Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Tuesday, December 17, 2013

သယံဇာတဖွံ့ဖြိုး၊ တိုင်းနိုင်ငံအကျိုး

0 comments
(မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်းတွင် သစ်လုံးတင်ရေယာဉ်များအား နိုဝင်ဘာလဆန်းက တွေ့ရစဉ်)

(ဆောင်းပါးရှင် - ရဲမြတ်နောင်)

မြန်မာနိုင်ငံရဲ့ ချို့ယွင်းပျက်ပြားလာတဲ့ သဘာဝဘေးအန္တရာယ်တွေ တည့်မတ်ထိန်းကျောင်းနိုင်ရေး ကြိုးစားတင်ပြမိပါတယ်။ "အုတ်တစ်ချပ် သဲတစ်ပွင့်" စိတ်ဓာတ်နဲ့ပါ။ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ရေ၊ မြေ၊ တော ၊ တောင်တွေ ပျက်စီးယိုယွင်းပြီး ဆက်နွှယ်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကြောင့် လူနဲ့သက်ရှိသက်မဲ့တွေ ထိခိုက်ဆုံးရှုံးခြင်းတွေပါ။ အသက်အိုးအိမ်စည်းစိမ်တွေ အပါအ၀င်ပေါ့၊ အကျိုးဆက်ဟာ ချက်ချင်းဖြစ်ပေါ် လာတာ မဟုတ်ပေမယ့် ဖြစ်လာရင် ထိန်းသိမ်းရခက်ပါတယ်။ မျိုးဆက်တစ်ဆက်မှ တစ်ဆက်ထိ ကြာနိုင် ပါတယ်။

ဒီနှစ်ဖြစ်ပေါ်လာခဲ့တဲ့ ရေကြီးရေလျှံမှုတွေ၊ ရေဘေးဒုက္ခသည်တွေ၊ စိုက်ပျိုးထွန်ယက် မရနိုင်တဲ့ တောင်သူ အခက်အခဲတွေ၊ ရှိသမျှ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ မိုးအခါက ရေလျှံခဲ့ပေ မယ့် နွေမရောက် မီ ရေခန်းသောင်ထွန်းနေကြတာတွေ စတဲ့ဆိုးကျိုးတွေပါ။ "တစ်ဆင့်တက်သော် တစ်တောင်ကျော်၊ တစ်မှောင်ငုံလျှိုး တစ်ချုံတိုး တစ်မိုးသောက်လျှင် တစ်နေ၀င် တစ်ခွင်မြိုင်ကြီး ဂနိုင်စီး" လို့ ရှေးစာဆို ရှင်များဖွဲ့ ဆိုလောက်တဲ့ စိမ့်ကြီးမြိုင်ကြီး၊ ဂနိုင်ကြီးတို့ ဒီနေ့ဒီခေတ်မှာ ကွယ်ပျောက်ခဲ့ရပါပြီ။ သက်မဲ့တောတောင် သာမက သက်ရှိ ကျား၊ သမင်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ဆင်တို့လည်း ခေါင်းဖြတ်ခံရ၊ အရေဆုတ်ခံရ၊ အသားကို စားလိုစား၊ ရောင်းလိုရောင်းနဲ့ ကြိုးဝိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ မမြင်မသိချင်ပေမယ့် ဖတ်မိရက်သားဖြစ်ရပါတယ်။ ကြည့်ကြပါဦး ... ထီး၊ စုံ ဆင်ကလေး ဓာတ်ပုံနဲ့၊ အသက် ၅၊ ၆ နှစ်လောက်ရှိမယ် ထင်ပါတယ်။

၂၃-၈-၂၀၁၃ နေ့ထုတ် Daily Eleven စာမျက်နှာ ၁၈ မှာပါ။ အစွယ်တိထားပါတယ်။ သတင်းက " မြန်မာနိုင်ငံမှ ခိုးသွင်းလာဖွယ်ရှိသော ဆင် ၁၄ ကောင်ကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ" တဲ့ သတင်းပါ။ ဆင်မှတ်ပုံတင်ထားတဲ့ နေရာကွဲလွဲမှုကစကာ သားရဲတိရစ္ဆာန်ဆိုင်ရာ အရာရှိ ၁၀၀ နီးပါး စစ်ဆေးရှာဖွေမှုများပြုလုပ်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းနှိမ်နင်းရေး အကြီးအကဲ ပြောကြားကြောင်း ဖတ်လိုက်ရပါတယ်။ ဒီသတင်းဖတ်လိုက်ပြီး ကိုယ့်တိုင်းပြည် သက်ရှိအရင်းအမြစ်တွေ ဆုံးရှုံးရသလို ခံစားမိတယ်။ ကိုယ့်နိုင်ငံရဲ့ သက်ရှိသက်မဲ့ သယံဇာတတွေ ပျက်စီးဆုံးရှုံးမှုဟာ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားရဲ့ စည်းစိမ် ရတနာတွေ ပျက်စီးဆုံးရှုံးခြင်းပါပဲ။ ကာကွယ်ထိန်းသိမ်းမှုကို လုံလောက်အောင် ဖန်တီးစီစဉ်ရ မှာက နိုင်ငံ့တာဝန်ပါ။ အုပ်ချုပ်သူအစိုးရနဲ့ ဒီနိုင်ငံသူ၊ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ သက်ရှိ ဆင်သတ္တ၀ါ ၁၄ ကောင် ဖြစ်ပေါ်ရှင်သန်ဖို့ အချိန်ကာလဟာ နှစ်လတာရှည် လိုအပ်မှာပါ။ လွန်ခဲ့သော၁၀၊ ၁၅ နှစ်လောက်က တောတောင်ရေမြေ စိုပြည်စိမ်းလန်းပြီး အစာရေစာ ၀ဖြိုးနေကြမှာပါ။ ခုချိန်မှာ တောပြောင်လာတော့ အစာရှားပါးလာပြီးလူတွေ လက်လှမ်းမီတဲ့ နေရာရောက်လာကြတယ်။ စားဝတ်နေရေး ခက်ခဲတဲ့လူတွေကလည်း သက်ရှိသက်မဲ့ ကာကွယ်ထားတဲ့ သစ်တောဥပဒေ ချိုးဖောက်ဖို့ လွယ်ကူပြီး၊ ဆင်များကို ၀င်ရောက်ဖမ်းဆီးကာ သူများနိုင်ငံရောက် သွားကြခြင်းပါပဲ ။တစ်ကောင် ချင်း၊ နှစ်ကောင်ချင်းကနေ တစ်အုပ်တစ်မဖြစ်သွားတာပဲ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ သက်ရှိအရင်းအမြစ်တွေ ဆုံးရှုံးခြင်းပါပဲ။ သက်ရှိအရင်းအမြစ် ဆင်တွေနဲ့ ထိတွေ့ရင်းနှီး လုပ်ကိုင်ခဲ့ ရသူအနေနဲ့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။ ကာကွယ်ပေးရပါမယ်။ သူတို့မှီခိုနေထိုင် ရာ တောတောင်ရေမြေတွေ ဖွံ့ဖြိုးလာအောင် စီစဉ်ဆောင်ရွက်ပေးရမှာပါ။ သက်ရှိသားရဲတိရစ္ဆာန်တွေနဲ့ သက်မဲ့တောတောင်တွေရဲ့ ရှင်သန်မှုဟာ အပြန်အလှန် အကျိုးပြုနေပါတယ်၊ ဒီနှစ်မျိုးစလုံးပြည့်စုံမှ သဘာဝပတ်ဝန်းကျင် ပီပြင်မှာပါ။ သဘာဝပတ်ဝန်းကျင် ပြည့်စုံပီပြင်မှ လူ့ပတ်ဝန်းကျင် သာယာမှာပါ။ ရေတွေကြီး၊ လယ်တွေမြုပ်၊ လမ်းတွေပျောက်၊ တံတားတွေကျိုး၊ ရွာတွေရေ စားနှင့် တွေ့ကြုံ ခဲ့ရပါပြီ။ မြစ်တွေချောင်းတွေမှာ သောင်တွေပေါ်၊ ရေကြောင်းတွေကျပ်၊ သွားလာရေး ခက်ခဲ၊ မြစ်ချောင်း အင်းအိုင် တိမ်ကောမှုတွေနဲ့ ရေရှားပါးမှုတွေ နွေကာလမရောက်မီ ဆက်တိုက်ဖြစ်ပေါ်နေ ပါပြီ။ တောတောင်တွေပျက်စီးခြင်းရဲ့ အကျိုးဆက်တွေပါ။

- တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၏
- သစ်ပင်စိုက်လျှင် ဒို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ။

သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ သီကုံးဖွဲ့ဆိုသတိပေးနေတဲ့ သတင်းစာပါ စာပိုဒ်ကလေးတွေပါ။ ဒီလိုကာရန်အလှနဲ့ စာသဘောအသိပေးခဲ့တာ နှစ်လတာရှည် ကြာခဲ့ပါပြီ။ အကျိုးသက်ရောက်မှုက ယခင်သစ်တောဖုံးလွှမ်းမှု ၆၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀ လျော့သွားသည်အထိ ပျက်စီးသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ မိုးတွင်းမြစ်ကြီး အသွယ်သွယ်ရေတွေကြီး၊ မြို့ရွာတွေရေလွှမ်းနဲ့ ရာခိုင်နှုန်း ၇၀ သော ကျေး လက်ပြည်သူတွေ ထောင်သောင်းမက"လိပ်ကျောပြာစု ခရုဆန်ကျွတ်" ခဲ့ကြရပါပြီ ။ နိုင်ငံတော်က ကူညီထောက်ပံ့ခဲ့ပေမယ့်"ဆင်သေကို ဆိတ်ရေနဲ့ဖုံး" သလို ဒုက္ခသည်အားလုံး ရေလွှမ်းမှုအခက်အခဲ လွန်မြောက်ချမ်းသာရောက်ပြီး မူရင်းဘ၀အခြေအနေပြန်ရဖို့ ခက်ပါလိမ့်မယ်။

ဒီဒုက္ခတွေဟာ ရေမြေတောတောင် သဘာ၀၀န်းကျင် ပျက်စီးမှုရလဒ်ဆိုးတွေ ပါ။ ရေမြေတောတောင် ပျက်စီးရင် သူတို့မှီခိုနေတဲ့ သက်ရှိသက်မဲ့တို့ရဲ့ စည်းစိမ်ဥစ္စာတွေ ထိခိုက်ပျက်စီးရမှာပါ။ ဒါကြောင့် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ ဒီလိုသဘာဝပျက်စီးမှု ပြဿနာတွေကို ကြိုတင်ကာကွယ်ပြီး ဖြစ်လာရင် အဖြေရှာစရာနည်းလမ်းတွေကို ရှာဖွေနေကြတာ TV၊ သတင်းစာတွေမှာ တွေ့မြင်ဖတ်ရှုရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အစိုးရဆပ်ကော်မတီ Delivery Unit များဖွဲ့စည်းပြီး၊ ဖွဲ့စည်းခဲ့တဲ့ ဆပ်ကော်မတီ ၂၇ခုမှာ နိုင်ငံခြားရေးရာကအစ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအထိ ဆက်သွယ်အကြံပြုနိုင်ကြောင်း ဖတ်လိုက်ရပေမယ့် သစ်တောကဏ္ဍကို စိတ်ဝင်စားမှု နည်းကြတယ်လို့ ယူဆပါတယ်။ သစ်တောနဲ့သယံဇာတတွေ ရှင်သန်တိုးတက်စေလိုသော စိတ်စေတနာနဲ့ တင်ပြရခြင်းပါ။ စနစ်ကောင်းတစ်ခု ထိန်းသိမ်းဆောင်ရွက်သင့်ပါတယ်။

