Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts
Friday, May 2, 2014

တောင်ကိုရီးယားတွင် မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပြီး လူပေါင်း ၇၀ ကျော် ဒဏ်ရာ ရရှိ

0 comments
2.5.2014

မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်တွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

လူ ၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှု ဌာနမှ ကြေငြာခဲ့သော်လည်း အချို့သော မီဒီယာများမှ ဒဏ်ရာ ရရှိသူပေါင်း၁၇၀ ခန့် ရှိမည် ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။

စက်ပိုင်းဆိုင်ရာ ပြဿနာရပ်များကြောင့် ဘူတာရုံနှစ်ခုကြား ရပ်တန့်ထားသော ရထားတစ်စင်းကို အခြား ရထားတစ်စင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယွန်ဟပ် သတင်းဌာနမှ သတင်းတင်ဆက် ခဲ့သည်။

ဤပြဿနာ မဖြစ်မှီတွင်လည်း လူပေါင်း ၃၀၀ သေဆုံးခဲ့သည့် ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် နိုင်ငံမှ ပူဆွေးဝမ်းနည်း ခဲ့ရသည်။

ဆီဝိုး ကူးတို့ သင်္ဘောသည် ဧပြီလ ၁၆ ရက်နေ့၌ အထက်တန်း ကျောင်းသားအများစုနှင့် ဆရာများ ပါဝင်သည့် လူပေါင်း ၄၇၆ ယောက်ကိုတင်ဆောင်လာချိန်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဝေဖန်မှုများနှင့် လူထုမှ ဒေါသထွက်မှုများ အပေါ်တွင် တောင်ကိုရီးယား သမ္မတပက်ဂျွန်ဟီးမှ ယခု သီတင်းပတ် အစောပိုင်းက ဝန်ချတောင်းပန် ခဲ့သည်။

Ref: BBC
Read more...
Monday, April 28, 2014

ပျောက်ဆုံးလေယာဉ်ရှာဖွေရေး လိုအပ်သောအကူအညီများပေးမည်ဟု သမ္မတအိုဘားမားပြောဆို

0 comments


Monday, April 28, 2014

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းအတွင်း ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ကို ရှာဖွေမှုပြုလုပ်ကြရာတွင် အမေကန်ပြည်ထောင်စုအနေဖြင့် လိုအပ်သည့် ပစ္စည်းပစ္စယများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဧပြီ ၂၆ ရက်က ပြောကြားသည်။
 
မလေးရှားဝန်ကြီးချုပ် နာဂျိဘ်ရာဇတ်နှင့်အတူ ကွာလာလမ်ပူတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတအိုဘားမားက ပျောက်ဆုံးလေယာဉ်ရှာဖွေရေးတွင် လိုအပ်သော မည်သည့် အရင်းအမြစ်ပစ္စည်းများမဆို အမေရိကန်ပြည်ထောင်စုက အစွမ်းကုန် ကူညီပံ့ပိုးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
 
အမေရိကန်ခေတ်မီ လူမဲ့ရေငုပ်သင်္ဘောငယ်သည် ဧပြီ ၂၇ ရက်က အိန္ဒိယသမုဒ္ဒရာကြမ်းပြင်တစ်လျှောက်ရှာဖွေ ထောက်လှမ်းမှု ပြုလုပ်ခဲ့သော်လည်း ပျောက်ဆုံးလေယာဉ်နှင့်ဆက်နွှယ်ပတ်သက်သော ပစ္စည်းတစ်စုံတစ်ရာ ရှာဖွေထောက်လှမ်းနိုင်ခြင်းမရှိသေးပေ။ ဆိုးရွာသော ရာသီဥတုအခြေအနေကြောင့် လေကြောင်းနှင့် ရေကြောင်းရှာဖွေမှုများရပ်တန့်ခဲ့ရပြီး ပင်လယ်ပြင်အောက် ရှာဖွေမှုကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။
 
ရိုက်တာ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် သြစတြေးလျအာဏာပိုင်များက ဆက်လက်ရှာဖွေမှုပြုလုပ် နိုင်မည့် အကောင်းဆုံးနည်းလမ်းကို နိုင်ငံတကာမှမိတ်ဖက်များနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိပါကြောင်း ပြောကြားသည်။
သမ္မတအိုဘားမားက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိပါကြောင်း၊ သိနိုင်တာကတော့ လေယာဉ်ဟာ ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ ရှာဖွေရတဲ့နယ်နိမိတ်ဟာ အလွန်ကျယ်ပြောတဲ့အတွက် အလွန်ခက်ခဲသလို အချိန်ကာလတစ်ခုထိတော့ကြာမှာ ဖြစ်ကြောင်းဆိုသည်။
 
သမ္မတအိုဘားမားက အမေရိကန်အာဏာပိုင်များ အနေဖြင့်ရှာဖွေရေးအဖွဲ့များအကြား သတင်းဖလှယ်ရာတွင် လိုလိုလားလား ရှိနေသည်ဟု ရှုမြင်ကြပါကြောင်း၊ ဧပြီ ၂၆ ရက်က ပြောကြေားခဲ့သည့်တိုင် လေယာဉ်စုံစမ်းထောက်လှမ်းမှုနှင့် ပတ်သက်ပြီး ပို၍ပွင့်လင်းမြင်သာအောင်လုပ်ဆောင်ပေးရန် မလေးရှားအစိုးရကို ဖိအားပေးကြသည်။
 
မလေးရှားဝန်ကြီးချုပ် နာဂျိဘ်ရာဇတ်ကမှုပျောက်ဆုံး လေယာဉ်နှင့်ပတ်သက်သော ပဏာမအစီရင်ခံစာ တစ်ရပ်ကိုလာမည့် သီတင်းပတ်တွင်ထုတ်ပြန်ပေးမည်ဟု ကတိက၀တ်ပြုခဲ့သည်။ ထို့အတူ မလေးရှားပို့ဆောင်ရေးဝန်ကြီးကလည်း ပင်လယ်ပြင်အောက် ရှာဖွေရေးတွင် လိုအပ်သောခေတ်မီပစ္စည်းများဖြည့်တင်းရန် Petronas ရေနံကုမ္ပဏီထံမှ အကူအညီကို တောင်းခံထားကြောင်း ဆိုသည်။ 

(ရိုက်တာ/ဆင်ဟွာ)
#The Mirror Daily
Read more...
Friday, April 25, 2014

ဩစတြေးလျ ကမ်းခြေမှ အပျက်အစီးများမှာ MH370နှင့် မပတ်သက်ဟုဆို

0 comments
                             (MH370 လေယာဉ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်)
25.4.2014

ဩစတြေးလျ ကမ်းလွန်ရေပြင်တွင် သောင်တင်နေသော အပျက်အစီးများ သည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်မှု မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကြာသပတေးနေ့တွင် ဩစတြေးလျက သယ်ယူပို့ဆောင်မှု လုံခြုံရေးဗျူရိုမှ တာဝန်ရှိသူများက မိမိတို့ ရှာဖွေတွေ့ ရှိခဲ့သည့် အစိတ်အပိုင်းများသည် မလေးရှား လေကြောင်းလိုင်းပိုင် Boeing 777လေယာဉ်နှင့် မည်သည့် ဆက်နွယ်မှုမျှ မရှိကြောင်း ရှင်းလင်းခဲ့သည်။ သတ္တုသားများ အပါအဝင် အစိတ်အပိုင်း အချို့သည် ဩစတြေးလျ အနောက်တောင်ဘက် ကမ်းခြေတွင် လာရောက် သောင် တင်နေခြင်း ဖြစ် သည်။ ဗုဒ္ဓဟူးနေ့က အော်ဂက်စတာအနီးတွင် တွေ့ရှိရသည့် ပစ္စည်းများကို လူတစ်ဦးက တွေ့ရှိပြီးနောက် ရဲများထံ လွှဲအပ်ခဲ့သည်။

အစောပိုင်း သတင်းများက အဆိုပါ ပစ္စည်းများသည် MH370နှင့် ဆက်နွယ် ဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြခဲ့သည်။ သို့သော်လည်း ဗျူရို၏ ကော်မရှင်နာ အကြီးအကဲ မာတင်ဒိုလန်က “ကျွန်တော်တို့ အနေနဲ့ ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကို အသေးစိတ် စစ်ဆေးပြီးပါပြီ။ ကျေနပ်လောက် တဲ့ အတိုင်းအတာထိ ဆိုပါတော့။ ဒါပေမဲ့ ဒီပစ္စည်းတွေဟာ MH370 ရှာဖွေရေးကဏ္ဍမှာ အထောက်အကူဖြစ်ဖို့ ဘာအကြောင်းမှ မရှိဘူး”ဟု ပြောကြားခဲ့သည်။ ၎င်းက “MH370ကို တွေ့ရှိဖို့ အတွက် ဖြစ်နိုင်ခြေ ရှိသမျှ ကိစ္စတိုင်းနောက်ကို ကျွန်တော်တို့ လျှောက် လိုက်နေတာပါ။ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ပဲ ခုချိန်ထိ တွေ့ရှိထားသမျှ က လေယာဉ်နဲ့ ပတ်သက်ပြီး ဘာမှ အထောက်အထား မပြနိုင်သေးဘူး” ဟုလည်း ဝန်ခံသွားခဲ့သည်။

