်ယူပြီး လုပ်ဆောင်ရဦးမှာပါ” ဟု ၎င်းကဆိုသည်။
ပါတီ မူဝါဒပိုင်းများအပြင် ယခုနှစ် အစောပိုင်းက မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် ပါတီညီလာခံတွင် တက်ရောက်သူ ပါတီဝင် အင်အား နှစ်ထောင်ကျော်က ပါတီများ ပူးပေါင်းမည် ဖြစ်သော်လည်း SNDP ပါတီကိုမူ မည်သည့် အကြာင်းနှင့်မှ ဖျက်သိမ်းမည် မဟုတ်ဟူသည့် ဆုံးဖြတ်ချက်ကို ပါတီ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကာ ပြန်လည် သုံးသပ်ရန် လိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။
“တနင်္လာနေ့မှာ လုပ်မယ့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ရှိမယ်။ အဓိကက ကြားဖြတ်နဲ့ ၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်းတွေ ဆန်းစစ်ဖို့ပါ” ဟု မေလ ၅ ရက်တွင် ပြုလုပ်မည့် SNDP ပါတီ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ဧပြီလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ SSPP/SSA ဌာနချုပ်၊ ဝမ်ဟိုင်း တွင် ပြုလုပ်သည့် SSPP/SSA ၏ နှစ် ၅၀ ရွှေရတု အခမ်းအနားသို့ တက်ရောက်သူ ရဟန်းတော်များ အပါအဝင် ပြည်တွင်း၊ ပြည်ပ ရှမ်းလူထုက ရှမ်းပြည်တပ်မတော် တစ်ဖွဲ့တည်း ဖြစ်စေရန်၊ ရှမ်းပါတီ တစ်ပါတီ တည်း ဖြစ်စေရန်၊ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်း ထားရှိရန်၊ ရှမ်းပြည် ဥပဒေ တစ်ခုတည်း ထားရှိရန် လက်မှတ်ရေထိုး တောင်းဆို ခဲ့ကြသည်။

#The Voice
Read more...

တောင်တန်းသာသနာပြု ဆရာတော် ကြေးရုပ်တုဖွင့်ပွဲ လူတစ်သိန်းကျော်တက်

0 comments
6.5.2014

ရှမ်းပြည်နယ် တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ၏ ကြေးရုပ်တု ဖွင့်ပွဲကို မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် တန့်ယန်းမြို့ လွယ်တိမ်ခမ်းကျောင်းတွင် ပြုလုပ်ရာ ပရိသတ် တစ်သိန်းခန့် တက်ရောက်ခဲ့ကြောင်း ယင်းဖွင့်ပွဲအရ သိရှိရသည်။
“ဒီကျောင်းကို ရောက်တဲ့အခါ ဆရာတော်ကို မဖူးတွေ့ရပေမယ့် ဆရာတော် ဟောကြားခဲ့တဲ့ တရားတော်တွေကို ဆင်ခြင်တဲ့အနေနဲ့ ရုပ်တုရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်လို့ပဲ ဖြစ်ဖြစ် ဆရာတော်ကို ဖူးတွေ့တာပဲ ဖြစ်ဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (တန့်ယန်း) က မိန့်ကြားသည်။

ယင်းကြေးရုပ်တုကို မန္တလေးမြို့တော်တွင် သွန်းလုပ်ခြင်း ဖြစ်ပြီး အမြင့် ၈ ပေခန့် ရှိကာ ရုပ်တု အပါအဝင် ကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ ရှိကြောင်း တောင်တန်းသာသနာပြု ဆရာတော်၏ မိသားစုဝင် ဒေါ်နန်း ကြည်ကြည် သိန်းက ဆိုသည်။ယင်းဆရာတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဖွားမြင်ပြီး ၁၉၈၀ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း ဝိပဿနာ အလုပ်ပေး တရားစခန်းများ ဖွင့်လှစ်၍ သာသနာပြုလျက် ရှိကြောင်း ယင်းဆရာတော် အတ္ထုပ္ပတ္တိအရ သိရှိရသည်။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒသည် ရှမ်းပြည်နယ် မူဆယ်မြို့ လွယ်တိမ်ခမ်းကျောင်းတွင် သီတင်းသုံးကာ တောင်တန်း သာသနာပြုလျက် ရှိသည်။ယင်းတောင်တန်းသာသနာပြု ဆရာတော် ၏ ကြေးရုပ်တု ဖွင့်ပွဲ၊ မဟာမြတ်မုနိကျောင်း ထီးတော်တင်ပွဲသို့ မြန်မာပြည် အရပ်ရပ်ရှိ မြို့ ၃၀ ကျော်က ရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