သစ်တောများ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးကိစ္စကိုလည်း အလေးထားအရေးယူ ဆောင်ရွက်သင့်ပါတယ်။ "ဖြစ်မြောက်အောင်" ဦးစားပေးဆောင်ရွက်ရမှာပါ။ ယခင်နှစ်ပေါင်း ၅၀ ခန့်က နှစ်စဉ်စိုက်ခဲ့တဲ့ သစ်ပင်တွေ ဖြစ်ထွန်းအောင်မြင်မှု နည်းလွန်းလို့ပါ။ ဖြစ်ထွန်းခဲ့ရင် ဒီနှစ်မိုးတွင်းမှာ တွေ့ကြုံခဲ့ ရတဲ့ ရေကြီး မှုတွေဖြစ်လာမှာ မဟုတ်ပါဘူး။ ယခုလာမည့်နွေမှာလည်း ပူပြင်းမှုဒဏ်နဲ့ ရေရှားပါးမှုကို တွေ့ကြုံနိုင် တယ်လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် မန္တလေး၊ မကွေး၊ နိုင်ငံအလယ်ပိုင်း တိုင်း၊ မြို့နယ်များမှာ ပူပြင်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ရောဂါများ ကာကွယ်မှုလုပ်ငန်း၊ ရေအရင်းအမြစ် ရှာဖွေဖြည့်ဆည်းမှုလုပ်ငန်း များ ပုံမှန်ထက် ပိုမိုလုပ်ဆောင်ထားသင့်တယ်လို့ ခန့်မှန်းရပါတယ်။

ရန်ကုန်မြို့မှာတောင် ရေအရင်းအမြစ်ဟာယခင်ကလို ရေစုပ်စက်နဲ့ ရေတင်တိုင်း ရေမရတော့ပါဘူး။ ရေလာချိန်ကိုလေ့လာပြီး ရေတင်နေရပါပြီ၊ ရေစုပ်စက်ကြောင့် မဟုတ်ပါဘူး။ ရေနည်းလာတဲ့ သဘောလို့ သုံးသပ်ရပါတယ်။ ပတ်ဝန်းကျင်စည်ပင် ပန်းခြံ လေ့လာ ကြည့်တော့လည်း အလားတူဖြစ်နေတာ တွေ့ရပါတယ်။ တစ်တိုက်တည်းနေသူတွေအားလုံး အတူ ခံစားနေကြရတာပါ။ ရေအရင်းအမြစ် စုဆောင်းသိုလှောင်ဖြန့်ဖြူးတဲ့ ကန်တွေရေ၀င် နည်းနေသလား လို့ တွေးမိပါတယ်။ သဘာဝအရင်းအမြစ်တွေ လျော့နည်းဆုံးရှုံးမှုကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေသလားလို့လည်း ခံစားမိပါတယ် ။၂၀၁၄ ခုနှစ်အတွက် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ဟာ အောက်ဆုံး အဆင့်နေရာအနီး ရပ်တည်နေပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် မြန်မာနိုင်ငံက စီးပွားရေး အခြေခံ သယံဇာတတွေ ပေါလှိုင်ကြွယ်ဝသော်လည်း အဆင့် ၁၈၂ မှာစာရင်းဝင်နေပါတယ်။ ကမ္ဘာ့ဘဏ်က သုံးသပ်ထောက်ပြချက်ကို အလေးထားရပါမယ်။ ကိုယ့်နိုင်ငံရဲ့ ကုန်းနေသတ္တ၀ါ ဆင်ကအစ ရေနေသတ္တ၀ါ လင်းပိုင်အဆုံး အခြေပျက် သေဆုံးပျောက်ကွယ်နေရတဲ့ သဘာဝ သယံဇာတအရင်းအနှီးတွေ ကာကွယ်တိုးတက်အောင် စီမံကိန်းချ ဆောင်ရွက်ရင်း နိုင်ငံ့စီးပွားရေး လုပ်ငန်း တိုးတက်စည်ပင်စေရန် ဖော်ဆောင်လုပ်ကိုင်နိုင်ရေး ဆန္ဒပြုတင်ပြအပ်ပါတယ်။

Eleven Media Group

Read more...
Tuesday, December 3, 2013

NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ

0 comments
သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြိုကွဲသွားသလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးလေးကြီး လေးပွင့်ဆိုင် ဒိုင်ယာလော့တောင်းဆိုမှုသည် သူရသူရဦးရွှေမန်း- ဒေါ်စု မဟာမိတ် အတွဲ ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရသူရဦးရွှေမန်းသည် စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ၂၀၀၇-၂၀၀၈-၂၀၀၉ နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဆိုပါသည်။ ၂၀၀၇ တွင် ရွှေဝါရောင် တော်လှန်ရေးနှင့် ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့ သည်။ မကြာသေးခင်ကပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက သူရဦးရွှေမန်းကို သက်သေထား၍ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်ကို ရှင်းလင်းခဲ့ပါသည်။ 

အမျိုးသားလွှတ်တော်နာယက ဦးခင်အောင်မြင့်သည် အတိုက်အခံနိုင်ငံရေးသမားများနှင့်ပတ်သက် လာလျှင် အမြင်စူးရှ သူဖြစ်ကြောင်း၊ အတိုက်အခံနိုင်ငံရေးသမားများအပေါ် သူရဦးရွှေမန်းဦးစီး၍ ဆုံးဖြတ် သော နိုင်လုံ ဟု ခေါ်သည့်အစည်းအဝေး များတွင် ဦးခင်အောင်မြင့် အစဉ်အမြဲတက်ရောက် ပါဝင်ခဲ့ကြောင်း လည်း ဦးရဲထွဋ်က ပြောပြသည်။ ဤသည်တို့ကို ဆက်စပ်လိုက်လျှင် ထွက်ပေါ်လာသော ပုံရိပ်သည် သတိထားဖွယ်ရာကောင်းသော လွှတ်တော်ဥက္ကဌ(၂)ဦးစလုံး၏ အရိပ်များ ဖြစ်နေပါသည်။ ပထမအချက် အနေဖြင့် ဤသည်တို့ကို သိရှိသွား၍ မဟာမိတ် ၀င်ရိုးတန်း ပြိုကွဲသွားခြင်းလော စဉ်းစားစရာ ဖြစ်နေ ပါသည်။

ဒုတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ သူရဦးရွှေမန်းသည် စစ်အစိုးရ၏ နံပတ်(၃)ခေါင်း ဆောင်၊ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိခေါင်းဆောင် ဖြစ်သောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အရေးကြီး သော လွှတ်တော်တွင်း ချိန်ခွင်လျှာကို ထိန်းထားနိုင်သူ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစု ကြည်က သူရဦးရွှေမန်း၏ အားကိုယူ၍ ပြင်ဆင်နိုင်ရေး ကြိုးပမ်းခဲ့ဖွယ် ရှိသည်ဟု ကောက်ချက်ချနိုင် ပါသည်။ ယခုအချိန်တွင် သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်လိုသည့် အလားအလာကို ရိပ်စားမိ၍ သမ္မတ၊ တပ်ချုပ်တို့ နှင့် တိုက်ရိုက်တွေ့ဆုံရန် တောင်းဆို လိုက်ခြင်း ဖြစ်နိုင် ပါသလား ။ သေချာသည့်အချက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းအား အားကိုး၍ မရနိုင်တော့ ဟု ဒေါ်အောင်ဆန်း စုကြည် ယုံကြည်လာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်နိုင်ပါသည်။

တတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ လွှတ်တော်အတွင်း လေ့လာသုံးသပ်ရေး ၁၀၈ ဦး ကော်မတီ၏ အရိပ်အကဲကို ဒေါ်အောင်ဆန်းစုကြည် ရိပ်စားမိခြင်း ဖြစ်နိုင်ပါသည်။ ၁၀၈ ဦးကော်မတီက တင်ပြလာသောအချက်များတွင် ၅၉(စ) မပါနိုင်၊ သူရဦးရွှေမန်းကလည်း လွှတ်တော်ဆောင်ရွက်မှု စနစ် အရ ကော်မတီ၏တင်ပြချက်ကို ထောက်ခံမည်၊ လွှတ်တော်တွင်း မဲခွဲလျှင် NLD ရှုံးမည်၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့။ သူရဦးရွှေမန်း တစ်ဦးတည်းအနေဖြင့် ၅၉(စ)ကို ပြင်ဆင် ပေးလိုပါသော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်က ဤသို့ ဖြစ်နေသည် ကို တတ်နိုင်မည်မဟုတ်။ ယခု အတိုင်း အဖြေထွက်လာမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိ လာခြင်းကြောင့် ဖြစ်နိုင်ပါသည်။ 

စတုတ္ထအချက်ကို ဆက်လက်တင်ပြလိုပါသည်။ သမ္မတ ဖြစ်လိုသော သူရဦးရွှေမန်းဘက်ကကြည့်လျှင် ဒေါ်အောင်ဆန်း စုကြည် သည် ယှဉ်ပြိုင်စရာ မဟုတ်သော ပြိုင်ဘက်ကြီး ဖြစ်နေသည်။ သူရဦးရွှေမန်း သမ္မတဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စင်ပေါ်တက်မလာစေရန်သာ ကြိုးပမ်းရမည့် အနေ အထားမျိုး ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စနစ်တကျ တားနိုင် ဆီးနိုင်သည်မှာ ၅၉(စ)သာ ဖြစ်သည့်အတွက် မိမိကိုအလဲထိုးမည့် ထောက်လက်သီးကို သိသိကြီး ရင်ဆိုင်တိုးပါမည်လော။ စစ်တိုက် နေကြသော စစ်ခေါင်းဆောင်များ၏ ဓလေ့စရိုက်မှာ ရည်မှန်းချက်ကို ဦးစွာသတ်မှတ်ပြီးမှ ပန်းတိုင် ရောက် ရှိရေး ဖော်ဆောင်တတ်ကြခြင်း ဖြစ်ပါသည်။ သူရဦးရွှေမန်း၏ ရည်မှန်းချက်မှာ သမ္မတ ဖြစ်ရေး ဟု အတိအလင်း သတ်မှတ် ထားပြီး ဖြစ်ရာ ယင်းပန်းတိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းမည်သာ ဖြစ်ကြောင်း သတိပြုသင့်ပါသည်။ စစ်အောင်နိုင်ရေး အတွက် တရားမျှတမှုတို့ ရှိမည် မဟုတ် ဟူသော စကားပုံကိုလည်း သတိ ရဖွယ်ရာပင်။ 

ပဉ္စမအချက်ကို ဆက်လက် တင်ပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းနှင့် ဆက်ဆံ ရေးမြှင့်တင်ကာ လိုလားချက်များကို ပုံဖော်ခဲ့ပါလိမ့်မည်။ ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ရသော ဒေါ်အောင်ဆန်း စုကြည် ၏ နိုင်ငံရေးကစားကွက် အလဟဿ ဖြစ်သွားပြီဟု သိရှိလာရခြင်းကြောင့် သမ္မတ ဦးသိန်းစိန်ဘက်ကို ဦးလှည့်လိုက်ခြင်းလော စဉ်းစားစရာ ဖြစ်နေပါသည်။ 