#Planet Myanmar Network.
Read more...
Tuesday, March 25, 2014

ပျောက်ဆုံး မလေးရှားလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခြင်း ဖြစ်သည်ဟု မလေးရှား ဝန်ကြီးချုပ် ပြောကြား

0 comments


25.3.2014

ပျောက်ဆုံးနေလျက် ရှိသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ် မှာ တောင်ဘက်လမ်းကြောင်း အတိုင်း ပျံသန်းခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း၌ ပျက်ကျသွား ခဲ့ခြင်း ဖြစ်သည်ဟု ဂြိုဟ်တုမှ တစ်ဆင့် စိစစ် လေ့လာတွေ့ရှိချက်များကို ကိုးကားပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က တနင်္လာနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

မစ္စတာ နာဂျစ်ရာဇတ်၏ ပြောကြားချက်အရ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မလေးရှား လေကြောင်းလိုင်း၏ ကိုယ်စားလှယ်များသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုး များနှင့် တွေ့ဆုံ ပြီးပြီ ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ သူအားလုံး အသက်ဆုံးရှုံးသွားတယ်လို့ သူတို့က ပြောတယ်” ဟု ခရီးသည်တစ်ဦး၏ ကျန်ရစ်သူ ဆွေမျိုးက ပြောကြားသည်။

ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်သော အရာဝတ္ထုများကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း ရေပြင်တွင် တရုတ်ရှာဖွေရေး လေယာဉ်တစ်စီးနှင့် သြစတြေးလျ ရှာဖွေရေး လေယာဉ်တစ်စီးတို့က သီးခြားစီ ရှာဖွေတွေ့ရှိသည့် နေ့မှာပင် ယခုကဲ့သို့ မလေးရှား ဝန်ကြီးချုပ်က ပျောက်ဆုံး လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း၌ ပျက်ကျ သွားခဲ့ခြင်း ဖြစ် သည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသည်မှာ သုံးပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေရာ၌ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော တရုတ်စစ်လေယာဉ် တစ်စီးပေါ်မှ ရှာဖွေရေး တပ်ဖွဲ့ဝင် များသည် ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းဟု ယူဆရသော အရာဝတ္ထုများ သမုဒ္ဒရာ ရေပြင်ထက်တွင် ပေါလော ပေါ်နေသည်ကို တနင်္လာနေ့ နံနက်ပိုင်း က လေယာဉ်ပေါ်မှ လှမ်း၍ တွေ့ရှိခဲ့သည်။

ထိုကဲ့သို့ တွေ့ရှိခဲ့သော အရာဝတ္ထုများအနက်မှ အရွယ်အစား ကြီးမားသော နှစ်ခုမှာ လေးထောင့် ပုံသဏ္ဌာန် ဖြစ်ပြီး အရောင်မှာ အဖြူရောင် ဖြစ်ကြောင်း၊ အရွယ်အစား သေးငယ်သော အရာများမှာမူ ကြီးမားသော အရာဝတ္ထု နှစ်ခုနှင့် ကီလိုမီတာ အနည်းငယ် အကွာတွင် ပြန့်ကျဲလျက် တည်ရှိနေကြကြောင်း တရုတ်သတင်းဌာန တစ်ခုဖြစ်သော Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်သော အရာဝတ္ထုများ တရုတ်လေယာဉ်က တွေ့ရှိပြီး မကြာမီမှာပင် သြစတြေးလျ ရှာဖွေရေး လေယာဉ်တစ်စီးကလည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အရာဝတ္ထု နှစ်ခု ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်။

သြစတြေးလျ ရှာဖွေရေး လေယာဉ်ပေါ်မှ တွေ့ရှိခဲ့သော အရာဝတ္ထု နှစ်ခုမှာ စက်ဝိုင်းပုံသဏ္ဌာန် အစိမ်းရောင် (သို့မဟုတ်) မီးခိုးရောင် အရာတစ်ခုနှင့် ထောင့်မှန်စတုဂံ ပုံသဏ္ဌာန်၊ လိမ္မော်ရောင် အရာတစ်ခု ဖြစ်ကြောင်း သြစတြေးလျ အာဏာပိုင်များ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ရှာဖွေရေး လေယာဉ်များပေါ်မှ အရာဝတ္ထုများ တွေ့ရှိရာ နေရာများသို့ သွားရောက် ရှာဖွေနေသော တရုတ်သင်္ဘော တစ်စီးနှင့် သြစတြေးလျ ရေတပ်သင်္ဘော တစ်စီးတို့မှာ အင်္ဂါနေ့ နံနက် အစောပိုင်းတွင် ၎င်းတို့ ဦးတည်ရာ နေရာများသို့ ရောက်ရှိပြီး အဆိုပါ အရာဝတ္ထုများကို ရှာဖွေ ဆယ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ်ကြီး ပျောက်ဆုံးခဲ့သည်မှာ ၁၆ ရက်ခန့် ကြာမြင့်ခဲ့သည့် နောက်တွင် ယခုကဲ့သို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျ သွားခြင်း ဖြစ်သည်ဟု ကောက်ချက်ချ ပြောကြားလိုက်ခြင်း ဖြစ်သည်။

The Voice Weekly
Read more...

မြန်မာကို ဂျပန် အကူအညီတွေ ထပ်ပေး

0 comments
25.3.2014

မြန်မာနိုင်ငံမှာ မဟာလျှပ်စစ် ဓါတ်အားပေးကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကပြော ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှိဒါ က ပြောကြားလိုက်တာပါ။

ဖူမီယို ကီရှိဒါ ဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင် လွင် နဲ့တွေ့ဆုံခဲ့ပါတယ်။

လျှပ်စစ်ကဏ္ဍအပြင် မြန်မာ့ ရထားပို့ဆောင်ရေးလုပ်ငန်း နဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အဆင့်မြင့် ကိရိယာတွေ တပ်ဆင်ဖို့အတွက် ယန်းငွေ ၈ ဘီလီယံ ချေးငှားမယ် လို့ ကီရှီးဒါးက ပြောပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ ကြပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ဝန်ကြီးချုပ် ရှင်ဇို အာဘေးအစိုးရတက်လာပြီး တဲ့နောက် ဂျပန်အစိုးရဟာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နီးကပ်အောင်ကြိုးပမ်းခဲ့ပါတယ်။ မြန်မာ နိုင်ငံ နဲ့ အရင်ကတည်းက ဆက်ဆံမှု ရှိခဲ့တဲ့ ဂျပန်နိုင်ငံဟာ မြန်မာ့ ဘဏ္ဍာရေး စနစ် ကမ္ဘာ နဲ့ ထိတွေ့နိုင်ဖို့အတွက် ယန်းငွေ ၁၆၀ ဘီလီယံ ထောက်ပံ့ကူညီခဲ့ပါတယ်။

မြန်မာအစိုးရနဲ့တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှိဒါ က ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးသွားခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ ပြန်လည် ရှာဖွေရေး လုပ်ငန်းတွေမှာ ကူညီ ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

RFA
Read more...