#The Voice
Read more...
Friday, May 2, 2014

တောင်ကြီးမြို့တွင် ပျက်ဆီးနေသော လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ စိုးရိမ်စရာ မရှိဟု မိုင်းကျွမ်းကျင်သူများ ပြောဆို

0 comments


2.5.2014

တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ပန်းကန့်ကော်စားသောက်ဆိုင်အနီးတွင် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများမှ အမှိုက်များ ရှင်းလင်းနေစဉ် ၂-၅-၂၀၁၄ ရက်နေ့ မနက်ပိုင်း တွင် ရေနုတ်မြောင်း အတွင်းမှ သံချေးတက်နေသော အန္တရာယ်မရှိသည့် လက်ပစ်တစ်လုံးအား တွေ့ရှိကာ သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သောကြောင့် စစ်ဘက်မိုင်းကျွမ်းကျင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရှင်းလင်းပြီး တောင်ကြီး-ဟိုပုံး အထွက် ၂ မိုင်အမှိုက်ချကွင်းအနီး တွင် ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ် ။

ပြည်သူများအနေဖြင့် အခုတွေ့တဲ့ ဒီလက်ပစ်ဗုံးအဟောင်းနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိသလို ထိတ်လန့်စရာလည်း မလိုပါဘူး လို့ တပ်မတော် မိုင်းကျွမ်းကျင်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

(တောင်ကြီးမီဒီယာ)
Read more...

လားရှိုး၌ ရေမြောင်းတူးစဉ် တရုတ်စက်လက်ကျည်များတွေ့ရှိ

0 comments

2.5.2014

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက်(၁၀)နယ်မြေ(၃) ၌နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း အရှေ့ ရေမြောင်းတူးဖော် ရာမှသေနတ် ကျည်ဆံများကို ဆွေးမြေ့နေသည့် ကျည်အိတ် ဆွေးမြေ့ သံသေတ္တာနှင့် အတူ မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀) အချိန်က တွေ့ရှိခဲ့ကြောင်း ဒေသခံ များထံမှတွေ့ရှိရသည်။

အဆိုပါ ကျည်များက်ု အမှတ်(၂၄၂)စစ်လက်နက်ပစ္စည်းတပ်ခွဲသို့ လွှဲပြောင်းအပ်နှံနိုင်ရေး စီစဉ်နေကြောင်း ကိုလည်း သိရှိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၁၀)အထက် နယ်မြေ(၃)၊သဇင်လမ်းအိမ်အမှတ် (၁၆)ဒေါ်ခမ်းညို၏နေအိမ်ရှေ့ အုတ်တံတိုင်းအနီး၌ ရေမြောင်းတူးရာ မှတွေ့ရှိခြင်းဖြစ်သည်။ တွေ့ရှိမှုနှင့် ပတ်သတ်၍ ဒေသ ခံရေမြောင်းတူးဖော်သူကယခုကဲ့သို့ဆိုသည်။

“ ရပ်ကွက်(၉)ယန်မြေ(၂)မှာနေပါတယ်၊ ကျွန်တော်ဒီမနက်ရှစ်နာရီမှာ စပြီးရေမြောင်း တူးပါတယ်၊ အနက်က တစ်ပေခွဲတူးပါတယ်၊ အရှည်ခြောက်ပေလောက်ရောက်တဲ့အချိန်မှာ ဒီသံသေတ္တာအစုတ်ကို ကျည်ဆံတွေနဲ့တွေ့ပါ တယ်၊ ဒါနဲ့နယ်မြေမှူးကို အကြောင်းကြားပြီး ရပ်ကွက်ရုံးကိုအကြောင်းကြား လိုက်တော့ တာဝန်ရှိတဲ့သူတွေ ရောက်လာပြီး ယူသွားကြတာပါ”ဟုရေမြောင်းတူးဖော်သူ ဦးဝင်းမြိုင် က ပြောသည်။