ဒေါ်စု ဘာမှားခဲ့သလဲ

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းကို အားကိုး၍မရနိုင်တော့၊ လွှတ်တော်ကို အားကိုး၍မရနိုင်တော့ ဟု ဆုံးချက်လိုက်ခြင်းကတော့ သေချာနေပါသည်။ ဤသို့ ဆိုလျှင် (၂)နှစ်ခန့်အချိန်ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးဆောင်ရွက်ခဲ့သော သူရဦးရွှေမန်း နှင့် မဟာမိတ်ဝင်ရိုးတန်း တည်ဆောက်ရေး ဗျူဟာကြောင့် မည်သည့်အကျိုးအမြတ်များ ထွက်လာခဲ့ပါသနည်း။ ဤသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ 

သူရဦးရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို အကျိုးရှိရှိ အသုံးချ၍ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒေါ်အောင် ဆန်းစုကြည်သည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပါသည်။ တစ်ဘက်သတ်ဆန်သော၊ အာဏာရှင် ဆန်လာသော လွှတ်တော်၏ အုံနှင့်ကျင်းနှင့် လုပ်ဆောင်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေ မန်း ဘက်က ရပ်တည်ပေးခဲ့ပါသည်။ အမြင်သာဆုံး ဥပမာ ပြရလျှင် သူရဦးရွှေမန်း၏ သားများ ၀င်ရောက် လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းအော်ပရေတာလိုင်စင် ချထားပေးရေးကိစ္စတွင် အရေးကြီးအဆို တင်သွင်း၍ ကြားဝင်ရန် ကြိုးပမ်းခဲ့ရာ၌ NLD ပါတီသည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပြီး NLD အမတ် ဦးဝင်းမြင့် (ပုသိမ်)က တက်ကြွစွာ တိုက်ပွဲဝင်ပေးခဲ့ပါသည်။ တရား ဥပဒေစိုးမိုးရေးကို ဦးဆောင် ရမည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ သည် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခဲ့ ရာတွင် သူရဦးရွှေမန်းဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါသည်။ 

မဟာမိတ်ဝင်ရိုးတန်း စိတ်ကူးဖြင့် လွှတ်တော်၏ လိုအပ်ချက်များ၊ မှားယွင်းမှုများကို တစ်စုံတစ်ရာ ထောက်ပြ ပြောကြားခြင်း မပြုခဲ့ဘဲ အစိုးရအား အတိုက်အခံပြုမှုများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော ဦးသိန်းစိန် အစိုးရအား အကောင်းမမြင်ကြရန်၊ ရင်းနှီးမြုပ်နှံမှုများ ၂၀၁၅ ရွေးကောက် ပွဲစောင့်ကြည့်ပြီးမှ ၀င်ရောက်ကြရန် နိုင်ငံ တကာကို ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပြီး အစိုးရနာမည်ပျက်စေရန် ကန်ပိန်း ချဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်သားများ နိုင်ငံရေးတွင် ၀င်ရောက်ပါဝင်ခြင်း မပြုသင့်ကြောင်း ကြိမ်ဖန်များစွာ ၀ါဒဖြန့်ချိခဲ့ပါ သည်။ 

အချိန်လွန် ဒိုင်ယာလော့


ယခုအချိန်တွင် ၀င်ရိုးတန်း အလုပ်မဖြစ်နိုင်တော့ ဟု သိရှိလာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်ခဲ့ပါသနည်း။ သူရဦးရွှေမန်းသည် လွှတ်တော်ကို ထိန်းထားသူ ဖြစ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး တွင် အခရာကျပါသည်။ ထို့ကြောင့် သူရဦးရွှေမန်းဖက်ကို ပုံအောရမည် ဟု တွေးတောခဲ့သော အတွေးအမြင်များ တက်တက်စင်အောင် လွဲချော်ခဲ့ပြီ ဟု ဆိုချင်ပါသည်။ တစ်ဖက်ဖက်ကို ရွေးချယ်မှု ပြုရာတွင် သူရဦးရွှေမန်း တစ်ဖက်တည်းကိုသာ ပုံအောလိုက်သော အလောင်းအစားကို မှားသည်ဟု မပြောလိုပါ။ သို့သော်လည်း ပါဝါကြီး(၂)ခုအကြား သမမျှတအောင် လိမ္မာပါးနပ်စွာ ကစားရန် လိုအပ် သည်ကို သိရှိခဲ့ပါလျက် တစ်ဖက်တည်းကို ပုံအောခဲ့ခြင်း၏ ရလဒ်သည် ယခုမြင်တွေ့နေရသည့်အတိုင်း အချည်းနှီး သာ ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တွေးခေါ်ယူဆမှု၊ ဆုံးဖြတ်ချက်ချမှတ်မှု တို့သည် နိုင်ငံနှင့် ပြည်သူအတွက် အထူးပင် အရေးကြီးပါသည်။ အများကလည်း အားကိုးတကြီး ယုံကြည် မှုကြီးစွာဖြင့် မျှော်လင့်နေခဲ့ကြပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူများ ၏ မျှော်လင့်ချက်များကို ကြေမွစေခဲ့သော ခြေလှမ်းမှားများ လှမ်းခဲ့ပြီး ဖြစ် ပါသည်။

ဦးသိန်းစိန်နှင့်ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ပါ နီးကပ်မလာဘဲ ပို၍ပို၍ ဝေးကွာခဲ့ရခြင်း၏ တရားခံ သည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာလျှင် ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အကွက် မှားရွှေ့မှုများ ကို ပြန်လည်ဘွာခတ်၍ မရနိုင်ပါ။ စတေးလိုက်ရသည်မှာ ပြည်သူများ၏ မျှော်လင့် ချက်များအထိ ဖြစ်လာနိုင်ပါသည်။ ယခုကဲ့သို့ သူရဦးရွှေမန်းနှင့် လွှတ်တော်က အားကိုးအားထား ပြု၍ မရနိုင်သော အချိန်လွန်ကာမှ ဦးသိန်းစိန်ထံ စာရေးတောင်းဆိုခြင်းသည် သင့်လျော်ပါ၏လော ဟု မေးခွန်း ထုတ်လိုပါသည်။ ဒိုင်ယာလော့လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ရှေးဦးစွာ နားလည်မှု တည်ဆောက်ခြင်း ရှိပါ သည်။ ဒုတိယအဆင့်အနေဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းသို့ ကူးပြောင်းရပါသည်။ ယင်းနောက် တတိယအဆင့်တွင်မှ စေ့စပ်ညှိနှိုင်းခြင်း အမှုကို ပြုရပါသည်။ ဤအချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသား ထားသည့် “ဟင့်အင်းကို ကျော်ဖြတ်ခြင်း” စာအုပ်တွင် ပါရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည် သည် နိုင်ငံရေးသီအိုရီများကို လက်တွေ့အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ 

သူရဦးရွှေမန်းဖက်ကို ပုံအောခဲ့သော အလောင်းအစားဖြင့် နားလည်မှုများ ပိုမိုလွဲမှားစေရန် ဆောင်ရွက် ခဲ့ပါသည်။ ယုံကြည်မှုများ ပြိုကွဲစေရန် ဆောင်ရွက်ခဲ့ပါသည်။ အနေဝေးကွာစေရန်လည်း ဝေဖန်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆက်ဆံရေးအခြေအနေ ဆိုးဆိုးရွားရွား ဖြစ်စေရန် အချိန်ယူ၍ တည် ဆောက်ခဲ့ပြီးမှ ဒိုင်ယာလော့ လုပ်လိုသော သဘောမှာ နားလည်ရခက်နေပါသည်။ သူရဦးရွှေမန်းဖက်သို့ အချီကြီး ပုံအောထားသူ တစ်ယောက်ကို သမ္မတနှင့် တပ်ချုပ်က မည်သို့ သဘောထားမည် ဟူသည်ကို လည်း အထူးတလည် စဉ်းစားနေစရာ မလိုပါ။ 

ဒေါ်အောင်ဆန်းစုကြည်သာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာအလယ်တွင် အမှတ်လျော့အောင် မလုပ်ခဲ့ဘဲ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ပေးခဲ့ပါက ယခုထက်ပိုမိုသာလွန်သော စီးပွားရေးအခြေအနေတစ် ရပ်ရပ်ကို ရရှိချင် ရရှိနေပါလိမ့်မည်။ တပ်မတော်နှင့် ပိုမိုဝေးကွာစေမည့် တွန်းအားကို မသုံးခဲ့ဘဲ ဆွဲအားကို သုံးခဲ့ပါလျှင် ယခုထက်ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ရရှိချင် ရရှိနေပါလိမ့်မည်။ နားလည်ရခက်နေ သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်း ဘက်ကို ပုံအော နိုင်ခဲ့သလိုမျိုး မည်သည့်အတွက်ကြောင့် သမ္မတနှင့် တပ်မတော်ကို စည်းရုံးရမည် ဟု မတွေးတော နိုင် ခဲ့ပါသနည်း။ ပါဝါကြီးများအကြား ကစားနိုင်လျှင် ကစားနိုင်သလောက် အကျိုးအမြတ်ထွက်နိုင်သည့် ကြားခံပါဝါကြီး တစ်ရပ် ဟူသော ပါဝါနိုင်ငံရေးကို မည်သည့်အတွက်ကြောင့် အရှုံးထွက်အောင် ကစားခဲ့ ပါသနည်း ဟူ၍ ဖြစ်ပါသည်။ ပြည်သူကို ဦးဆောင်နေသော ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေး အတွက်အချက် မှား၍ မရပါ။ မှားခဲ့သော နိုင်ငံရေး ကစားကွက်ကို ပြန်ပြင်၍ မရနိုင်ပါ။ 

ယခုအချိန်တွင် မည်သူ ရှုံး၍ မည်သူနိုင်သနည်း တွက်ချက်ကြည့်နိုင်ပြီ ဖြစ်ပါသည်။ သမ္မတလည်း မရှုံးပါ၊ တပ်မတော်လည်း မရှုံးပါ။ သူရဦးရွှေမန်းလည်း မရှုံးပါ။ တစ်ကယ်တမ်း အရှုံးပြခဲ့သည်မှာ (၂)နှစ်နီးပါး အချိန်များ ရင်း၍ မည်သည့်အကျိုးအမြတ်မျှ မထွက်အောင် ဟိုလိုလိုဒီလိုလို လုပ်ခဲ့သော NLD ပါတီသာ လျှင် ဖြစ်နေပါသည်။ ဒေါ်စုနှင့် NLD ၏ ရည်မှန်းချက် ပြည့်ဝရန် မည်သည့်ပါဝါကို မည်သို့ကစားသင့်သည် ဟူသော အနိမ့်ဆုံးရွေးချယ်မှုကိုပင် မှန်ကန်အောင် မလုပ်နိုင်ခဲ့သည်ကို ယခုနောက်ဆုံး လေးပွင့်ဆိုင် တောင်းဆိုချက်က သက်သေပြနေပါသည်။ ဤသို့ မှားယွင်းသော ပါဝါနိုင်ငံရေး ကို ဒေါ်အောင်ဆန်း စုကြည် ရွေးချယ်ကစားလာခဲ့စေရန် ၀ိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော NLD ပါတီခေါင်းဆောင်များ၊ အကြံ ပေးများ၊ လွှတ်တော်တွင်းရှိ ဦးဝင်းမြင့်(ပုသိမ်)ဦးဆောင်သော NLD အမတ်များ အားလုံးတွင် တာဝန် ရှိသည် ဟုသာ လက်ညိုးတည့်တည့် ထိုးလိုပါသည်။ နိုင်ငံရေးဆုံးရှုံးမှုနှင့် နိုင်ငံရေးကစားကွက် အမှား အတွက် ဒီထက်မက ထိုးသင့်သည် ဟုသာ ထင်မြင်မိပါတော့သည်။ 

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၈) မှ ကူးယူဖော်ပြသည်
Read more...
Wednesday, November 27, 2013