The Elders အဖွဲ့ကြီး မြန်မာပဋိပက္ခဖြစ်စဉ် လေ့လာရန် ဒုတိယအကြိမ် မြန်မာပြည်လာရောက်

0 comments
25.3.2014

 ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးလုပ်ငန်း များ လုပ်နေ သည့် နိုင်ငံရေး ခေါင်းဆောင်ဟောင်းများပါဝင်သည့် The Elders အဖွဲ့မှ ပုဂ္ဂိုလ်များ မြန်မာနှင့် ထိုင်းနိုင်ငံသို့ မတ်လ ၂၄ရက်မှ ၂၆ရက်အတွင်း လာရောက်ကာ ကချင်ပဋိပက္ခအကြောင်း လာရောက်လေ့ လာ မည်ဖြစ်သည်။

The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌဟောင်း(ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်) နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်းနှင့် ဖင်လန်နိုင်ငံ သမ္မတဟောင်းနှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မာတီအာတီ ဆရာရီ တို့သည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်စဉ်များကို လေ့လာရန် မြန်မာနှင့် ထိုင်းနိုင်ငံများကို သုံးရက် ကြာလာရောက်မည်ဖြစ်သည်။ ၎င်းတို့၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ်ရှိ ပဋိပက္ခများနှင့် ဒေသခံပြည်သူ များကို လေ့လာရန် မြစ်ကြီးနားမြို့သို့ သွားရောက်မည်ဟု The Elders အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့်လည်း အစည်းအဝေးးလုပ်ဆောင်ရန် နေပြည်တော် သို့ သွားရောက်မည်ဖြစ်သည်။The Elders အဖွဲ့ကြီးသည် မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ကို သွားရောက်ပြီး မြန်မာပြည်တွင်း နှစ်ပေါင်း ၆၀ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် အဓိကနစ်နာခဲ့ရသည့် တိုင်းရင်းသားများကို အကူအညီပေးနေ သူများနှင့် တွေ့ဆုံမည်ဟု ထုတ်ပြန်ထားသည်။

The Elders အဖွဲ့မှ အကြီးအကဲနှစ်ဦးဖြစ်သည့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၊ မာတီ အာတီဆာရီနှင့် ဂရိုဟာလမ်ဘရန့်တလန်တို့သည် ၂၀၁၃ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည်။

The Elders အဖွဲ့သည် ပထမခရီးစဉ်တွင် တွေ့ဆုံခွင့်မရခဲ့သည့် အခြေခံလူတန်းစားများ၊ တိုင်းရင်းသားလူနည်းစုအဖွဲ့များနှင့် တွေ့ဆုံရန် ဒုတိယအကြိမ် ခရီးစဉ်ကို လာရောက်ခြင်းလည်းဖြစ်သည်။

The Elders အဖွဲ့သည် ၂၀၁၃ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်စဉ် အတွင်း ပြည်သူများ၏ အသံကို နားထောင်ရန် အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်မှ အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ နှင့်လည်း နေပြည်တော်၌ တွေ့ဆုံ ခဲ့သေးသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ဆောက်ရွက် ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

Mizzima - News in Burmese
Read more...
Thursday, March 13, 2014

ပျောက်ဆုံးလေယာဉ်ကို ဆက်ရှာမည်ဟု တရုတ်ပြော

0 comments
13.3.2014

ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တရုတ်နိုင်ငံက လုံးဝဇွဲမလျော့ဘူးလို့ တရုတ်ဝန်ကြီးချုပ် လီခေချန် က ဒီနေ့ ပြောဆိုခဲ့ပါတယ်။

မလေးရှားလေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် MH370 ဟာ မတ် ၈ ရက်နေ့ ကတည်း က ပျောက်ဆုံးနေတာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ခရီးသည်တွေရဲ့ ၁၅၃ ဦးဟာ တရုတ်နိုင်ငံ သားတွေ ဖြစ်ကြပါတယ်။

1653952_612443125500110_810919148_n“ခရီးသည်တွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာ သူတို့အတွက် အရမ်းကို ပူပန်သောက ရောက်နေကြပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေ ဟာလည်း သူတို့တွေ ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြတာပါပဲ။ ကျနော်တို့ အာလုံးဟာ သူတို့အတွက် ဘယ်လိုသတင်းအစအနလေးပဲ ရရ စောင့်မျှော်နေကြပါတယ်” လို့ ၀န်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လေယာဉ်ပျောက်ရှာဖွေရေးမှာ လောလောဆယ် သင်္ဘော ၈ စီးနဲ့ ပါဝင်နေပြီး နောက် ထပ်တစီးလည်း ပူးပေါင်းပါဝင်ဖို့ ထွက်ခွာသွား ပြီဖြစ်ပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေအတွက် ဆက်သွယ်ရေးဂြိုဟ်တု ၁၀ လုံးကိုလည်း အသုံးပြုထားတယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

“ဘယ်လို သဲလွန်စလေးပဲ ရရ ကျနော်တို့ လုံးဝဇွဲမလျော့ပါဘူး” လို့ ၀န်ကြီးချုပ်က တရုတ်ကွန်ဂရက် ပါတီရဲ့ နှစ်ပတ်လည်ညီလာခံ ပိတ်ပွဲနေ့မှာ ပြောကြားခဲ့ပါသေးတယ်။

လေယာဉ်ဟာ ရေဒါပေါ်က ပျောက်ကွယ်သွားပြီး နာရီအတန်ကြာ ပျံသန်းနေသေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ တရုတ်ဝန်ကြီး ချုပ်က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

DVB
Read more...

စစ်ရေးလျှို့ဝှက်ချက်များအားလုံး ရုရှားအကုန်သိလောက်ပြီဟု အမေရိကန် စစ်ထောက်လှမ်းရေးချုပ်ဆို

0 comments
13.3.201

ရုရှားအစိုးရအနေနှင့် အမေရိကန်အစိုးရ၏ စစ်ပွဲ အစီအစဉ်များနှင့် အခြားလျှို့ဝှက်ချက်များကို ရရှိသွားလောက်ပြီ ဖြစ်ကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ် ဖလန်းက ပြောကြားလိုက်သည်ဟု CNN သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမေရိကန် စစ်ထောက်လှမ်းရေးချုပ်က ယင်းသို့ ပြောကြားချက်ကို National Public Radio နှင့်တွေ့ဆုံ စဉ် ပွင့်ပွင့်လင်းလင်း သတိပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အရာရှိများအနေနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေါက်ကြား သွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကြိုတင် စီစဉ်သင့်သည်များကို စီစဉ်ထားရမည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလန်းက ထောက်ပြခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ဝန်ထမ်းဟောင်း အက်ဒ်ဝပ်စနိုးဒန်သည် အရေး ကြီးသော ထောက်လှမ်းရေး အချက်အလက်များကို ယူဆောင်လျက် ရုရှားတွင် သွားရောက် နေ ထိုင်နေခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ အမေရိကန် အရေးကြီး သတင်းများ ပါသွားလောက်ပြီဟု စစ်တပ်က ခန့်မှန်းခြင်း ဖြစ်သည်။
“ကျွန်တော်စိုးရိမ်တာက ကာကွယ်ရေးစွမ်းအင် သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ စနိုးဒန်ဟာ သူအလုပ်လုပ်တဲ့ အေဂျင်စီကနေ ခိုးသွားနိုင်ပါတယ်” ဟု မိုက်ကယ်ဖလန်းက ထောက်ပြခဲ့သည်။

အချို့လူများအတွက် သူရဲကောင်းတစ်ဦးဖြစ်ကာ အချို့က သစ္စာဖောက်ဟု သတ်မှတ်ခြင်းခံရသော အက်ဒ်ဝပ်စနိုးဒန်သည် အမေရိကန် အစိုးရက ဖြစ်နိုင်ခြေရှိသော အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ပြုလုပ်ထားသော တယ်လီဖုန်း လျှို့ဝှက် ခိုးနားထောင်ခြင်းများကို ဖွင့်ချခဲ့သည်။

“စနိုးဒန်ဆီမှာ ဘာတွေ ပါသွားတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အဆိုးဆုံးကို ကျွန်တော် တို့ တွေးထားရပါမယ်။ နောက်ပြီးတော့ ရှိလာနိုင်တဲ့ စွန့်စားရမှုတွေကို အတတ်နိုင်ဆုံး လျှော့ ချနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ခေါင်းဆောင်တွေသိဖို့ တင်ပေးရပါမယ်” ဟု စစ်ထောက်လှမ်းရေးချုပ် မိုက်ကယ်ဖလန်းက ပြောကြားသည်။

စနိုးဒန်သည် ယခုအခါ ရုရှားတွင် တစ်နှစ်တာ ခိုလှုံခွင့် ရရှိထားပြီး အရေးကြီးသော အမေရိ ကန် ထောက်လှမ်းရေး သတင်း အချက်အလက်များကို ရရှိထားပြီး ၎င်းတို့ကို တစ်စချင်း ဖွင့်ချလျက် ရှိသည်။

၎င်းဖွင့်ချခဲ့သော အချက်အလက် များကြောင့် အမေရိကန် အစိုးရအနေနှင့် သံခင်းတမန်ခင်း အကျပ်အတည်းများ ဆိုက်ရောက်သွားခဲ့ပြီး မဟာမိတ်များနှင့် မျက်နှာပျက်ရမှုများ ဖြစ်ခဲ့သည်။
“စနိုးဒန်က သူနိုင်သွားခဲ့ပြီ၊ သူ့တာဝန် ပြီးဆုံးသွားပြီလို့ ပြောပါတယ်။ ဒါဆိုရင်လည်း ကျန်တဲ့ခိုးသွားတဲ့ အချက်အလက်တွေကို အမေရိကန် အမျိုးသား လုံခြုံရေးကို မထိခိုက်စေဖို့ ပြန်ပေးသင့်ပါတယ်” ဟု အမျိုးသား လုံခြုံရေးအေဂျင်စီမှ ဒါရိုက်တာ ဂျိန်းစ်ကလက်ပါက ပြောကြားသည်။

The Voice Weekly
Read more...