တွေ့ရှိသည်မှာ ကျည် ၇၇၆တောင့်၊ ပုံစံနှစ်မျိုးဟု ထင်ကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါနေရာသို့ တာဝန်ရှိဌာနဆိုင်ရာများ ရောက်ရှိစစ်ဆေးရာ၌ အမှတ်(၂၄၂)စစ်လက်နက် ပစ္စည်းတပ်ခွဲမှ အရာခံ ဗိုလ်မောင်မောင်ခင် ၏စစ်ဆေးချက်အရ အဆိုပါတွေ့ရှိသည့် ကျည်ဟောင်းများမှာ ၇.၆၂ x ၅၄ တရုတ်စက်လက်ကျည် များဖြစ်ပြီး ဆွေးမြေ့နေပြီဖြစ်သောကြောင့် ပြန် လည်အသုံးပြု၍ မရနိုင်တော့ ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု သိရှိရသည်။

#Shwe Myitmakha Media Group
Read more...

ထိုင်း၌အလုပ်ရမည်ဟု ပြော၍ မလေးရှားတွင် ပြည့်တန်ဆာ အဖြစ်ခိုင်းစေခဲ့သူ များကို အမှုဖွင့်

0 comments
2.5.2014

ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့နယ်မှ အသက်၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးကိုထိုင်းနိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည် စည်းရုံးပြီး ထိုင်းနိုင်ငံမှတစ် ဆင့် မလေးရှားနိုင် ငံသို့ ခေါ်ဆောင်ကာပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့သဖြင့် ခေါ်ဆောင်သူနှင့် ခိုင်းစေသူများကို ဧပြီ ၂၆ ရက်နေ့က ကျောက်မဲမြို့မ ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဧပြီ ၂ ရက်နေ့တွင် အမျိုးသမီးငယ်အား ကျောက်မဲမြို့၊ ၂ ရပ်ကွက်နေ ဒေါ်မြ ၀င်း၊ ၅၄ နှစ်(ဘ) ဦးသောင်းဖေ နှင့်ဒေါ်မြ၀င်း၏သမီး မအေးနောင့်(ခ) ထားထားဝင်းတို့မှ ထိုင်းနိုင်ငံရှိ စား သောက်ဆိုင်၌ အလုပ်ရမည်၊ တစ်လ လျှင်ငွေကျပ် (၄/၅)သိန်းခန့်ရမည်ဟု ပြောဆို စည်းရုံးကာ ကျောက်မဲမှ မန်္တလေးသို့ ကားဖြင့်ခေါ်ဆောင်သွား ပြီး မန်္တလေးမှတာချီလိတ်သို့ လေ ယာဉ်ဖြင့်တင်ပေးလိုက်ကြောင်း သိရ သည်။

တာချီလိတ်လေဆိပ်တွင် ထားထားဝင်း ချိန်းဆိုပြောထားသည့် အမည်မသိ အမျိုးသမီးတစ်ဦးမှ လာ ရောက်ကြိုဆိုပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံ၊ ဖူချီမြို့သို့ ဆက်လက်ခေါ်ဆောင်သွားပြီး မအေးတာလန်(ခ)အေးစန်္ဒာ (ယခင် ကျောက်မဲမြို့ တွင်နေထိုင်ခဲ့ဖူးသူ) ဖူချီ မြို့၊ မလေးရှားနိုင်ငံနေ သူမှ ပြည့်တန် ဆာအနှိပ်ခန်းများတွင် ၀င်ရောက် လုပ်ကိုင်စေခဲ့ပြီး ရရှိငွေအား မအေး တာလန်မှထိန်းသိမ်းကာ လစာအဖြစ် ပြန်ပေးမည် ဟု ပြောဆိုခဲ့ကြောင်းကို လည်းသိရသည်။