အရက်ကဝင် ဆေးလိပ်ပြင်၊ မြန်မာဇာတ်ရှုပ် ရင်းနှီးမြှုပ်

0 comments
ရန်ကုန်မြို့၏ လက်ဖက်ရည်ဆိုင်များအတွင်း ဝင်လိုက်သည်နှင့် မီးခိုးတွေက ကြိုဆိုနှုတ်ဆက်ခြင်း ခံရမည် ဖြစ်သည်။ ဒေသအခေါ် ‘ဆေးလိပ်’ များတွင် မီးတောက်တွေ တဖွားဖွားနှင့် မီးခိုးငွေ့ များသည် မြန်မာတို့၏ အလေ့အထ စရိုက်များ ဖြစ်တော့သည်။

မြန်မာနိုင်ငံ အဓိက မြို့ကြီးများတွင် ဆေးလိပ် ရောင်းဆိုင်တွေ မှိုလိုပေါက်အောင် ရှိနေသည်။ မီးပွိုင့် လမ်းဆုံများတွင်ပင် ကားရပ် လိုက်သည်နှင့် ဆေးလိပ် ရောင်းသူတွေ ရောက်လာတတ်သည်။ သူတို့ အများဆုံး ရောင်းချနေကြသည်က တရုတ်ပြည်ထုတ် မှောင်ခို တင်သွင်းလာသော အပေါစား စီးကရက်များ ဖြစ်သည်။ မြန်မာနိုင်ငံ လမ်းမကြီးများပေါ်တွင် (အထူးသဖြင့် မီးပွိုင့် လမ်းဆုံ နေရာ များတွင်) ကွမ်းစားပြီး ထွေးထုတ်ထားသော ကွမ်းတံတွေးတွေကလည်း ရဲရဲနီနေတတ်သည်။

ဆင်းရဲသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဆေးရွက်ကြီးသည် ပြဿနာတစ်ရပ် ဖြစ်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုင်ရာ သတ်မှတ် ပြဋ္ဌာန်းထားသည့် ဥပဒေများ၏ အားနည်းချက် ကြောင့်လည်း ဖြစ်နိုင်သည်။ စစ်တပ်သည် မြန်မာနိုင်ငံကို ရာစုထက်ဝက်ခန့် အုပ်စိုး ပြီးသည့် နောက်ပိုင်း တံခါးဖွင့်ပေးလိုက်သည်။ တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးလိုက်သည်နှင့် ရင်ဆိုင်လိုက် ရသည့် ပြဿနာမှာ ဆေးလိပ် ကုမ္ပဏီကြီးများ အပြိုင်အဆိုင် လက်ဦးမှုယူပြီး မြန်မာ့ဈေးကွက် အတွင်းသို့ ဝင်ရောက် လာကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အထီးတည်း နေထိုင်ခဲ့ချိန်တွင် လူငယ်တွေက အနောက်တိုင်း စတိုင်ကို အထင်ကြီး အတုခိုးခဲ့ ကြသည်။ “ရုပ်ရှင်တွေ ထဲကအတိုင်း လိုက်လုပ်ကြည့်တာ” ဟု အသက် ၄၂ နှစ်အရွယ် ရှိနေပြီ ဖြစ်သော ကျော်ဇင်လင်း က ပြောပြသည်။ သူက အသက် ၁၂ နှစ်သားလောက် ကတည်း က ဆေးလိပ်သောက်နေခြင်း ဖြစ်သည်။ သူပထမဆုံး သောက်သည့် စီးကရက်မှာ မိဘများ ရောင်းချသည့် ကုန်စုံဆိုင်မှ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ် ဆန့်ကျင်ရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များကလည်း ဆေးလိပ်ကုမ္ပဏီ များကြောင့် အမျိုးသား ကျန်းမာရေးကို ထိခိုက်စေရုံ မျှမက ဆင်းရဲသားများ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေရခြင်း ဖြစ်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံနှင့် ဆေးလိပ်ပြဿနာ အဓိက အဖြေ ရှာမရသည်မှာ အကျိုးစီးပွားကို ဦးတည် ထားလွန်းသော အစိုးရကြောင့် ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးလိပ်သောက်သူများ ပပျောက်ရေးကို အဓိကထားပြီး လုပ်ဆောင်နေသည်။ ကုန်သွယ်ရေး ဝန်ကြီး ဌာနက နိုင်ငံခြား ကုမ္ပဏီကြီးများလာပြီး သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် မက်လုံးတွေ ပေးနေသည်ဟု အရှေ့တောင် အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့ ဒါရိုက်တာ ဘန်ဂွန်ရီသီဖာကဒီက ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်သည် ဆေးလိပ်ကို ပုံစံအမျိုးမျိုးနှင့် သောက်သုံးနေ ကြကြောင်း ဆေးလိပ် ဆန့်ကျင်ရေးအတွက် လှုပ်ရှားနေသူများက ပြောကြသည်။ အချို့ကလည်း ဆေးလိပ်နေရာတွင် ကွမ်းကို အစားထိုးပြီး အာသာဖြေမှုများ ရှိနေသည်။ အစီခံ စီးကရက် လိုမျိုးကတော့ မြို့ကြီးများ၌သာ ရနိုင်သည်။မြန်မာနိုင်ငံ လူဦးရေ ၄၅ ရာခိုင်နှုန်းခန့်သည် အသက် ၂၄ နှစ်အောက်များ ဖြစ်သည်။ ထိုပမာဏသည် စီးကရက် ကုမ္ပဏီကြီးများအတွက် အဓိက ပစ်မှတ် ဖြစ်တော့သည်။

အခွင့်အရေး တံခါးခေါက်သံများ 

မြန်မာနိုင်ငံတွင် စီးကရက် သောက်သုံးသူ ၉ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ အနောက်တိုင်းစတိုင် အစီခံ စီးကရက်များ ကို သောက်သုံး ကြကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထိုအချက်က နိုင်ငံခြားထုတ် စီးကရက် များ မြန်မာ့ ဈေးကွက်အတွင်း တင်သွင်းလျှင် ဆုံးရှုံးမှု များစေနိုင်သည့် အဓိက အကြောင်းတရား ဖြစ်နေသည်။

ရန်ကုန်ရှိ ပြည်သူ့ဆေးရုံ ကင်ဆာဌာနတွင် လူများ ပြည့်ကျပ်နေတတ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက် အရ မြန်မာနိုင်ငံတွင် ဆေးလိပ် သောက်သုံးသူ ငါးဦးတွင် တစ်ဦးသည် ယင်းနှင့် ဆက်နွှယ်သည့် ရောဂါ များကြောင့် သေ ဆုံးနေကြရသည်။နောက်လာမည့် လေးနှစ်အတွင်း စီးကရက် ရောင်းအားသည် မြန်မာနိုင်ငံတွင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း ဆေးရွက်ကြီး ထုတ်လုပ်မှု သုတေသနအဖွဲ့ Euromonitor မှ သုတေသီ ရှောင်မက်ဂူးလ်က ဆိုသည်။

တရုတ်ပြည်တွင် အကြီးဆုံး ဆေးလိပ် ထုတ်လုပ်သည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် (၅) ရှိသည့် Hongyun Honghe Group သည် ပြည်တွင်း လိုအပ်ချက်အရ တစ်နှစ်လျှင် စီးကရက်ပေါင်း သုံးဘီလီယံခန့် ထုတ်လုပ် ပေးနေ ရသည်။“အရည် အချင်းပြည့် ဈေးကွက် မန်နေဂျာများ၊ ထက်မြက် ထူးချွန်သည့် အရောင်းကိုယ်စားလှယ်များ၊ အရောင်းမြှင့်တင်ရေး အတွက် လုံလောက်သည့် ပရိုမိုးရှင်းပွဲများ၊ ဖြန့်ချိရေးအတွက် ကားများ” နှင့် အခိုင်အမာ လုပ်ဆောင်နေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်ကြောင်းကို ကုမ္ပဏီပိုင် Website တွင် ကြေညာပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။

ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးကရက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် British American Tobacco သည် နောက်လာမည့် ငါးနှစ်အတွင်း ဝန်ထမ်းပေါင်း ၄၀၀ နှင့် ဒေါ်လာသန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း ထုတ်ဖော် ပြောကြားထားသည်။ ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ Japan Tobacco International ကုမ္ပဏီကြီးကလည်း မည်သို့ ဝေဖန်ပြစ်တင်မှုများ ရှိသည်ဆိုစေ မိမိတို့ လုပ်ငန်းကို တိုးမြှင့် လုပ်ဆောင်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။

“ပြည်တွင်း စီးကရက် ကုမ္ပဏီတွေက မယှဉ်နိုင်ပါဘူး။ နိုင်ငံခြား ဆေးလိပ် ကုမ္ပဏီတွေက အစိုးရကို အာမခံချက်တွေ၊ မက်လုံးတွေ အမျိုးမျိုးပေးပြီး ဝင်လာကြတာ။ စက်ရုံတွေ ဆောက်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမယ် စတာတွေပေါ့” ဟု World Lung ဖောင်ဒေးရှင်းမှ အကြီးတန်း အကြံပေးတစ်ဦးဖြစ်သူ ဂျူးဒစ်မက်ကေးက ဆိုသည်။ သူက တီဘီရောဂါ အမြစ်ဖြတ် ချေမှုန်းရေးအတွက် လှုပ်ရှားနေသူလည်း ဖြစ်သည်။

အမိန့်နှင့် အာဏာတည်မှုများခေါင်းပါး 

မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြီးမှူးကျင်းပသည့် ဆေးလိပ် ထိန်းချုပ်ရေး ညီလာခံသို့ တက်ရောက်ပြီး သဘောတူညီချက် လက်မှတ် ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် ဥပဒေသာ ရှိပြီး အကောင်အထည် ဖော်မှုမှာ အားနည်းသေးကြောင်း တွေ့ရသည်။ WHO ကမည်သို့ လမ်းညွှန်ချက်များ ချမှတ်ထားသည်ဆိုစေ အကောင်အထည် ဖော်မှုတွေ အားနည်းလှသည်။ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ် သောက်သုံးခြင်းကို တားမြစ်ထားသည်မှာ ၂၀၀၆ ခုနှစ် ကတည်းက ဖြစ်သည်။ သို့သော် ဥပဒေက မထိရောက်၊ သတ်မှတ်ထားသည့် ပြစ်ဒဏ်ကလည်း မဆိုစလောက် ဖြစ်နေသောကြောင့် ဥပဒေက မည်သို့ပင် ဆိုစေကာမူ မထီမဲ့မြင် ပြုသူတွေက ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်များ ထုတ်လုပ်နေသည့် ကုမ္ပဏီများ၏ ကြော်ငြာများကို ပိတ်ပင် ထားသော်လည်း ထိုကုမ္ပဏီများသည် လူမှုရေး လုပ်ငန်းများတွင် ကူညီရခြင်း၊ ပညာရေး ထောက်ပံ့ငွေများ ပေးရခြင်း၊ မိဘမဲ့ ကျောင်းများသို့ လှူဒါန်းရခြင်းများ ရှိနေသည်။ ဆေးလိပ် ကုမ္ပဏီများသည် လူငယ်များကို ရည်ရွယ် မထုတ်လုပ်ရဟု ဆိုထားသော်လည်း တေးဂီတ ဖျော်ဖြေပွဲများ၊ နှစ်စဉ် ကျင်းပနေသည့် ရေသဘင်ပွဲများကို စပွန်ဆာပေး ထောက်ပံ့နေရုံမက ထိုပွဲများတွင် လူငယ်များကို စီးကရက်များ အခမဲ့ ပေးဝေခြင်းများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြား စီးကရက် တံဆိပ်များ ဖြစ်ကြသည့် Camel နှင့် Benson & Hedges တို့ကို ပြည်တွင်းသို့ တင်သွင်းမှုအား ထိန်းချုပ် ထားသော်လည်း ပြည်တွင်းထုတ် စီးကရက်များထက် သုံးဆပိုပြီး ရောင်းချနေကြရသည်။
“ပြည်တွင်းမှာ စက်ရုံကို ဖွင့်ပေးလိုက်ရင် ဈေးပေါပေါနဲ့ ရောင်းနိုင်မှာပေါ့” ဟု နိုင်ငံတကာ တီဘီနှင့် အဆုပ်ရောဂါ ဆန့်ကျင်ရေးအဖွဲ့မှ ရာဇာညွန့်က ပြောကြားသည်။
“အဓိက ပြဿနာက အကျင့်ပျက် ခြစားမှုတွေ အစိုးရအဖွဲ့ထဲမှာ ရှိနေတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး ဆိုတာကို သူတို့နဲ့ မဆိုင်သလို လုပ်ထားကြတာ။ မြန်မာနိုင်ငံမှာ ပထမဆုံး အရက်ကုမ္ပဏီတွေ လာဖွင့်ကြတယ်။ ခုဆိုရင် ဆေးလိပ် ကုမ္ပဏီတွေ ရောက်လာကြပြီ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်မှုများ