ယူကရိန်း အကျပ်အတည်း ဆွေးနွေးညှိနှိုင်းရန် ယူကရိန်းအစိုးရ ကမ်းလှမ်းချက် ရုရှားပယ်ချ

0 comments
13.3.2014

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး နောက် အကျပ်အတည်းများနှင့် ကြုံတွေ့နေရသော ယူကရိန်း ယာယီအစိုးရက ရုရှားအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ကမ်းလှမ်းခြင်းကို ရုရှားက ငြင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံမှ ကရိုင်းမီးယားဒေသ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပသည်အထိ အခြေအနေ ဆိုးဝါးလျက် ရှိသော်လည်း ယူကရိန်းက ကရိုင်းမီးယားဒေသကို စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်မည် မဟုတ်ကြောင်း ယူကရိန်း ယာယီသမ္မတ အိုလိဆန်ဒါတာချန်နော့ဗ်က ပြောကြားသည်။

ယူကရိန်း ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ် အာဆန်နီယာတန်ယုသည် အမေရိကန်သမ္မတ အိုဘား မားနှင့် တွေ့ဆုံရန် သွားရောက်လျက်ရှိပြီး ၎င်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည်။

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ကရိုင်းမီးယားကို ယူကရိန်းမှ ခွဲထွက်ရေးနှင့် ပတ်သက်သော လူထုသဘောထား ဆန္ဒခံယူပွဲသည် လှုံ့ဆော်မှု တစ်ခုသာ ဖြစ်ပြီး ယင်းဆန္ဒခံယူပွဲကို လူအများစုက မဲမပေးဘဲ သပိတ်မှောက်လိမ့်မည် ဖြစ်ကြောင်း ယူကရိန်း ယာယီသမ္မတ အိုလိဆန်ဒါတာ ချန်နော့ဗ် က ပြောကြားသည်။

ရုရှားသည် လေထီးတပ်သား ၄၀၀၀ ခန့်ပါမည့် နှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံး စစ်ရေး လေ့ကျင့် မှု ပြုလုပ်ရန် ကြေညာထားကြောင်း ယူကရိန်း ယာယီသမ္မတ အိုလိဆန်ဒါ တာချန်နော့ဗ် က ပြောကြားသည်။

ယင်းကဲ့သို့ အကျပ်အတည်းများ ကြုံတွေ့နေရချိန်တွင် ယူကရိန်း ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အာဆန်နီယာ တန်ယုသည် အမေရိကသို့ သွားရောက်၍ အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံကာ ယူကရိန်းသို့ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ထောက်ပံ့မည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသွားဖွယ် ရှိသည်။

ကရိုင်းမီးယားဒေသသာ ရုရှားနိုင်ငံသို့ ဝင်ရောက်သွားပါက ဥရောပဒေသ လုံခြုံရေးမှာ စိုးရိမ် ဖွယ်ရာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဖြစ်ရန် ရေပန်းစားနေသော ဗစ်တာလီကလက်စ်ချန်ကို၏ အကြံပေး တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကရိုင်းမီးယားဒေသရှိ ယူကရိန်း တပ်ဖွဲ့များမှာ ရုရှားလိုလားသူ လက်နက်ကိုင် တပ်ဖွဲ့များ၏ ပိတ်ပင်ထားမှုကို ခံနေရဆဲ ဖြစ်သည်။

ထို့အတူ ရုရှားလိုလားသော လက်နက်ကိုင် တပ်ဖွဲ့များက ဆင်ဖာရိုပို လေဆိပ်၏ လေကြောင်း ထိန်းချုပ်ရေး စင်တာကို သိမ်းပိုက်လိုက်ပြီဟူသော သတင်းကြောင့် အဆိုပါ လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များကို ပယ်ဖျက်ခဲ့ရသည်။

The Voice Weekly
Read more...

ကုလသမဂ္ဂသည် သူပုန်များကို လက်နက်ထောက်ပံ့နေသည် ဟု တောင်ဆူဒန် ပြည်သူများ စွပ်စွဲဆန္ဒပြ

0 comments


13.3.2014

တောင်ဆူဒန်မြို့တော် ဂျူဘာတွင် ပြည်သူ တစ်ထောင်ကျော်ခန့်က ကုလသမဂ္ဂ အဖွဲ့အစည်းကို မကျေ မနပ်ဖြင့် ဆန္ဒပြခဲ့ကြကာ ယင်းအဖွဲ့အစည်းသည် သူပုန်များကို လက်နက်များ ထောက်ပံ့နေသည်ဟု ဆန္ဒပြ အင်အားစုများက စွပ်စွဲပြောကြားထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပြီးခဲ့သည့် သောကြာနေ့က အစိုးရတပ်များက အစားအသောက်သယ်သော ကုလသမဂ္ဂ ယာဉ်တန်းကား များပေါ်မှ လက်နက်များ သိမ်းမိသည်ဟု ပြောကြားခဲ့သည်။

သူပုန်များထံသို့ လက်နက်များ ယူသွားသည် ဆိုသည့်ကိစ္စကို ကုလသမဂ္ဂက ငြင်းဆန်ခဲ့ပြီး လက်နက်များ သည် မှားယွင်းပြီး လမ်းကြောင်းမှား ယူဆောင်မိခြင်း ဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ထားသည်။

ယင်းလက်နက်များသည် သူပုန်များအတွက် မဟုတ်ဘဲ တောင်ဆူဒန်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်း ရန် ရောက်ရှိနေသည့် ဂါနာ တပ်ဖွဲ့များအတွက် ဖြစ်သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ အေရီယန်ကွမ်တီယာက BBC အာဖရိက အစီအစဉ်ကို ပြောကြားခဲ့သည်။

တောင်ဆူဒန်နိုင်ငံတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသော တပ်အင်အား ရှစ်ထောင်ခန့် ရှိနေပြီး ကမ္ဘာပေါ်တွင် နောက်ဆုံး တည်ထောင်သော နိုင်ငံဟု ဆိုရမည့် ယင်းဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစပြီး အစိုးရနှင့် သူပုန်တပ်များအကြား တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

ဇန်နဝါရီလ အတွင်းကလည်း တောင်ဆူဒန်သမ္မတ ဆယ်ဗာကီရာက ကုလသမဂ္ဂသည် တောင်ဆူ ဒန် နိုင်ငံတွင် စင်ပြိုင် အစိုးရကဲ့သို့ ပြုမူနေသည်ဟု စွပ်စွဲခဲ့သည်။

ကုလသမဂ္ဂရုံးချုပ်မှ ထိပ်တန်း အရာရှိများအဖွဲ့ တောင်ဆူဒန်ကို ရောက်ရှိလာပြီး ယင်းကိစ္စရပ် ကို တောင်ဆူဒန် အစိုးရနှင့် ပူးပေါင်းလျက် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရ အရာရှိက ဆိုသည်။

ကုလတပ်များအတွက် လက်နက် ပို့ဆောင်ပေးရာတွင် လေကြောင်းထက် ကားလမ်းကြောင်းကို အသုံးပြု မည် ဖြစ်ကြောင်း တောင်ဆူဒန် အစိုးရနှင့် သဘောတူညီချက် ရရှိပြီး ဖြစ်သည်ဟု ယင်းအဖွဲ့အစည်း က ပြန်လည် ဖြေရှင်းထားသည်။

ယခုနောက်ဆုံး ဖြစ်ပျက်ခဲ့သော မတော်တဆမှုကြောင့် ပဋိပက္ခဖြစ်ရာ အဆိုပါ နိုင်ငံရောက် ကုလသမဂ္ဂ အဖွဲ့နှင့် တောင်ဆူဒန်တို့အကြား မကြည်လင်မှုက ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း သတင်းမီဒီယာများက သုံးသပ်ကြသည်။

ဆန္ဒပြပွဲသို့ တောင်ဆူဒန် အစိုးရဘက်မှ အရာရှိများလည်း တက်ရောက်ကြပြီး ၎င်းတို့က တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ကို နုတ်ထွက်ပေးရန် ဝိုင်းဝန်းဟစ်အော် တောင်းဆိုကြသည်။