ပြည့်တန်ဆာအလုပ် မလုပ်လို၍နေရပ်သို့ ပြန်ပို့ခိုင်းရာ မအေးတာလန် ကခေါ်ဆောင်လာသည့် စရိတ်ငွေ ကျပ်(၃၅)သိန်းပေးမှသာ ပြန်ပို့ ပေးနိုင်မည်ဟု ပြောဆိုသဖြင့် ပြည့်တတန်ဆာအဖြစ်ခိုင်းစေခံရသည့် အမျိုးသမီးငယ်မှ ကျောက်မဲမြို့ရှိ ၄င်း ၏မိခင်ထံဖုန်း၊ အင်တာနက်များဖြင့် ဆက်သွယ်ပြောကြားချက် များကြောင့် မိခင်ဖြစ်သူက လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(လားရှိုး) နှင့်ဆက်သွယ်၍ ၄င်း၏သမီးကို ပြန် လည်ကယ်တင်ပေးနိုင်ရေးအကူ အညီ တောင်း ခံခဲ့ကြောင်းသိရှိရသည်။

တပ်ဖွဲ့စု(လားရှိုး)က အဆို ပါဖြစ်စဉ်အားစိစစ်ခဲ့ရာ လူကုန်ကူး မှုကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီးငယ်အား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုစည်းရုံး၍ မလေးရှား နိုင်ငံ၊ ဖူချီးမြို့ရှိ ပြည့်တန်ဆာ/အနှိပ် ခန်းသို့ပို့ဆောင်၍ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ကြသော ဒေါ်မြ၀င်း ၊ ကျောက်မဲမြို့၊ မအေးနောင့်(ခ)မထားထားဝင်း၊ကျောက် မဲမြို့နှင့် မအေးတာလန်(ခ) အေးစန်္ဒာ (ယခုမလေးရှားနေ)တို့အား အရေးယူ ပေးရန် တပ်ဖွဲ့စု(လားရှိုး)မှ တရား လိုပြုလုပ်တိုင်တန်းသဖြင့် ဧပြီ ၂၆ ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း မှ(ပ)၂၀/၂၀၁၄၊လူကုန်ပုဒ်မ ၂၈(က) ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်းခံရသူ အမျိုးသမီးငယ်အား ကယ်တင်ရရှိရေး မလေးရှားနိုင်ငံရှိမြန်မာသံရုံးနှင့် ဆက် သွယ်ဆောင်ရွက်လျက်ရှိပြီး မအေး တာလန်(ခ)အေးစန်္ဒာအားဖမ်းဆီးရမိ ရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စိတ် (တာချီလိတ်)တို့မှပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

The First Media Group
Read more...

“ TNLA ပြန်ကြားရေးတာဝန်ခံ ပြောကြားချက်များ မှန်ကန်မှု မရှိဟု တပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို ”

0 comments
2.5.2014

ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်း ခဲ့သည်မှာ သုံးနှစ်နီးပါး ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာသော်လည်း အဓိက အဟန့်အတားဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ကြိုးစားနေဆဲ ဖြစ် ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မလွဲမသွေ လုပ်ဆောင် ရမှာ ဖြစ်သလို အဲဒီအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့ လည်း လိုအပ်ပါတယ်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ် ကာလအတွင်းမှာ TNLAအနေဖြင့် တပ်မတော်မှ စတင် ကျူးကျော် တိုက်ခိုက်နေကြောင်း ၊ ပြည်သူလူထုအပေါ် ဆက်ကြေးများ ကောက်ခံနေကြောင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း နေကြောင်း၊ အပြစ်မဲ့ ဒေသခံ ပြည်သူများ၏ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားတိုင်း တပ်မတော် ဘက်မှ အကျအရှုံးများကြောင်း လုပ်ကြံသတင်း များ ရေးသားဖော်ပြပြီး တပ်မတော်ကဘဲ တိုင်းရင်းသာ လက်နက်ကိုင်များအပေါ် မတရားပြု လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲ လုပ်ကြံရေးသားပြီး ငြိမ်းချမ်းရေးကို တကယ် မလိုချင်သယောင် အများ အထင် အမြင်လွဲမှားစေရန် လုပ်ကြံ ၀ါဒဖြန့် ရေးသားဖော်ပြနေတယ်လို့ နေပြည်တော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ တပ်မတော် အရာရှိကြီးတစ်ဦးမှ ပြော ကြား သွားပါတယ်။