၂၀၁၂ နှစ်လယ်ပိုင်းတွင် မြန်မာ့ရင်းနှီးမြှုပ်မှု ကော်မရှင်သည် နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ပြီးနောက် ‘ပြည်သူများအတွက် သောက်သုံးရန်မသင့်’ ဟူ၍ အနှစ်နှစ်အလလက ပိတ်ပင်ထားခဲ့သည့် အရက်စက်ရုံများ ထူထောင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံ လုပ်ပိုင်ခွင့်များကို ခွင့်ပြုပေးခဲ့သည်။

မြန်မာ့နိုင်ငံရေးကို ချုပ်ကိုင်ထားသည့် စစ်ခေါင်းဆောင်များနှင့် ဆက်နွှယ်နေသော သူများနှင့် ပူးပေါင်း ပြီး ဖက်စပ်လုပ်ငန်းများ အသွင်ဖြင့် အရက်ချက် လုပ်ငန်းများကို လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံအတွင်း ဆေးလိပ် သောက်သုံးခြင်းကို တင်းကျပ်သည့် ထိန်းချုပ်မှုများ စတင်လုပ်ဆောင် လာခဲ့သည်။ ဒေသဆိုင်ရာ ဆေးလိပ် ဆန့်ကျင်ရေး အဖွဲ့များနှင့် ကျန်းမာရေး သတိပေးချက် အစီအစဉ်များ လုပ်ဆောင်ပြပြီး သဘောတူထားမှု များကို အကောင်အထည် ဖော်ပြနေကြသည်။ သို့သော် လက်တွေ့တွင် သူတို့မည်မျှ လုပ်ဆောင်သည်ဆိုစေ မည်သူကမျှ ဂရုမစိုက်ကြကြောင်း လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်သူများက ဆိုသည်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်သော ကိုကျော်ဦးသည် ပြည်တွင်းထုတ် ဆေးလိပ်လည်း သောက်သည်။ မြန်မာနိုင်ငံထုတ် Red Ruby စီးကရက်ကိုလည်း သောက်သည်။ သူ့ဘဝသက်တမ်း ထက်ဝက်လောက် ဆေးလိပ် သောက်ခဲ့သူလည်း ဖြစ်သည်။ သို့သော် သူယခု ဆေးလိပ် ဖြတ်လိုက်ပြီဟု ပြောသည်။ သူအသက်ရှူ မဝသောကြောင့် ယခုလို ဆေးလိပ် ဖြတ်လိုက်ရခြင်း ဖြစ် သည်။ 
“ဆေးလိပ် သောက်တာ မကောင်းဘူးလို့ ဘာကြောင့် ကျွန်တော့်ဆရာတွေ ပြောခဲ့တယ်ဆိုတာ ခုမှသိရတော့တယ်” ဟု သူကဆိုသည်။

နိုင်ငံခြား ဆေးလိပ် ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ထိုးဖောက် ဝင်ရောက်လာခြင်းမှာ ပြည်တွင်း ဈေးကွက် လိုအပ်ချက် တစ်ခု တည်းကြောင့် မဟုတ်ပေ။ သူတို့က မြန်မာနိုင်ငံတွင် သူတို့ကိုယ်ပိုင် စက်ရုံများ ကုမ္ပဏီများကို အခြေစိုက်ပြီး အာရှနိုင်ငံ များသို့ မြန်မာထုတ် ဆေးလိပ်များကို တစ်ဆင့် တင်ပို့ရန် ရည်ရွယ် ထားကြသည်။ မြန်မာနိုင်ငံရှိ လယ်ယာလုပ်ငန်းနှင့် ဘိုးဘွား ပိုင်မြေယာများ ပေါများမှုသည် စီးကရက် ထုတ်လုပ်မည့် လုပ်ငန်းရှင်ကြီးများအတွက် မျက်စိကျစရာလည်း ဖြစ် နေတော့သည်။

မြန်မာ ဆေးလိပ်သောက်သုံးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက် နေသူ မာ့ခ်ဖာမီနာက မြန်မာနိုင်ငံမှ British American Tobacco ကုမ္ပဏီကို ထွက်သွားစေရန် စည်းရုံ လှုံ့ဆော်နေသည်။ ထိုကုမ္ပဏီ ၏ နောက်ကွယ်တွင် ပူးပေါင်း ပါဝင်ထားသူတွေ ကလည်း ရာထူးအဆင့် နည်းနည်းနောနော သူတွေမဟုတ်။ ထိုစက်ရုံ ကို ဆောက်ရန်အတွက် လယ်သမားတွေကလည်း မိမိတို့ လယ်မြေများကို သိမ်းယူထားမှုနှင့် ပတ်သက်ပြီး ပြဿနာကြွေးတွေ အများကြီး ရှိလာနိုင်သေးသည်။

ဖာမီနာက ကမ္ဘာ့ဆေးလိပ် ကုမ္ပဏီကြီးတစ်ခုသည် လူမှုရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာ တွေကို တစ်လှေကြီး ရင်ဆိုင် ရလာဖွယ် ရှိကြောင်း သတိပေးထားသည်။ အထူးသဖြင့် မြေယာကို အဓမ္မ သိမ်းထားပြီး စက်ရုံဆောက်ခွင့် ပေးထားသည့် ကိစ္စနှင့် အလုပ်သမားများအပေါ် ဆက်ဆံရေး ညံ့ဖျင်းခြင်းများသည် အနာဂတ် ပြဿနာ ဖြစ်သည်ဟု သူကဆိုသည်။
“မြန်မာနိုင်ငံက ပြည်သူတွေဟာ အလုပ်တော့ လိုချင်လိုမယ်။ ကင်ဆာကိုတော့ လိုချင်မှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံ မှုဆို တာ ပြည်သူတွေ အတွက် အကျိုးရှိရင် ကောင်းတာပေါ့။ ပြည်သူတွေကို သတ်ဖို့ ဆိုရင်တော့ ဘယ်ကောင်းမလဲ” ဟု ဖာနီနာ ၏ ပြောစကားသည် စဉ်းစားစရာ ဖြစ်သည်။ 

(အယ်ဒီတာတစ်ဦး)
Ref: Big Tobacco Eyes Myanmars Market, Lim Li Min (Aljazeera)
Read more...
Tuesday, November 26, 2013

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)

0 comments


ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womans-costumeနိဒါန်း

ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုး ကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုး များသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံ ဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။

ကရင်ဟူသော အမည်

ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။

ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုး ကို အမေရိကန် ဟု ခေါ်ကြသည်။

ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင် ယူဆချက်ကို တင်ပြခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ် လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည် ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။

ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည် များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။

တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင် အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။

ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီး သား ဖြစ်နေပေသည်။

မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများ ကို ခေါ်ခြင်းဖြစ်သည်။

ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။

အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ် များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။

(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)

တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။

(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)

Lahu, Akha, and Lisu (page 7, line 13, column 1)

Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)

တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြ ထားသည် ကို တွေ့ရသည်။

(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )

ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသား များကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။

ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစား များအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက် လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။

ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါ အတိုင်း လေ့လာနိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

စောကျော်ခရော့စ် ဘလော့မှ ကူးယူတင်ထားသည်
Read more...
Saturday, November 23, 2013

အနာဂတ်အညွန့်အဖူးကလေး ရေသန့်ဘူးရောင်းနေတယ်

0 comments
ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စုတ်ပြတ်သတ် နေတယ်။ (မဟုတ်ဘူးငြင်းချင် တဲ့သူများငြင်းပါ။) ကျွန်တော် တို့ပြည်သူလူထု အများစုကြီးက လည်း မွဲတေ ငတ်ပြတ်နေ တယ်။ (မဟုတ်ဘူး ငြင်းချင်တဲ့ပုဂိ္ဂုလ် များ ငြင်းပါ။) ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကလေးသူငယ်အား လုံးရဲ့ (၇၀%) ခုနစ်ဆယ်ရာ ခိုင်နှုန်းဟာ (တစ်ပတ်မှာ လေး ရက်ထက်မနည်း၊ တစ်ရက်မှာ ရှစ်နာရီကျော်ကျော်) အလုပ်လုပ် နေကြရတယ်။ (ILO အပြည် ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ ကြီးရဲ့ ထုတ်ပြန်ချက် အရ သိရ တာဖြစ်တယ်။ သတင်း၊ Daily Eleven သတင်းစာ၊ ၅-၁၀-၂၀၁၃၊ စာမျက်နှာ ၂၁)၊ အသက် မပြည့်သေးတဲ့ ကျောင်းနေရ မယ့်အရွယ် ကလေးငယ်တွေ ဆိုတာ ပြောဖို့လိုသေးသလား။

လူငယ်ဆိုတာ “အနာ ဂတ်ရဲ့မျှော်လင့်ချက်၊ တိုင်းပြည် ရဲ့ရတနာ၊ တိုင်းပြည်ရဲ့အညွန့် အဖူး”...ဘာညာနဲ့ “ပလီစိချောက် ချက်” အမြဲပြောတတ်ကြတယ်။ အဲဒီတိုင်းပြည်ရဲ့ရတနာအညွန့် အဖူးကလေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်မျှော်လင့်ချက်ရောင် ခြည်ကလေးတွေဟာ...မီးရထား သံလမ်းဘေးမှာ ရေသန့်ဘူး လိုက် ရောင်းနေ ကြတယ်။ သူတို့အရပ် နဲ့အညီအမျှရှိတဲ့ မြွေရေခွံအိတ် ကြီးထမ်းပြီး သံစူးကောက်တစ် ချောင်းနဲ့ အမှိုက်ပုံတကာ လိုက် ဖွနေကြတယ်။ လမ်းဘေးပလက် ဖောင်းပေါ်က ခုံအပုကလေး တွေနဲ့ရောင်းတဲ့လက်ဖက်ရည်ဆိုင် မှာ... ၀မ်းတီး တူးကော် တကြော် ကြော်အော်ရင်းနဲ့ စားပွဲထိုးလုပ်နေ ကြရတယ်။ မြို့စွန် ရပ်ကွက် ဆင် ခြေဖုံးရပ်ကွက်တွေက ဆိုက်ကား ဂိတ်မှာ အဲဒီကလေးတွေယောင်ပေ ယောင်ပေလုပ်ရင်း လူကြီးခိုင်းတဲ့ အခါ...ဖာအိမ်...ကို လမ်းပြလိုက် ပို့ပေးနေရတယ်။တိုင်းပြည်ရဲ့အညွန့် အဖူးသားကောင်းရတနာကလေးတွေ၊ အနာဂတ်ကို ပိုင်စိုးမယ့်လူငယ်မျိုး ဆက်သစ်ကလေးတွေ၊ ဘာညာနဲ့ “သောက်စကား” များနေကြတဲ့ လူ တွေကိုမေးချင်တယ်။ဒီကလေးတွေ အတွက်ဘာလုပ်ပေးမှာလဲ။ဘာလုပ် ပေးထားပြီးပြီလဲ။ ဟိုအဆောက် အအုံအကြီးကြီးထဲမှာ အစည်းအဝေး တွေအဆက်မပြတ်လုပ်ရင်းအိပ်ငိုက် နေကြတဲ့ပုဂ်္ဂိုလ်ကြီးတွေ ဒီကလေး သူငယ်တွေအတွက် ဘာတွေဆုံး ဖြတ်ချက်ချနေကြသလဲ။ ဘာတွေ စီစဉ်ဆောင်ရွက်နေကြသလဲ။