The Voice Weekly
Read more...
Saturday, February 22, 2014

မလေးရှားနိုင်ငံ၌ နိုင်ငံခြား အလုပ်သမား ကတ်အတုများ သိမ်းဆည်းရမိ

0 comments
22.2.2014

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများအား စစ်ဆင် ဖမ်းဆီးသည့် ၆ဏ စစ်ဆင်ရေးနှင့် ကင်းလွတ်ရန် ပြုလုပ်သည့် ကတ်အတုများ သိမ်းဆည်းရမိကြောင်း မလေးရှားနိုင်ငံ၏ Malaysia Metro သတင်းဌာန ၏ ဖော်ပြချက်ကို မလေးရှားရှိ ကိုတွောင်ပူစီးယင်း၏ ဆက်သွယ် ပြောပြချက် အရ သိရသည်။

အဆိုပါကတ်များမှာ နိုင်ငံခြားသား အလုပ်သမားများ ကိုင်ဆောင်ကြသည့် အလုပ်လုပ် နေထိုင်ခွင့် ပုံ သဏ္ဌာန် ကတ်အသွင်ဖြင့် မလေးရှားနိုင်ငံရှိ အေးဂျင့်များက ပြုလုပ် ပေးထားကြကြောင်း သိရပြီး ကင်းလွတ် သည့် ကတ်ဖြစ်သည့် အထင်ဖြင့် အေးဂျင့်ထံမှ လိမ်လည် ခံထားရသည့် အင်ဒိုနီးရှား နိုင်ငံသား အလုပ်သမား နှစ်ဦးထံမှ ပြီးခဲ့သည့် စနေနေ့ ညနေပိုင်းက သက်ဆိုင်ရာမှ ဝင်ရောက် စစ်ဆေးစဉ် သိမ်းဆည်း ရမိခြင်း ဖြစ်သည်။

ထိုဖမ်းဆီးခံရသည့် အင်ဒိုနီးရှား နိုင်ငံမှ အလုပ်သမား နှစ်ဦးမှာ ကတ်ရရှိရန် မလေးရှားနိုင်ငံရှိ အေးဂျင့်ထံ ရင်းဂစ် ၄၈၀၀ ပေးရကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နိုင်သော တရားဝင် အထောက်အထား ပါမစ်ကတ် သဖွယ် လိမ်လည် ခံရခြင်း ဖြစ်ကြောင်းနှင့် ထိုကတ် ကိုင်ဆောင် ထားပါက ဖမ်းဆီးခြင်းနှင့် ကင်းလွတ်ကြောင်းဖြင့် အေးဂျင့်၏ လိမ်လည်ခြင်းကို ခံရခြင်း ဖြစ်သည်။

လွန်ခဲ့သော စနေနေ့ညပိုင်း ဆန်တိုးလ်ဈေးလမ်း (Jalan Sentul Pasar)တွင် နိုင်ငံခြားသားများအား သက်ဆိုင်ရာ ဌာနများက ပူးပေါင်း ဝင်ရောက် ဖမ်းဆီးရာ အသက်(၁၈)နှစ်မှ (၄၁)နှစ်အတွင်းရှိ မြန်မာနိုင် ငံသား အပါအဝင် စုစုပေါင်း ၃၆ ဦးအား ကတ်အတု နှစ်ခုနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
Read more...
Tuesday, February 18, 2014

ဘန်ကောက်တွင် ရဲများနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွါးရာ သုံးဦးသေဆုံး

0 comments
18.2.2014

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းများကို ထိုင်းရဲတပ်ဖွဲ့က စတင်ရှင်းလင်း ခဲ့ရာမှ ဖေဖော်ဝါရီလ ၁၈ရက်တွင် အကြမ်းဖက်ပဋိပက္ခများ ပေါ်ပေါက် ခဲ့ကာလူသုံးဦးသေဆုံးသွားခဲ့ပြီး ဒါဇင်ပေါင် များစွာ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဘီဘီစီ သတင်းဌာန တွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့တွင် ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆန္ဒပြသူများက သိမ်းပိုက်ထားခဲ့သည့် အစိုးရအဆောက်အအုံများကို ရဲများက ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခဲ့ရာမှ ပဋိပက္ခများ ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် ဆန္ဒပြသူများသည် အစိုးရ အဆောက်အဦးများစွာကို သိမ်းပိုက်၍ ဝင်ရောက်နေရာယူခဲ့ကြကာ၊ အစိုးရ နုတ်ထွက်ပေးရေးကို တောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ ဆန္ဒပြသူများ သိမ်းပိုက်ထားခဲ့သည့် အစိုးရ အဆောက်အဦးများကို ယခုအပတ်အတွင်းတွင် ပြန်လည်ရယူလိုကြောင်း အစိုးရက ကြေညာ ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်၏ ရုံးဖြစ်သည့် အစိုးရဌာနချုပ်သည် ဆန္ဒပြသူများ၏ အဓိကဆုံချက် ဖြစ်ခဲ့သည် ။ ဖေဖော်ဝါရီလ ၁၇ရက်က ထိုအဆောက်အဦး၏ အပြင်ဘက်တွင် ထောင်ပေါင်းများစွာသော သူများ စုဝေးခဲ့ကြပြီး၊ အရာရှိများ အလုပ်ခွင် ပြန်မဝင်နိုင်ရေးအတွက် အဆောက်အဦးသို့သွားရာ ဝင်ပေါက်များကို အင်္ဂတေဖြင့် ပိတ်ခဲ့သည်ဟုလည်း ဘီဘီစီ သတင်းဌာနက ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁၈ရက် အစောပိုင်းတွင်မူ ရဲများက ဆန္ဒပြသူများနှင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်ပဋိပက္ခမှာ ဘန်ကောက်မြို့လယ် ဒီမိုကရေစီမော်ကွန်းတိုင် (Democracy Monument) အနီးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိတစ်ဦးနှင့် ဆန္ဒပြသူ နှစ်ဦး သေနတ် ထိမှန်ကာ သေဆုံးသွားခဲ့သည်ဟု Erawan အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုဌာနက ဆိုခဲ့ကြောင်း ဘီဘီစီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

လက်ပစ်ဗုံးနှင့် အတိုက်ခိုက်ခံရသဖြင့် ရဲများ ဒဏ်ရာရရှိသွား ခဲ့ကြောင်း နှင့် ဗုံးဆန်များ လည်းတွေ့ရကြောင်း သတင်းများထွက်ပေါ် လာခဲ့သလို၊ ရဲများကလည်း ဆန္ဒပြသူများအား ပစ်ခတ် ခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

လူ ၆၀ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း Erawan ဌာနက ဆိုခဲ့သော်လည်း၊ ရဲများနှင့် ဆန္ဒပြသူများ အကြား ဖြစ်ပွါးခဲ့သည့် ပဋိပက္ခအကြောင်းကိုမူ Erawan ဌာနက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

အခြားတစ်နေရာတွင် စွမ်းအင်ဝန်ကြီးဌာန အနီးရှိ သပိတ်စခန်းကိုလည်း ရဲများက ပြန်လည် သိမ်းပိုက်နိုင် ခဲ့ပြီး ဆန္ဒပြသူ ၁၀၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ရက်၌ပင် စွမ်းအင်ဝန်ကြီးဌာနဝင်းအနီးရှိ သပိတ်စခန်း တစ်ခုရှိ ဆန္ဒပြသူများထံမှ အိမ်လုပ်ဗုံး ၁၂ လုံး၊ အကြီးစား မီးရှူးမီးပန်း ၂၂ ခု၊ မျက်ရည်ယိုဗုံး တစ်လုံး၊ နိုက်ထရိတ် အမှုန့် လေးအိတ် စသည်တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

Mizzima - News in Burmese
Read more...

အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ် ပြန်ပေးဆွဲခံရ

0 comments


18.2.2014

အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် မြို့တော် အဒစ်စ်အဘာဘာမှ အီတလီနိုင်ငံ ရောမမြို့သို့ပျံသန်းလာနေစဉ်လမ်းတွင်လက်ထောက် လေယာဉ်မှူးက လေယာဉ်ကို ပြန်ပေး
ဆွဲခဲ့ပြီး ရည်ရွယ်ချက်မှာဆွစ်ဇာလန် နိုင်ငံတွင်ခိုလှုံခွင့်ရရန် ပြုလုပ်ခြင်း ဖြစ်သည်။

ပြန်ပေးဆွဲသူသည် လက်နက် တစ်စုံတစ်ရာ မပါရှိဘဲ လေယာဉ်မှူး အိမ်သာသွား သည့်အခါ လေယာဉ် ထိန်းချုပ် မောင်းနှင်ခန်းကို အထဲမှ ပိတ်ထားလိုက်ပြီး လေယာဉ်ကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၄င်းသည် ဆွစ်ဇာလန် နိုင်ငံတွင် ခိုလှုံခွင့်ရရှိရန် တောင်းဆိုခဲ့သည်။ဂျီနီဗာလေဆိပ်သို့ ရောက်သောအခါ လုံခြုံရေး များက ယင်းပြန်ပေး သမားကို ဖမ်းဆီးခဲ့ပြီး ခရီးသည်များကို ကယ်တင်ခဲ့ကာ ယခုအခါ ခရီးသည် စုစုပေါင်း ၂၀၂ ဦးလုံး လုံခြုံနေပြီ ဖြစ်ကြောင်း လေကြောင်း လိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ပြန်ပေးဆွဲထားသည့် လေယာဉ် ဆင်းသက်လာနေစဉ် ဂျီနီဗာလေဆိပ် ကို ခေတ္တ ပိတ်ထားခဲ့သော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်ထား ပြီး လေဆိပ်လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်သည်။