သို့သော် TNLA ပြန်ကြားရေး တာဝန်ခံအနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတဲ့ အထင်အမြင် လွဲမှားအောင် ရေးသားမှု၊ ပြောဆို မှုများ ပြုလုပ်လာတာကို စဉ်ဆက် မပြတ် တွေ့မြင် နေရပါတယ်။ TNLAရဲ့ ဒီလုပ်ရပ်ဟာ ထာဝရငြိမ်းချမ်းရေး ကို အဟန့်အတားတစ်ခု ဖြစ်စေပါတယ်။ TNLAအနေဖြင့် မိမိ ကိုယ်ကျိုး စီးပွား အတွက် နိုင် ငံတော်ရဲ့ ရှေ့ရေးကို လျစ်လျူရှုတဲ့ လုပ်ရပ်တွေကို လုပ်နေခြင်းသာ ဖြစ် ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီရမယ့် အစား အခုလို လုပ်ရပ်တွေ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေး ကို အမှန်တကယ် ရယူလိုစိတ် မရှိဘူးဆိုတာ တွေ့မြင် ရပါတယ်။

“တကယ်တော့ ကျနော်တို့ တပ်မတော်သားတွေအနေနဲ့ ကိုယ့်တိုင်းရင်းသား အချင်းချင်း စစ်တိုက်နေရတဲ့ ကိစ္စမျိုးကို မလိုလားပါဘူး။ ကျနော်တို့ တပ်တွေရောက်ခဲ့ဖူးတဲ့ ဒေသတွေ၊ ရွာတွေက ရွာသားတွေကို မေးကြည့်လို့ ရပါတယ်။ တပ်မတော်အနေနဲ့ ရောက်တဲ့နေရာမှာ ပြည်သူလူထုကို အကူအညီပေးခဲ့တာပဲ ရှိပါတယ်။ လက်တွေ့ဖြစ်နေတာနဲ့ ရေးသားနေ တာတွေဟာ ဆန့်ကျင် ဘက်တွေ ဖြစ်နေပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ပေး ထားတိုင်း ရေးချင်သလို ရေးနေကြတာပါ။ သတင်းမှန် တစ်ခုမှ မပါဘဲ လုပ်ကြံသတင်းတွေကို ရေးနေတာ ဟာ ပြည်သူလူထုနဲ့ တပ်မတော် ကို သွေးခွဲနေခြင်း သာဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် တစ်ဖက် တစ်လမ်းကနေ ပါဝင်ကူညီရမယ့်အစား အနှောက်အယှက်ပေး ရာ ရောက်နေပါတယ် ”လို့ ၄င်းအရာရှိမှ ဆက်လက်ပြောကြားသွားပါသည်။

ရဲထွန်း
Read more...