မြန်မာနိုင်ငံရဲ့ ပညာရေး တိုးတက်မြင့်မားလာဖို့ မြှင့်တင်ရေး အဖွဲ့တွေဖွဲ့၊ နိုင်ငံခြားတက္ကသိုလ် ကြီးတွေနဲ့ ချိတ်ဆက်စီစဉ်၊ ပညာရေး အသုံးစရိတ်တွေ တိုးမြှင့်လုပ်ဆောင် လာတာတွေဟာ ၀မ်းမြောက်စရာ၊ ကြိုဆိုစရာပါ။ နိုင်ငံတကာတက္ကသိုလ် ကြီးတွေနဲ့ ချိတ်ဆက်ကွန်ရက်ဖွဲ့ တာတွေ၊ သင်ကြားရေးမဟာဌာန ဖွဲ့တာတွေလည်း လုပ်ကြပါ။ နိုင်ငံ တကာအဆင့်မီ Quality Assurance စနစ်တွေလည်း တည်ထောင် တာကောင်းပါတယ်။ လှိုင်သာယာ အစွန်အဖျားက မူလတန်းလွန် အလယ်တန်း ကျောင်းကလေးကိုလည်း ကြည့်ပေးပါဦး။ မြန်မာပြည် အလယ်ပိုင်းက အချို့ကျေးလက် တွေမှာရှိတဲ့ မူလတန်းကျောင်း ကလေးတွေ မှာ ကျောင်းသား ၂၀ တောင် မပြည့်တော့ဘူးဆို တာလည်းကြည့်ပေးပါဦး။သက် ဆိုင်တယ်ထင်ရတဲ့ထိပ်ပိုင်းက ပုဂိ္ဂုလ်ကြီးများ ကြိုက်ရာဘူတာ ရုံကိုရွေးလိုက်ပါ။ ရွေးပြီးတော့ တစ်ခေါက်လောက်လာကြည့်ပါ။ သံလမ်းဘေးမှာကလေးတွေ ရေ သန့်ဘူးဘယ်လိုရောင်းနေကြတယ်။ ငှက်ပျောရွက်ကလေးပတ်ထားတဲ့ ကွမ်းယာပလတ်စတစ်အိတ်ကလေး တွေ ဘယ်လိုရောင်းနေကြတယ် ဆိုတာ အရင်ကွင်းဆင်းလေ့လာ ကြပါဦး။ ပြီးတော့မှ ဒီကလေး တွေရဲ့ရှေ့ရေးကိစ္စကို ဟို.... ခမ်းနားကြီးကျယ်တဲ့အစည်း အဝေးခန်းမကြီးထဲမှာ စုပေါင်း ဆွေးနွေးတိုင်ပင်(ကယ်တင်)ကြ ပါဦး။

ပညာရေးဆိုတာ နိုင်ငံ တော်ရဲ့အသက်ဝိညာဉ်၊ ပညာ ရေးဆိုတာ အနာဂတ်မြန်မာ့လူ့ အဖွဲ့အစည်းရဲ့ ရောင်ခြည်၊ပညာ ရေးဆိုတာ တိုင်းပြည်နဲ့လူမျိုး တည်ငြိမ်အေးချမ်းမှုရဲ့ဗဟိုချက် ....ဘာညာသာရကာ ပွားများ တာလည်းပွားများပါ။ ၀မ်းသာ ပါတယ်။ ကြိုဆိုပါတယ်။လက် တွေ့မြန်မာနိုင်ငံမှာရှိတဲ့ ကလေး သူငယ်များရဲ့ ၇၀ ရာခိုင်နှုန်း ကို အရင်ကယ်တင်ကြပါဦးလို့ ပန်ကြားလိုက်ပါကြောင်း။

The First Media Group
Read more...
Tuesday, November 19, 2013

အမျိုးသားရေးစိတ်ဓါတ်နှင့် ငွေစက္ကူ

0 comments


19.11.2013

ခဲသတ္တုပြားချပ်ကြီးကိုတူနဲ့စည်းချက်မှန်မှန်ထုနေသည့် အသံကိုနားဝင်ချို သလို နားထောင်နေရင်း အသက် ၃၀ ကျော် အရွယ်ခန့် အမျိုးသားက ဖျတ်ခနဲစောင်းကြည့်ကာ နှုတ်ခမ်းစေ့စေ့ပိတ်ပြီး ပြုံးသည်။

`ကျွန်တော်က နိုင်ငံခြားကိုသွားပြီး အလုပ်မလုပ်ချင်ဘူး၊ သူများနိုင်ငံမှာ ကျွန်ခံဖို့ စိတ်မ၀င်စားဖူး ကိုယ့်နိုင်ငံမှာပဲ ရရာအလုပ်လုပ် စားတော့မယ်၊ အဲဒါကြောင့်ခဲတူးတဲ့ ဒီလုပ်ငန်းလုပ်နေတာ`ဟု သူကနှုတ်ခမ်းကို စေ့စေ့ပိတ်ပြီး ဖြေသည်။

 စားဝတ်နေရေးနှင့် မိသားစုဘ၀တိုးတက်ရေးအတွက် နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်သူ များပြား လှသော မြန်မာနိုင်ငံတွင်ပြည်တွင်းမှာပဲ ရရာအလုပ်ဖြင့် လုပ်ကိုင် စားသောက်ပြီး ပြည်တွင်းမှာ သာ အခြေချနေထိုင် လိုသူများကတော့ ရှိသော်လည်း ရှားပါးလှသည်။

ထိုထဲမှ အပါအ၀င်ဖြစ်သော သူ့အနေဖြင့်တော့ နိုင်ငံခြားသွားပြီး အလုပ် လုပ်ခြင်းထက် အခုလို အိမ်တွင်းမှု လုပ်ငန်းကို ရွေးချယ်ပြီးအိုးအိမ် မကွာရပ်တည်ရှင်သန်နိုင်ရန်အတွက် ကြိုးစားနေ သူဖြစ်ဖြစ်ပြီး ဒီလုပ်ငန်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ခန့်ကတည်းက တစ်နိုင်တစ်ပိုင်အိမ်တွင်းမှု လုပ်ငန်းတစ်ခု အနေဖြင့် သူလုပ်ကိုင် လာခဲ့သည်။

`ရှမ်းပြည်က လူငယ်အချို့က ထိုင်းနဲ့ တရုတ်ဘက်ကိုသွားပြီး လုပ်ကြတာလည်းရှိပါတယ်။ သူများနိုင်ငံ သွားပြီး မလုပ်ချင်တဲ့ ကျွန်တော်တို့လိုလူငယ်တွေလည်း ပြည်နယ်တွေမှာ ရှိကြပါတယ်။ ရရာအလုပ် လုပ်ရင်းပေါ့ ဗျာ၊ သူဋ္ဌေးဖြစ်တာ မဖြစ်တာတော့ ကံနဲ့ ဆိုင်မယ်ထင်တယ်နော့၊ ထမင်းတော့ မငတ် ဘူးပေါ့၊ မိသားစုနဲ့လည်း နေရတာပေါ့`ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ခံ ကိုထွန်းဦး က ပြော သည်။

ခဲတူးသည့်လုပ်ငန်းဆိုသည်မှာ တရုတ်လူမျိုးများ သေဆုံးသည့်အခါ နှင့်နှစ်သစ်ကူးချိန်များတွင် အသုံးပြု ကြသော ငွေစက္ကူများကို ထုတ်လုပ်ပေးသောလုပ်ငန်းတစ်ခု ဖြစ်သည်။

ထိုလုပ်ငန်းမှာ ခဲသတ္တုပြားချပ်ကြီးကို ပါးလွှာသောခဲပြားသေးသေး လေးဖြစ်အောင် တဖြည်းဖြည်းခြင်း တူဖြင့် ထုပြီး နောက်ဆုံး ပါးလွှာသည့်အဆင့်ရောက်ရှိပါက ၀ါးဖြင့်ပြုလုပ်ထားသော ၀ါးစက္ကူပေါ် သို့ ကော်ဖြင့် ကပ်ပြီး တစ်ချပ် နှစ်ချပ် စသည်ဖြင့် ငွေစက္ကူဟု ခေါ်သော ခဲစက္ကူများကို ထုတ်လုပ်သော လုပ်ငန်းဖြစ်သည်။

လုပ်ငန်းအတွက် လိုအပ်သော ခဲသတ္တုပြားကို မန္တလေးမှ မှာယူရသလို၊၀ါးဖြင့်ပြုလုပ်သော ၀ါးစက္ကူများ ကိုတော့ ကျောက်မဲမြို့တွင်းမှာပဲဝယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။

` လက်တစ်ဝါးစာလောက်ရှိတဲ့ ခဲပြားတွေကို ငွေစက္ကူအနေနဲ့ သုံးလို့ရအောင်တူနဲ့ ထုပြီး လုပ်တယ်၊ အဲဒါကို တရုတ်တွေက သေဆုံးတဲ့ ငွေစက္ကူတွေကိုမီးရှို့ကြတယ်။အဲဒါက သေသွားတဲ့ သူတွေ အတွက် ငွေတွေထည့် ပေးတယ်ဆိုတဲ့အယူအဆပေါ့၊ ခုလို တူထုသံကြားနေရတာလည်း အိမ်မှာ ကျက်သရေရှိတယ်လို့ ပြောကြတယ်`ဟု ခဲတူးခြင်းလုပ်ငန်းလုပ်ကိုင်နေသူ ကျောက်မဲမြို့က ကိုမြတ် စိုးလင်း ကပြောသည်။

ရှမ်းလူမျိုးနှင့် ရှမ်းတရုတ်များအများဆုံးနေထိုင်ကြသော ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကျောက်မဲ ခရိုင် ၊ ကျောက်မဲမြို့တွင် ခဲတူးလုပ်ငန်းမှ ရရှိလာသော ငွေစက္ကူ ဟု ခေါ်သော ခဲစက္ကူများ ထုတ်လုပ်သည့် လုပ်ငန်းကို အိမ်တွင်းမှုလုပ်ငန်း အနေဖြင့်လူငယ်အများစု လုပ်ကိုင်ကြသည်။

`ကျောက်မဲမှာ အကြီးအကျယ်လုပ်ကြတဲ့ လုပ်ငန်း နှစ်မျိုးရှိတယ်၊ တစ်မျိုးကခဲတူးတဲ့ လုပ်ငန်း ၊ နောက်တစ်မျိုး ကတော့ ကြက်မွေးမြူရေး လုပ်ငန်း`ဟုကျောက်မဲမြို့မှ ၊ မြို့ခံစီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သောဦးစိုးထွန်းက ပြောသည်။