လက်ထောက်လေယာဉ်မှူးသည် အီသီယိုးပီးယားလူမျိုး ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ကာ အီသီယိုးပီးယားတွင် တရားစွဲဆို အရေးယူခံရမည့် အန္တရာယ်ရှိသဖြင့် ဆွစ်ဇာလန်တွင် ခိုလှုံလိုခြင်း ဖြစ် သည်ဟု ၄င်းက ရဲကို ပြောကြားခဲ့သည်။

လေယာဉ်ထိန်းချုပ် မောင်းနှင်ခန်း ပြတင်းမှ ကြိုးဖြင့် တွယ်ဆင်း သွားခဲ့ပြီး နောက်ပိုင်း ရဲက ၄င်းကို လွယ်လင့်တကူ ဖမ်းဆီးနိုင်ခဲ့ သည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များသည် ၄င်းတို့ ပြန်ပေးဆွဲ ခံထားရမှန်းကို လုံးဝမသိကြဘဲ ပြန်ပေးဆွဲသူ လက်ထောက် လေယာဉ်မှူးက အာဏာပိုင်ကို ဆက်သွယ်ကာ ၄င်းပြန်ပေးဆွဲလိုက်ပြီ ဖြစ်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

ဓားစာခံများကို ခေါ်ဆောင်ကာ ပြန်ပေးဆွဲသည့် အမှုသည် ဆွစ်ဇာလန်နိုင်ငံတွင် ထောင်ဒဏ်နှစ်ပေါင်း ၂၀ ခန့် ချမှတ်ခံ ရနိုင်ကြောင်း ဂျီနီဗာမှ ဥပဒေအရာရှိများ က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

၁၉၉၆ ခုနှစ်က အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း ပြန်ပေးဆွဲခံခဲ့ရကာ လေပေါ်တွင် ပျံသန်းနေစဉ် ဆီကုန်သွားခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ အတွင်း ပျက်ကျခဲ့သဖြင့် လူ ၁၂၅ ဦး သေဆုံးခဲ့ရသည်။

The Voice Weekly
Read more...

ထိုင်းအစိုး ရရုံးချုပ် ဆန္ဒပြ သူတွေ အ၀ိုင်း ခံရ

0 comments


18.2.2014

ထိုင်း နိုင်ငံမှာ ထောင်နဲ့ ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ် ကြီးဟာ ဘန်ကောက်မြို့ မှာရှိတဲ့ အစိုးရ ရုံးကို ၀ိုင်းထားလိုက်ကြ ပါတယ်။ ဒီလုပ် ရပ်ဟာ ရဲတပ်ဖွဲ့ကနေ ဆန္ဒပြလူ အုပ်ကြီးတွေ သီတင်း ပတ် အတန်ကြာ အခြေစိုက် ထားရာ နေရာတွေကို ပြန်ပြီးတော့ သိမ်းပိုက် မယ်ဆိုပြီး ပြောဆို ထားတာကို အန်တု လိုက်တဲ့ လုပ်ရပ် လည်းဖြစ်ပါ တယ်။

ဆန္ဒပြသူ တွေက ၀န်ကြီး ချုပ်ယဉ်လတ် ရှင်နာဝပ် ရုံးထိုင်တဲ့ အစိုးရ အဆောက်အ ဦးရဲ့ ဂိတ် ၀တွေကို တနင်္လာ နေ့မှာ အင်္ဂတေနဲ့ ပိတ်ဆို့ လိုက်ပါတယ်။ ၀န်ကြီး ချုပ်ဟာ သူမရဲ့ယာယီ အိမ်စောင့်အ စိုးရအဖွဲ့ ကို မြို့တော်ရဲ့ တခြား နေရာတွေမှာ ဖြန့်ခွဲထား လိုက်ရ ပါတယ်။

အထိက ရုဏ်းနှိမ်နင်း ရေး ရဲတပ်ဖွဲ့ ၀င်တွေဟာ သောကြာနေ့က စတင်ပြီး ဘန်ကောက်မြို့အတွင်း သီတင်းပ တ်အ တန်ကြာ သပိတ် စခန်း ဖွင့်ပြီးတော့ ဆန္ဒပြနေ ကြတဲ့ အစိုးရ ဆန့်ကျင်ရေး လှုတ်ရှား သူတွေ သိမ်းပိုက်ထား တဲ့နေရာ တွေကို လိုက်လံ ရှင်းလင်း နေတာပါ။

နံပါတ်တုတ် တွေကိုင်ဆောင်ပြီး သံခမောက် တွေဆောင်း ထားတဲ့ ရဲတပ်ဖွဲ့ ၀င်တွေက ရွက်ဖျင်တဲ တွေ အတားဆီး တွေကို လိုက်လံ ဖယ်ရှားနေ သလို သူတို့ကို ပြန်ပြီး မခုခံ ကြဖို့ အသံချဲ့စက် တွေနဲ့ အော်ဟစ် သတိပေး နေကြပါ တယ်။

ဒါပေမဲ့ အတိုက်ခံ ပြည်သူ့ဒီ မိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ကော်မတီ အဖွဲ့ဝင် အစ်စရာ စုမ်ချိုင် (Issara Somchai) ကတော့ ဆန္ဒပြသူ အများစု အနေနဲ့ အလျှော့ပေးမှာ မဟုတ်ဘူး လို့ ပြောပါတယ်။ အာဏာပိုင် တွေက ပြီးခဲတဲ့ လအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သလို ဆန္ဒပြ ခေါင်းဆောင်တွေ ကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ထား ပါတယ်။

VOA
Read more...

နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

0 comments


18.2.2014

ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာန တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄ ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော ဒေသ တစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။
“ခရီးသည်တွေထဲက တစ်ယောက်က ဒိန်းမတ်ကပါ။ ဒါပေမဲ့ ကျန်တဲ့ ခရီးသည်တွေ အားလုံးကတော့ နီပေါက ခရီးသည်တွေ ချည်းပါပဲ” ဟု နီပေါ လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရမ်ဟာရီ ရှာမာက ပြောကြားသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူများက လေယာဉ်၏ တည်နေရာကို ရှာဖွေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားသည်ဟုလည်းမစ္စတာရှာမာက ပြောကြားသည်။ယခု ပျောက်ဆုံးလျက်ရှိသောနီပေါ လေကြောင်း လိုင်းပိုင် လေယာဉ်သည် ပုပ်ခ်ဟာရာမှ ဂျမ်မလာမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက ထားနေရသော နီပေါနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း လေယာဉ် ပျက်ကျမှု အကြိမ်ရေ မနည်း ဖြစ်ပွားခဲ့ပြီး အများစုမှာ လေယာဉ်မှူး များ၏ အတွေ့အကြုံ နည်းပါးမှု၊ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းကလည်း ပုပ်ခ်ဟာရာ မြို့အနီးတွင် အပေါ့စား လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ပြီး ဒေသခံ လေယာဉ်မှူး တစ်ဦးနှင့် တရုတ် ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။
ဥရောပသမဂ္ဂသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံ ပိုင် လေကြောင်းလိုင်းများကို ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရခြင်း မရှိဟုဆိုကာ အမည်ပျက် စာရင်း သွင်းခဲ့ပြီး ထိုလေကြောင်း လိုင်းများ ဥရောပသို့ ပျံသန်းခြင်းကိုလည်း တားမြစ်ခဲ့သည်။

MWD
Read more...

ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ

0 comments


18.2.2014

အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။

ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြော ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။

အမေရိကန်ရေတပ်နဲ့ ကမ်းခြေတပ်တို့ ရဲ့ လေ့လာမှု စစ်တမ်းကို အထောက် အထား ယူပြီး သမုဒ္ဒရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ (NOAA ) က ဘာမြူဒါတြိဂံဒေသ ဟာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွား မှု ကြောင့် သာ လေယာဉ်တွေနဲ့သင်္ဘောတွေ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ် ပြန် ကြေညာ ခဲ့ ပါ တယ်။ မကောင်းဆိုးဝါးတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း လက်တွေ့ ပြသဖို့ အထောက် အ ထား လုံးဝ မရှိခဲ့ဘူးလို့ ယင်းအဖွဲ့က ဆက်လက်ဆိုခဲ့ပါ တယ်။

ယင်းအဖွဲ့ရဲ့ ကြေညာချက်မှာ ““ကျွန် တော် တို့ ဟာ သင်္ဘောတွေနဲ့ လေယာဉ်တွေ ဘာမြူဒါတြိဂံဒေသမှာ ဘာကြောင့် ပျောက် ဆုံးခဲ့ရသလဲ ဆိုတာကို အကြိမ် ကြိမ် လေ့လာ မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ထွက် ပေါ်လာတဲ့အဖြေကတော့ ရာသီဥတုကြောင့် သာ ဖြစ် ပါ တယ်””လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

၁၉၅၀ ပြည့်ကာလ တွေ အထိ ဘာမြူဒါ တြိဂံဒေသကို လူ တွေ သိပ်စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ အေပီသတင်းဌာနက သတင်း ထောက် တစ်ဦးဖြစ်တဲ့ ဂျူံးစ်ဟာ ဒီအ ကြောင်း နဲ့ပတ် သက်ပြီး ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာမြူဒါတြိဂံဒေသကို လူတွေ စိတ် ၀င် စားလာရခြင်း ဖြစ်ပါတယ်။

ဂျူံးစ်ရဲ့ ရေးသားဖော်ပြမှုအရ အမေရိကန် စစ်သင်္ဘောတွေဟာ ဘာမြူဒါ တြိဂံ ဒေသမှာ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့တယ်လို့ သိခဲ့ရပါ တယ်။ ပြီးခဲ့တဲ့ နှစ် ဇန်န၀ါရီကာလမှာလည်း အီတလီ နာ မည်ကြီးဒီဇိုင်နာ မစ်ဆိုနီအပါ အ၀င် ခရီးသည်ငါးဦးဟာ ဘာမြူဒါတြိဂံဒေသ မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆို ပါ တယ်။

ဒါပေမဲ့ (NOAA)အဖွဲ့ကတော့ ပင်လယ် သမုဒ္ဒရာ တွေဟာ လူသား တွေအတွက် အမြဲ တမ်း အသစ် အ ဆန်း တစ်ခု သဖွယ် ဖြစ်နေ ကြောင်း၊ ရာသီဥတု ဆိုးရွားမှုကို ဘယ်သူမှ ခန့်မှန်းလို့မရကြောင်း၊ ဒါကြောင့် ဘာမြူဒါ တြိဂံဒေသဟာဆိုးရွားတဲ့နေရာ ဖြစ်လာခဲ့ ကြောင်း ဆိုသွားခဲ့ပါ တယ်။

MWD
Read more...

MAI လေကြောင်းလိုင်း ဂျပန်- မြန်မာ တိုက်ရိုက်ပြေးဆွဲရန် ဂျပန်တွင် ရုံးဖွင့်မည်

0 comments
18.2.2014

ရန်ကုန်၊ မဇ္ဈိမ။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI အနေဖြင့် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

“အဓိကကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုပ်တာပါ။ ဒါက MAIလကြောင်းလိုင်း အနေနဲ့ ပထမဦးဆုံး ဂျပန်နိုင်ငံနဲ့ M0U ရေးထိုးတာဖြစ်သလို ဂျပန်နိုင်ငံမှာ ရုံးခန်းဖွင့်တဲ့ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းတွေထဲမှာ MAI က ပထမဦးဆုံးလည်း ဖြစ်တယ်။ ဂျပန်မှာ ရုံးခန်းကို တစ်လ အတွင်း ဖွင့်နိုင်ဖို့ မှန်းထားတယ်။ လာမယ့် ဇွန်လလောက်မှာ ဂျပန်- မြန်မာ တိုက်ရိုက်ပုံမှန်ခရီးစဉ် စပြီးပြေးဆွဲမယ်” ဟု ဒေါ်အေးမရသာက ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် ဂျပန်နိုင်ငံ HAMA INC တို့ MOU ရေးထိုးမှု ကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။ ၎င်း MOU အရ MAI မှ Joint Venture ကုမ္ပဏီအဖြစ် ဂျပန်နိုင်ငံတွင် HAMA INC နှင့် ပူးပေါင်းကာ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး ဂျပန်- မြန်မာ လေယာဉ်ခရီးစဉ်များကို စင်းလုံးငှားခရီးစဉ်များ အပြင် နေ့စဉ် ပုံမှန်ခရီးစဉ်များကိုပါ အမြန်ဆုံးတိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် MAI က ရန်ကုန်မှ တိုက်ရိုက်ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းနေသော ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိနှင့် ဖနွမ်းပင်မြို့များကိုပါ မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်ခရီးသည်များ သွားရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ရန်လည်း ဆောင်ရွက်ထားသည်ဟု သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂါယာ၊ ဖနွမ်းပင် နှင့် စီရမ်ရိမြို့များသို့ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

Mizzima - News in Burmese
Read more...
Monday, February 17, 2014

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရန် ကြိုးပမ်းမည်

0 comments
17.2.2014

ဘင်္ဂလားဒေရှ့်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးစားလုပ်ဆောင်နေပြီး လာမည့် ဘင်းစတက်အစည်းအဝေး တွင်လည်း နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန်ဆွေးနွေးသွားမည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံရှိ စီးပွားရေးအသိုက်အ၀န်းက သုံးသပ်ပြော ဆို ကြောင်း ဖိုင်နင်ရှယ် အိတ်ပရက်(စ်)သတင်းဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲဖြင့် ရေး သားဖော်ပြ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာစီနာသည် မြန်မာနိုင်ငံတွင် ကျင်းပမည့် တတိယအကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ဘက်စုံနည်းပညာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (ဘင်းစတက်အဖွဲ့) ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် မတ်လ ၁ ရက်တွင် မြန်မာနိုင်ငံသို့ လာ ရောက်မည် ဟုလည်း ဖိုင်နင်ရှယ်အိတ်ပရက်(စ်)တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်နှင့်အတူ အင်အားကြီးမားသော စီးပွားရေးလုပ်ငန်းရှင် များလည်း မြန်မာနိုင်ငံသို့ လိုက်ပါသွား ဖွယ်ရှိသည်ဟု ဖိုင်နင်ရှယ် အိတ်ပရက်(စ်)က ဆိုသည်။

ထိပ်သီးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ က နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး ပင်လယ်ကမ်းရိုး တန်း ရေကြောင်း သွားလာရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးရေး နယ်စပ် ကုန်သွယ် မှုဆိုင်ရာကိစ္စရပ်များ ပိုမိုရှင်းလင်းစွာလုပ်ဆောင်ရေး အိမ်နီးချင်းနှစ်နိုင်ငံကြား လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေထွက် ပစ္စည်းရောင်းဝယ်ရေးကိစ္စရပ်များကို အလေးပေးဆွေးနွေးကြမည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နှစ်စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထိ တိုးမြှင့် သွားရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟုလည်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများကပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှအသီးအရွက်များ၊ ပြုပြင်ထားသော အစားအသောက်များ၊ အဖျော် ယမကာများ၊ ဖိနပ်များ၊ ဓာတုကုန်ကြမ်းပစ္စည်းများ၊ အခြားပေါင်းစပ်ထားသော စက်မှုပစ္စည်းများ၊ စက္ကူများ တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံသို့ အအေးခံထားသော အစားအစာများ ဓာတုပစ္စည်းထွက်ကုန်များ သား ရေနှင့် ဂုန်လျှော်ထွက်ကုန်များ တင်ပို့လျက်ရှိသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ကုန်ပစ္စည်းတင်ပို့မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၆၇ သန်းရှိပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၈၄ သန်းရှိသည်ဟု ဖိုင်နယ်ရှယ် အိတ်ပရက်(စ်)က ရေးသားဖော်ပြသည်။

Mizzima - News in Burmese
Read more...
Tuesday, February 11, 2014

အမေရိကန် သံတမန်ကို လက်ခံ တွေ့ဆုံခြင်းမပြုရန် မြောက်ကိုရီးယား ဆုံးဖြတ်၊ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်

0 comments
11.2.2014

မြောက်ကိုရီးယားနိုင်ငံ၌ ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသား တစ်ဦးအရေးနှင့် ပတ်သက်ပြီး လာရောက် ဆွေးနွေးမည့် အမေရိကန် သံတမန်ကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယား အာဏာ ပိုင်များက ဆုံးဖြတ်လိုက်ပြီး ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လျက် ရှိသည်ဟု CNA သတင်းဌာန တွင် ဖော်ပြထားသည်။