ကျိုင်းတုံတွင် တစ်ဦးချင်း ကုန်သွယ်မှုကတ် ထုတ်ပေးမည်ဟု စီးပွား/ကူးသန်း ဝန်ကြီးဆို

0 comments
2.5.2014

မြန်မာ-တရုတ် နယ်စပ်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ပြီးဖြစ်ရာ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များ ကုန်သွယ်မှု ပြု လုပ်နိုင်ရန် အတွက် တစ်ဦးချင်း ကုန်သွယ်မှုကတ် Individual Trading Card (ITC) များကို ထုတ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ဌာနဆိုင်ရာများ ကုန်သည် လုပ်ငန်း ရှင်ကြီးများ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယခင်က သွင်းကုန်/ထုတ်ကုန် လိုင်စင်များ လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများ ရှိခဲ့သဖြင့် လက်ရှိ အချိန်တွင် ဖြေလျော့မှု များ ပြုလုပ်ပေးခဲ့ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များပါ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် အတွက် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ကို ထုတ်ပေးခြင်း ဖြစ်ရာ ယင်း ITC ကတ် ရရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွင့်လှစ်သည့် ရက်တို သင်တန်းကို တက်ရောက် ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အစိုးရသစ်အဖွဲ့ လွှဲပြောင်း လက်ခံစဉ်က နယ်စပ်ကုန်သွယ်ရေးကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံပဲ ရရှိပါတယ်။ လက်ရှိမှာ ၂၄ ဒသမ ၅ ဘီလီယံအထိ ရရှိနေပြီ ဆိုတော့ ယခင်ထက် ၉ ဘီလီယံကျော် တိုးတက်လာပါတယ်။ ၂၀၁၃-၂၀၁၄ မှာ ၂၅ ဘီလီယံကျော် ခန့်မှန်းထားပေမယ့် ဖြစ်နိုင်ရင် ၃၅ ဘီလီယံအထိ နယ်စပ်ကုန်သွယ်ရေး နည်းကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဒါမှသာ နိုင်ငံတော် အတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပိုမိုသုံးစွဲနိုင်မှာပါ။ ကုန်သည်တွေ အနေနဲ့လည်း မှန်မှန်ကန်ကန် ကုန်သွယ်မှုပြုပြီး အခွန်ပေးဆောင် စေလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာတွေကို ကူညီပေးပါမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

လက်ရှိတွင် မန္တလေးမြို့၌ တရားဝင် ရောင်းချနေသည့် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူ သယ်ဆောင်ရာတွင် သစ်တောဦးစီးဌာနက ယင်းပရိဘောဂ ပစ္စည်းများကို သယ်ဆောင်ခွင့် မပြုကြောင်း အဆိုပါ အခမ်းအနား၌ ယင်းမြို့ခံ ကုန်သည်လုပ်ငန်းရှင် ဦးစိုင်းရွက်က ပြောကြားသည်။

တစ်ဦးချင်း ကုန်သွယ်မှု Individual Trading Card (ITC) ကတ် ထုတ်ပေးနိုင်ရန်အတွက် မေလ ၅ ရက်မှ ၉ ရက်အထိ ရက်တိုသင်တန်း ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် ITC ကတ်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့မှ မြို့နယ်များတွင် နေထိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီးသူများ သာ လျှောက်ထားနိုင်ပြီး မိုင်းဆတ်ခရိုင် အတွင်းရှိ မြို့နယ်များတွင် နေ ထိုင်သူများမှာမူ လျှောက်ထားခွင့် မရှိကြောင်း ယင်းမြို့ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေး စခန်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးသော နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနှင့် မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ထန်တလန်၊ တမူးနှင့် ရိဒ် နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြဝတီ၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေး စခန်းတို့ ဖြစ်သည်။

#The Voice Weekly
Read more...

စည်းလုံးရေးအတွက် ယုံကြည်မှုက အဓိက - သျှမ်းခေါင်းဆောင်များဆို

0 comments
2.5.2014

တဖွဲ့နှင့်တဖွဲ့ စည်းလုံးညီညွတ်ရေးတည်ဆောက်ရာတွင် ယုံကြည်မှုသည် အဓိကဖြစ်ကြောင်း သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU ၏ ၆ လပတ် အစည်းအဝေး၌ သျှမ်းခေါင်းဆောင်များက ပြောဆိုကြသည်။

သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့၊ လူမှုအသင်းအဖွဲ့များနှင့် ဖွဲ့စည်းထူထောင်ထား သည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ Committee for Shan State Unity (CSSU)၏ ၆ လ ပတ် အစည်းအဝေးကို မေလ ၁ ရက်နှင့် ၂ ရက်တို့တွင် ထိုင်း−မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ ၇၀ ကျော် တက်ရောက်ခဲ့သည်။