ထိုခဲတူးလုပ်ငန်းများက ထုတ်လုပ်သော ငွေစက္ကူဟု ခေါ်သော ခဲစက္ကူ များကို ကျောက်မဲမြို့ ကုန်သည်များက တဆင့် မန္တလေးမြို့သို့လည်းကောင်း ရှမ်းပြည်နယ် အထက်ပိုင်းနှင့်တောင်ပိုင်းများသို့ လည်းကောင်း တင်ပို့ရောင်းချကြ ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချနေသည်မှာ လည်းမျိုးဆက်နှစ် ဆက်မက ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။`ခုကျွန်တော်တို့ လုပ်ငန်းတွေ သိတ်မကောင်းဖူးဖြစ်နေ တာ၊ အိမ်တွင်းလုပ်နေတဲ့ အလုပ်တစ်ချို့တောင် ရပ်မလို့ ဖြစ်နေတယ်` ဟုကိုမြတ်စိုးလင်းက စိတ် မကောင်း ဟန်ဖြင့် ပြောသည်။

ယခုနှစ်ပိုင်းအတွင်း တရုတ်ပြည်မှ ၀င်လာသောရယ်ဒီမိတ် ပြုလုပ်ထားပြိးဖြစ်သော ခဲစက္ကူ များ ဈေးကွက် ထဲသို့ဈေးပေါပေါဖြင့် ကုန်သည်များက တင်သွင်းလာခဲ့သောကြောင့် ပြည်တွင်းဖြစ် ခဲစက္ကူလုပ်ငန်းကို ထိခိုက်လျက်ရှိ ကြောင်းသူက ပြောသည်။

ဒေသခံပြည်တွင်းဖြစ်လုပ်ငန်းများအနေဖြင့် ခဲဈေးနှုန်းကြောင့် တရုတ်ပြည်ကထုတ် ခဲစက္ကူများ ထက် ဈေးနှုန်း ချပြီးရောင်းချနိုင်ခြင်း မရှိကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

`တရုတ်ပြည်က ၀င်လာတာ အရမ်းဈေးပေါတယ်။ ဘာဖြစ်လို့ ဒီလောက်ဈေးသက်သက်သာသာနဲ့ ထုတ်နိုင် သလဲ မသိဘူး၊ ကျွန်တော်တို့သူတို့ဈေးနှုန်းအတိုင်း လိုက်ရောင်းဖို့ မဖြစ်နိုင်ဘူးခဲဈေးနဲ့ လုပ်သား ခ ဈေးနှုန်းနဲ့ ဘယ်လိုမှ မကိုက်ဘူး။ အလုပ်သမားတွေမငှားဘဲနဲ့ ကိုယ့်မိသားစုပဲ လုပ်ပြီး ရောင်းမယ်ဆိုရင်တောင်မှ ခဲ ၀ယ်ရတဲ့ဈေးနဲ့ ဆိုတော့ မကိုက်ဘူး၊ လုပ်ငန်းတစ်ချို့က တရုတ်ဈေးနဲ့ လိုက်ရောင်း နိုင်အောင် ကြိုးစားကြည့်သေးတယ်၊ အဲဒီဈေး နဲ့တော့ရောင်းလို့ကို မရတာ`ဟု ဒေသခံလုပ်သားတစ်ဦးက ပြောသည်။

တရုတ်ပြည်က ရယ်ဒီမိတ်ခဲစက္ကူများကို ဈေးသက်သာသောကြောင့် ၀ယ်သုံးကြသောလည်း သုံးစွဲသူ အချို့မှာ တူထုရာ မပါသောကြောင့် လည်းကောင်း၊ အနံ့အသက် မကောင်းသောကြောင့် လည်းကောင်း ကြိုက်နှစ်သက်ခြင်း မရှိကြောင်းကျောက်မဲမြို့ဒေသခံ ဒေါ်သီသီစန်းက ပြောသည်။

`ဒီက လုပ်သလို၊ တူရာလည်း မပါဘူး၊ ပြီးတော့ မီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့အနံ့ကလည်း သိပ် မကောင်းဘူး ခေါင်းကိုက်တော့ အိမ်က အမေကတော့ တရုတ်ပြည်ကထုတ်တဲ့ ငွေစက္ကူတွေ မကြိုက်ဘူး ဒါပေမဲ့ ဈေးသက် သာတော့ လူတွေက ဈေးပေါတာပဲ ၀ယ်ကြတယ်ပေါ့` ဟု ကျောက်မဲမြို့ဒေသခံ ဒေါ် သီသီစန်းက ပြောသည်။

တရုတ်ပြည်က ၀င်ရောက်လာသော ခဲစက္ကူဈေးနှုန်းနှင့် ပြည်တွင်းဖြစ် ခဲစက္ကူဈေးနှုန်းမှာ ၃၀% ခန့် ကွာခြားမှု ရှိသောကြောင့်သုံးစွဲသူအများစုမှာ အနံအသက်မကြိုက်သော် လည်း ဈေးနှုန်းသက်သာသည့် အတွက်ဝယ်ယူ သုံးစွဲကြကြောင်း၊ ဈေးကွက်တွင် တရုတ်ပြည်ဖြစ် ငွေစက္ကူများ ကအရောင်း သွက် လာပြီး ပြည်တွင်းဖြစ် ငွေစက္ကူများမှာ သိသိသာသာ ပင်ရောင်းအားကျဆင်းသွားကြောင်း သိရှိရသည်။

ပြည်တွင်းဖြစ်ငွေစက္ကူများရောင်းအားကျဆင်းခြင်းက ပြည်တွင်း ဒေသခံများဆောင်ရွက်လျက်ရှိသော ခဲစက္ကူ လုပ်ငန်း များကို ထိခိုက်မှု ရှိလာပြီးငွေအင်အားနည်းပါးလှသော ဒေသခံအချို့၏ လုပ်ငန်းများ ရပ်လိုက်ရကြောင်း သူကပြောသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသောပစ္စည်းများကြောင့် ကျားကုတ် ကျားခဲဖြင့်ရပ်တည်နေရသော ပြည်တွင်း အသေးစား စီးပွားရေး လုပ်ငန်းများထိခိုက်ရပ်ဆိုင်းနေရသည့် ကိစ္စရပ်များမှာ တိုင်းပြည်အတွက် နစ်နာလှကြောင်းကျောက်မဲဒေသခံတို့က ပြောသည်။

`နိုင်ငံခြားကနေ တင်သွင်းတဲ့ ပစ္စည်းတွေရဲ့ အခွန်အကောက်တွေက ဘယ်လိုရှိလဲတော့ ကျွန်တော်တို့ မသိပါဘူး၊ ဒါပေမဲ့ ခုလို တရုတ်ပြည်က ပစ္စည်းတွေဈေးပေါပေါနဲ့ ၀င်လာတယ်ဆိုတော့ ပြည်တွင်းက လုပ်ငန်းလေးတွေ ပျောက်ကုန်တယ်၊ပြည်တွင်းက လူငယ်တွေ အလုပ်အကိုင်မဲ့ဖြစ်တယ်၊ ကိုယ့်ပြည်သားတွေသူများနိုင်ငံမှာ ကျွန်ဖြစ်ကုန်တယ်…အဲဒါကြောင့်လို့ ကျွန်တော်မြင်တယ်` ဟုကျောက်မဲမြို့ခံ ခဲတူးလုပ်ငန်းရှင်ကိုမြတ်စိုးလင်းက ပြောသည်။

အစိုးရအနေဖြင့်လည်း နယ်စပ်ဒေသများနှင့်ဈေးကွက်အတွင်းသို့ နိုင်ငံခြားမှတင်သွင်းလာသော ပစ္စည်းများ တရားဝင်ရောက်ရှိနေခြင်း၊ တရားဝင်တင်သွင်းနေခြင်း ဟုတ်မဟုတ် သေချာစီစစ်သင့်သလို၊ တင်သွင်းလာသောပစ္စည်းများအတွက် အမှန်တကယ် အခွန်ဆောင်ခြင်း ရှိမရှိကို လည်း သေချာ စီစစ်ပေးသင့်ကြောင်း ကျောက်မဲမြို့ စီးပွားရေးလုပ်ငန်းရှင်ဦးစိုးထွန်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြဖို့ တိုက်တွန်း နေချိန်မှာ ခုလိုပြည်နယ်တွေက အသေးစားလုပ်ငန်းလေးတွေ ပပျောက် ကုန်မည့် ဘေး အန္တရာယ် ကနေ ကင်းဝေးအောင် အစိုးရအနေဖြင့်လည်း ဆောင်ရွက်ပေး ပါရန် ကျောက်မဲ ဒေသခံများ ကပြောဆိုလျက်ရှိသည်။

`တရုတ်ပြည်ကဈေးပေါပေါနဲ့ ယူလာတဲ့ ကုန်သည်တွေကိုလည်း ပြောချင်ပါတယ်။ အမျိုးသားရေး စိတ်ဓါတ်ရေး ရှိပေးကြပါ၊ အခု ဈေးပေါတဲ့ ပစ္စည်းတွေကိုပြည်တွင်းသယ်လာတော့ ပြည်တွင်းက ကိုယ့်နိုင်ငံသားတွေရဲ့ လုပ်ငန်း လေးတွေထိခိုက်ရပ်ဆိုင်းသွားတယ်၊ ပြည်တွင်းက လူတွေ အဆင်မပြေဘူး၊နိုင်ငံတော်အတွက်လည်း ထိခိုက်နစ်နာ တဲ့အတွက် ကိုယ့်ရဲ့ စီးပွားရှာခြင်းက သမာသမတ်ရှိရဲ့လား ဆိုတာ စဉ်းစားသင့်တယ်`ဟု ကျောက်မဲမြို့ကကိုငြိမ်းချမ်းက ပြောသည်။

ပြည်ပမှ အကောက်ခွန်မဲ့ တင်သွင်းလာသော ကုန်ပစ္စည်များကြောင့် ပြည်တွင်းမှ လုပ်ငန်းများ ပပျောက် လာသဖြင့် အလုပ် လက်မဲ့နှုန်း မြင့်တက်လာခြင်း၊ပြည်တွင်း လုပ်ခလစာများ လျော့နည်း လာ သဖြင့် ပြည် တွင်း စားသုံးမှု ကျဆင်းကာအခြား လူသုံးကုန် ပစ္စည်းများ အရောင်းကျ ဆင်း လာနိုင်ကြောင်း ၊  ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းခြင်းဖြင့် မိမိနိုင်ငံ မှ ငွေကြေး များ ပြည်ပသို့ပေးရသဖြင့် ကုန်သွယ်ရေး မညီမျှမှု ဖြစ်ပေါ်လာသဖြင့် ပြည်တွင်း ထုတ်လုပ်မှု ပမာဏကျဆင်းလာနိုင်ကြောင်း စသဖြင့် အဖက်ဖက်မှ နစ်နာဆုံးရှုံးမှုများ ရင်ဆိုင်လာရကြောင်းကိုလည်း သိရသည်။

Shwe Myitmakha Media Group
Read more...
Sunday, November 17, 2013

အခြေအနေအရ ပြဿနာ

0 comments
နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ရန်ကုန်မြို့ရှိ ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်နားထားသော ယာဉ်များကို အရေးယူမှု စတင်နေခြင်းနှင့် ပတ်သက်သည့် သတင်းများ၊ သတင်းဓာတ်ပုံများ ယခုရက်ပိုင်းအတွင်း မြင်တွေ့ကြရမည် ဖြစ်သည်။

ယာဉ်ရပ်နားရခြင်း ပြဿနာသည် မြို့ပြဆိုင်ရာ ပြဿနာတစ်ရပ်ဟု မှတ်ယူပါက မှတ်ယူနိုင်သည်။ သို့သော် "အမှိုက်မပစ်ရ" ၊ "ကွမ်းတံတွေးမထွေးရ"၊ "ဆေးလိပ်မသောက်ရ"၊ "ဈေးမရောင်းရ" အစရှိသော စည်းကမ်းသတ်မှတ်ချက် စာတန်းများ၊ ဆိုင်းဘုတ်များကိုမူ နိုင်ငံအနှံ့ မြင်တွေ့နိုင်ပါသည်။ ဤသည်က အများလိုက်နာရန် လိုအပ်သော အခြေခံ စည်းကမ်း များကို ဒေသဆိုင်ရာ အာဏာပိုင်များအပါအ၀င် တာဝန်ရှိ အဖွဲ့အစည်းအလိုက် သတ်မှတ် သတိပေး ထားခြင်း ဖြစ်သည်။ ထို့အတူ အဆိုပါ အခြေခံလိုက်နာရမည့် စည်းကမ်းများအတိုင်း အမှန်တကယ် လိုက်နာဆောင် ရွက်ခြင်း ရှိ ၊ မရှိကိုလည်း အများပြည်သူ အလွယ်တကူ မြင်တွေ့အကဲခတ်နိုင်ပါသည်။

"ဈးမရောင်းရ" ဆိုင်းဘုတ်အနီး ဈေးရောင်းနေခြင်း၊ "ကွမ်းတံတွေးမထွေးရ" သတိပေးဆိုင်းဘုတ် ကွမ်းတံတွေးပေနေခြင်း၊ "အမှိုက်မပစ်ရ" ဆိုင်းဘုတ် အမှိုက်များဖုံးနေခြင်း စသည့်မြင်ကွင်းများကို အလွယ်တကူ မြင်တွေ့နိုင်ကြမည် ဖြစ်သည်။
ဤအခြေအနေများသည် အခြေခံ အကျဆုံးသော အနေအထားများသာ ဖြစ်သည်။ စနစ်၊ စည်းကမ်းဟူသည်မှာ လူ တစ်ယောက် မှအစ နိုင်ငံတစ်နိုင်ငံအလယ်၊ တစ်ကမ္ဘာလုံးအဆုံး အရေးပါသည်။ လိုအပ်သည်။ စည်းစနစ်မရှိ၊ စည်းကမ်း မလိုက်နာပါက တိုးတက်ခြင်း၊ အောင်မြင်ခြင်း ရရှိမည် မဟုတ်ပါ။ မြန်မာများ စည်းကမ်းဖောက်၍ ထီးနန်းပျောက်ရသည်ဟု ပင် အဆိုရှိသည်။

သို့သော် မူဝါဒမှန်ကန်သော၊ လက်တွေ့ဆန်သော စည်းကမ်းများ၊ စနစ်များဖြစ်ရန် လိုအပ်ပါသည်။ သတ်မှတ်ဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်း အတိအကျ လိုက်နာရန် လိုအပ်သလို ထိထိရောက်ရောက် အရေးယူရန်လည်း လိုအပ်ပါသည်။ အရာရာတွင် အခြေအနေအရပါ၊ မီးစင်ကြည့်ကရတာပါ ဟူသည်မှာ မဖြစ်သင့် မဖြစ်ထိုက်ပါ။ ဥပမာအားဖြင့် ပလက်ဖောင်းနှင့် လမ်းများပေါ်တွင် ပိတ်ဆို့ကာ ဈေးများ ရောင်းနေကြသည်။ စီမံချက်ရှိသောနေ့ (အဖမ်းအဆီးရှိသောနေ့) ၌ ပလက်ဖောင်းနှင့် လမ်းများ ရှင်းလင်းနေသည်။ အဖမ်းအဆီး မရှိတော့သော နောက်တစ်နေ့တွင် အရင် အတိုင်း ပြန်ဖြစ် သွားသည်။ အမှန်တကယ်၌ စည်းမျဉ်းစည်းကမ်း ဖြစ်စေ၊ ဥပဒေ ဖြစ်စေ ထုတ်ပြန်ပြီးပါက ရေရှည် ဆက်လက် ထိန်းသိမ်းရန် လိုအပ်သည်။

ထို့အပြင် စည်းမျဉ်းစည်းကမ်း ဥပဒေတစ်ရပ်ကို မထုတ်ပြန်ခင်ကတည်းက လိုအပ်သော အချက်များကို ထည့်သွင်း စဉ်းစားရန် လိုသည်။ ပလက်ဖောင်းနှင့် လမ်းများပေါ်မှ ဈေးသည်များကို ရှင်းပစ်မည်ဆိုလျှင် ယင်းဈေးသည် များ၏ နောက် တွင် မှီခိုနေသော ဘ၀ပေါင်းများစွာ ရှိသည်ကို ထည့်သွင်း စဉ်းစားရမည်။ ယင်းကဲ့သို့ မဟုတ်ပါက ဆင်းရဲမွဲတေမှု ပပျောက်ရေးဟူသည် လက်ခုပ်သံရရေးအတွက် လူကြားကောင်းရုံ စကားလုံး သာ ဖြစ်နေ ပါလိမ့်မည်။ လမ်းပေါ် ဈေး မရောင်းရဆိုလျှင် ဈေးရောင်းရန်နေရာ သတ်မှတ်ပေးရမည်။ လမ်းပေါ် ယာဉ်မရပ်ရဆိုလျှင် ယာဉ်ရပ်နားရန် နေရာများ အဆင်ပြေအောင် သတ်မှတ်ပေးရမည်။ ဤသည်များမှာ အခြေခံ အကျဆုံးသော ဥပမာများသာ ဖြစ်သည်။

ထို့ကြောင့် မည်သို့သော ကိစ္စရပ်များတွင်မဆို အခြေအနေအရဟူသည်မှာ လွဲမှားသော စီမံခန့်ခွဲမှု (Mismanagement) ၏ ပြယုဂ်တစ်ရပ်ပင် ဖြစ်သောကြောင့် သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Read more...
Saturday, November 16, 2013

အစိုးရနှင့် ပြည်သူ့ဆန္ဒ

0 comments
နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် နှုန်းထားအား လျော့ချမည် မဟုတ်ဘဲ လာမည့် ဘဏ္ဍာရေးနှစ် အစတွင် စတင်ကောက် ခံမည်ဟု သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ နိုဝင်ဘာ ၁၅ ရက်က သ၀ဏ်လွှာပို့ အကြောင်းကြားခဲ့သည်။ လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းနှင့် ပတ်သက်သော ပြည်သူတို့၏ ဆန္ဒနှင့် ယခုဖြစ်ရပ် အတွက် အစိုးရ၏ ဆုံးဖြတ်ချက်များ အပေါ် မေးခွန်း ထုတ်စရာ ဖြစ် လာသည်။ 

ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ ကာမိရန်အတွက်ဟုဆိုကာ နိုဝင်ဘာလမှစ၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က အောက်တိုဘာလ အတွင်း ကြေညာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လျှပ်စစ်မီတာခ လျော့ကျစေရေး အတွက် သုံးရက်ဆက်တိုက် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုအဖြစ် တင်သွင်းပြီး လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းကာ လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အကြောင်းပြ ချက် ပေးရာ တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားခ နှုန်းထားသည် နိုင်ငံတကာနှင့် ယှဉ်ကြည့်လျှင် အလွန်နည်းပါး နေသောကြောင့် အရှုံးကာ မိစေရန် တိုးမြှင့်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဘက်ဘက်က စံချိန်မမီ နိမ့်ကျနေသော နိုင်ငံတွင် လျှပ်စစ်မီတာခ အတွက် နိုင်ငံတကာ စံချိန်မီလိုသော လုပ်ရပ်မှာ မေးခွန်းထုတ် ဝေဖန်စရာ ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ အလျှံပယ် ထွက်ရှိသော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို ထိုင်းနှင့်တရုတ်တို့မှ ၀ယ်ယူကာ ၎င်းတို့၏ နိုင်ငံများတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် အသုံးပြုနေကြသည်။ ထိုသဘာဝ ဓာတ်ငွေ့တင်ပို့ ရောင်းချခြင်းမှ တစ်နှစ်လျှင် ဒေါ်လာ ၄ ဘီလျံမှ ၆ ဘီလျံကြား ၀င်ငွေရရှိနေသည်။ လျပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာမှ အရှုံးပေါ်နေသည် ဆိုသည်မှာ တစ်နှစ်လျှင် ဒေါ်လာ ၁၈၅ သန်း ပမာဏသာရှိသည်။ ပြည်သူအများစုမှာ ဆင်းရဲမွဲတေနေပြီး နိုင်ငံသားတို့၏ တစ်ဦးချင်း ၀င်ငွေမှာ ဒေသတွင်း အရှေ့တောင် အာရှ နိုင်ငံများအနက် အဆင့် (၇) တွင်သာ ရှိနေသည်။

လျှပ်စစ်မီတာခများ တိုးကောက်ခြင်းသည် နဂိုကပင် ကျပ်တည်းနေသော ပြည်သူများအတွက် နောက်ထပ် ၀န်ထုပ်ဝန်ပိုး တစ်ခု ဖြစ် သည်။ ပြည်သူများ ဆန္ဒပြခဲ့ခြင်းမှာ လျှပ်စစ်မီတာခများ တိုးမကောက် စေရန်အတွက် ဖြစ်သည်။ ဈေးနှုန်းတိုးကောက်မှုကို ခဏလေး ရပ်ဆိုင်းပြီး ချွေးသိပ်ရုံမဟုတ်ပါ။ ထို့ကြောင့်လည်း လျှပ်စစ်မီတာခ နှုန်းထားကို ပြန်လည်ညှိနှိုင်းပေးရန် လွှတ်တော်က ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တိုးမြှင့်ထားသော လျှပ်စစ်မီတာခ နှုန်းထားများ လျှော့ချပေးမည် မဟုတ်ဘဲ လာမည့်ဘဏ္ဍာနှစ် အစမှစ၍ ကောက်ခံသွားမည် ဖြစ်ကြောင်း သမ္မတ၏ သ၀ဏ်လွှာ ပေးပို့ခြင်းက ပြည်သူ့ဆန္ဒ၊ လွှတ်တော် ဆုံးဖြတ်ချက်တို့နှင့် ဆန့်ကျင် ဘက် ဖြစ်နေသည်။

အစိုးရ ဆိုသည်မှာ ပြည်သူတို့၏ ဆန္ဒသဘောထားကို နားထောင်၍ ပြည်သူ့လိုအပ်ချက်အတွက် အလုပ်လုပ်ပေးရမည့် အဖွဲ့ အစည်းဖြစ်သည်။ ပြည်သူတို့၏ ဆန္ဒသဘောထားကို လျစ်လျူရှုသည့် မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို ပြည်သူတို့၏ ယုံကြည် အားထားမှုကို ရရှိနိုင်မည် မဟုတ်ပါ။ ပြည်သူတို့က ရွေးကောက်တင်မြှောက် လိုက်သည့် အစိုးရဖြစ် ပါက ပြည်သူ့ ကိုယ်စား လှယ်များ ဖြစ်သည်နှင့်အညီ ပြည်သူတို့၏ ဆန္ဒကို လျစ်လျူရှုခြင်း မပြုအပ်ပါကြောင်း The Daily Eleven သတင်းစာ က ရေးသား အပ်ပါသည်။

EMG
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here