အစည်းအဝေး အဓိကရည်ရွယ်ချက်မှာ စည်းလုံးရေး၊ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေးအတွက်ဖြစ် သည်ဟုဆိုပါသည်။

သျှမ်းပြည်သူများ စစ်ဘေးစစ်ဒဏ်၊ ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်ရန် စည်းလုံးရေး အထူး  လိုအပ် နေသည်ဖြစ်ရာ CSSU သည် စည်းလုံးရေး အတွက်ဖြစ်ပြီး ပြည်သူများ ဆင်းရဲဒုက္ခတွင်းမှ လွတ် မြောက်ရန် လှေကား တထစ်ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု−ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆို၏။

“စည်းလုံးရေးအတွက် ယုံကြည်မှုက အဓိကကျတယ်။ ယုံကြည်မှု၊ နားလည်မှု၊ အသိအမှတ်ပြုမှုရှိရင် စည်းလုံးရေးဟာ အောင်မြင် မယ်။ ပြောသလိုလုပ်ပြီး ပြောသလိုစဉ်းစားတွေးခေါ်မယ်ဆိုရင် လိုချင် တဲ့ စည်းလုံးရေးကိုလည်း ရနိုင်တယ်။ ဝေဖန်ပြစ်တင်ပြောဆိုတာဟာ စည်းလုံးရေးကို ပြိုကွဲစေ တယ်။ စည်းလုံးမှုနဲ့ အလှမ်းဝေးစေတယ်။ စည်းလုံးရေးမှာ အမြင်မတူတာ ပြဿနာ မဟုတ်ဘူး။ အခြေခံမူ တူဖို့ဘဲ အရေးကြီးတယ်။”

စည်းလုံးရေးတည်ဆောက်ရာ၌ မည်သို့ စည်းလုံးကြမည်၊ မည်သည့် လုပ်ရပ်များသည် စည်းလုံးမှု မရှိနိုင်ဟု ထောက်ပြနိုင်ပါက ပြုပြင်ရန် လွယ်ကူမည်ဖြစ်ကြောင်း၊ တူညီသည့်အချက်မှစ၍ စည်း လုံးရေးကို တည်ဆောက်ယူရမှာဖြစ်ကြောင်း၊ မတူသည့်အချက်မှစပါက စည်းလုံးရေးကို မည်သည့် အခါမျှ တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း Pyidaungsu Institute မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်း က ပြောပါသည်။

“ဘယ်လိုဘဲ စိတ်တူကိုယ်တူလို့ဘဲပြောပြော ကိုယ်ကတူအောင် လုပ်နိုင်ပေမဲ့ စိတ်ကတူအောင် ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတဲ့ သဘာဝတရားကို နားလည်ထားပြီး တဖွဲ့နဲ့တဖွဲ့ ညှိနှိုင်းဆွေးနွေးရ မယ်။ ဒါမှ ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်။ စည်းလုံးဖို့ ယုံကြည်ချက်က အဓိက ဖြစ်တယ်။ ယုံကြည်ချက်က မတူနိုင်ပေမဲ့ နီးစပ်ပါစေ။ အချင်းချင်း ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ စည်းလုံးရေး အတွက် ညှိနှိုင်းမှာပါ။ စိတ်မပူပါနဲ့” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောပါ သည်။

CSSU ၏ ၆လပတ်အစည်းအဝေး၌ စည်းလုံးရေးအပြင် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးမည့် ကိစ္စ၊ အိမ်ထောင်စု စာရင်းကောက် ယူမှု၊ ပြည်တွင်း−ပြည်ပ နိုင်ငံရေးအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကို ၂၀၁၃ အောက်တိုဘာလ ၁၅ ရက်နေ့၌ SNLD၊ SNDP၊ RCSS/SSA ၊ SSPP/SSA နှင့် လူမှုအဖွဲ့ အစည်းများက ပူးပေါင်းပြီး ဖွဲ့စည်းထူထောင်ခဲ့သည်။

#Panglong(Burmese)
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here