နှစ်စဉ် ပြုလုပ်နေကျ တောင်ကိုရီးယား - အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှု အစီအစဉ် စတင်မည့် ရက် ကြေညာပြီးနောက် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်လျက် ရှိသည့် အချိန်တွင် မြောက် ကိုရီးယားက ယခုကဲ့သို့ အမေရိကန် သံတမန်တစ်ဦးကို လက်ခံ တွေ့ဆုံခြင်း မပြုရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် အမေရိကန် သံတမန် ရောဘတ်ကင်းကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယား အာဏာပိုင်များက ဆုံးဖြတ်လိုက်သည့်အတွက် အလွန်တရာ စိတ်ပျက်မိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြောက်ကိုရီးယားနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထား ရသည့် ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသား ကင်နက်ဘိုင် ပြန်လည် လွတ်မြောက်ရေးအတွက် ရော ဘတ်ကင်း က မြောက်ကိုရီးယား အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရရန် ကမ်းလှမ်း ထားခဲ့ခြင်း ဖြစ် သည်။

မြောက်ကိုရီးယား အာဏာပိုင်များသည် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းကလည်း ကင်နက်ဘိုင်ကို လွှတ်ပေးရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်ကို အချိန်နီးမှ ကပ်ပြီး ဖျက်ခဲ့သေး သဖြင့် ရောဘတ်ကင်းအနေနှင့် မြောက်ကိုရီးယား တို့၏ ငြင်းပယ်ခြင်းကို ခံရသည်မှာ ယခုအကြိမ်နှင့် ဆိုလျှင် နှစ်ကြိမ် ရှိပြီ ဖြစ်သည်။

ကင်နက်ဘိုင်သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး မြောက် ကိုရီးယားတို့က ၎င်းကို အကြမ်းဖက် ခရစ်ယာန် တရားဟော ဆရာဟု သတ်မှတ်ပြီး ဖမ်းဆီး ထောင်ချခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ကင်နက်ဘိုင်သည် ၎င်း၏ ပြစ်ဒဏ်ကို ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့မှ စတင်ကာ ကျခံခဲ့ရပြီး အသည်းနှင့် ကျောက်ကပ် ရောဂါများကြောင့် သြဂုတ်လထဲ တွင် ဆေးရုံတက်ခွင့် ရခဲ့သည်။

သို့ရာတွင် ပြီးခဲ့သော လအတွင်းက အလုပ်ကြမ်းစခန်းသို့ ပြန် လည် စေလွှတ်ခြင်း ခံခဲ့ရပြီး ၎င်း၏ မိသားစု ဝင် များနှင့် အမေရိကန် ပြည်ထောင်စုမှ တာဝန်ရှိသူများက ကင်နက်ဘိုင်၏ ကျန်းမာရေးအတွက် အလွန် တရာ စိုးရိမ် ပူပန်မိသည်ဟု ပြောကြား ခဲ့ကြသည်။

နှစ်စဉ် ပြုလုပ်နေကျ တောင်ကိုရီးယား - အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ဧပြီလ ၁၈ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး မြောက်ကိုရီးယားက ထိုပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ၎င်းတို့ နိုင်ငံ ကို ကျူးကျော် တိုက်ခိုက်ရန် အစမ်း လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောကြား
ထားသည်။

ကင်နက်ဘိုင်၏ မိသားစုကမူ ကင်နက်ဘိုင် တစ်ယောက် မြောက် ကိုရီးယား၏ နိုင်ငံရေး ကစားကွက် အတွင်းတွင် နယ်ရုပ် တစ်ရုပ် ဖြစ်သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သူ ဂျင်ဆာကီကလည်း မြောက် ကိုရီးယား နိုင်ငံအနေနှင့် ယမန်နှစ် အတွင်းက ပေးထားသော ကတိဖြစ်သည့် ကင်နက်ဘိုင် ကို နိုင်ငံရေး အပေးအယူ ပစ္စည်းတစ်ခုကဲ့သို့ အသုံးချခြင်း မပြုပါဟူသော ကတိကို စောင့်ထိန်းရန် လိုလိမ့်မည် ဟု ပြောကြားခဲ့သည်။

The Voice
Read more...

အမေရိကန် နယ်နိမိတ်အနီးသို့ အီရန် စစ်သင်္ဘောများ ဦးတည် ခုတ်မောင်း

0 comments
11.2.2014

ပင်လယ်ကွေ့ ဒေသတွင်း အမေရိကန် စစ်သင်္ဘောများ အခြေစိုက်ထား သည်ကို တုံ့ပြန်သည့် အနေနှင့် အမေရိကန် ပြည်ထောင်စု နယ်နိမိတ် အနီးသို့ အီရန် စစ်သင်္ဘောများ ဦးတည် ခုတ်မောင်းရန် အမိန့်ပေး ထား သည်ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး ဟတ်ဒတ်က ပြောကြားထားကြောင်း Reuters သတင်း တွင် ဖော်ပြထားသည်။

“အမေရိကန် ရေကြောင်းနယ်နိမိတ် အနီးကို အီရန် စစ်သင်္ဘောအုပ်စု ချဉ်းကပ်လာပါပြီ။ အဲဒီလို လုပ်ဆောင်ချက်မှာ သတင်းစကားတစ်ရပ် ပါဝင်နေပါတယ်” ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး ဟတ်ဒတ် က ပြောကြားသည်။

ပါရှန်ပင်လယ်ကွေ့ ဒေသတွင်း အမေရိကန် ပြည်ထောင်စုက ရေတပ်အင်အား တိုးချဲ့ ချထားခြင်းကို တုံ့ပြန်သည့်အနေနှင့် အီရန်စစ်သင်္ဘောများ စေလွှတ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အီရန်စစ်သင်္ဘော အုပ်စုတွင် ဖျက်သင်္ဘော တစ်စင်းနှင့် ရဟတ်ယာဉ်တင် ထောက်ပံ့ပေး သင်္ဘော တစ်စင်းတို့ ပါဝင်ပြီး အီရန်နိုင်ငံတောင်ပိုင်း ဘန်ဒါအဘတ် ဆိပ်ကမ်းမှ ပြီးခဲ့သည့် လအတွင်း စတင် ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း Washington Post သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်သင်္ဘောများတွင် ဖွဲ့စည်းပုံပါ တပ်ဖွဲ့ဝင်များအပြင် ရေတပ်ဗိုလ်လောင်း အယောက် ၃၀ ကိုလည်း ခေါ်ဆောင်လာကြောင်း တောင်အာဖရိက ရေပြင်မှ တစ်ဆင့် အတ္တလန်တိတ် သမုဒ္ဒရာတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း အီရန်ရေတပ် ဗိုလ်ချုပ်ဟတ်ဒတ်က ပြောကြားသည်။

အမေရိကန် ရေကြောင်းနယ်နိမိတ် အနီးသို့ အီရန် စစ်သင်္ဘောများ ချဉ်းကပ်လာသည်ဆိုသော သတင်းများကို သံသယရှိကြောင်း ဝါရှင်တန်ရှိ အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦး က ပြောကြား သွားသည်။

“အပြည်ပြည်ဆိုင်ရာ ရေပြင်မှာ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ပါတယ်” ဟု ၎င်းက ဖြည့် စွက် ပြောကြားသည်။

အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်နှင့် ယင်းဒေသ ပြင်ပနေရာများ အထိပါ အင်အား ဖြန့်ကြက်နိုင်ကြောင်း အီရန်နိုင်ငံက ထုတ်ဖော် ပြသနေသည့် ကာလတွင် ယခုကဲ့သို့သော ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကလည်း အီရန်နိုင်ငံအနီးရှိ ပင်လယ်ကွေ့ဒေသတွင် ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပုံမုန် ပြုလုပ်လေ့ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှု (ပင်လယ် ရေကြောင်းလမ်းမှ) ၄၀ ရာခိုင်နှုန်း ဖြတ်သန်း သွားလာနေသည့် ပင်လယ်ကွေ့ ရေပြင်တွင်း လုံခြုံမှု ရရှိစေရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ပင်လယ်ကွေ့ဒေသကို အီရန်နိုင်ငံက မိမိတို့၏ သြဇာလွှမ်းမိုးရာ ဒေသဖြစ်သည်ဟု ရှုမြင်ထားပြီး အဆိုပါ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးချဲ့လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ခံယူထားသည်။

အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်လာပါက ပင်လယ်ကွေ့ဒေသ ထိပ်ရှိ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု အီရန်နိုင်ငံက ခြိမ်းခြောက်ထားပြီး အနောက်နိုင်ငံများ၏ စစ်ရေး လေ့ကျင့်မှုများသည် ယင်းကဲ့သို့သော အခြေအနေကို ကိုင်တွယ်နိုင်ရန် ကြိုတင် လေ့ကျင့်မှုဖြစ် သည်ဟု လေ့လာ သုံးသပ်သူများက ပြောကြားသည်။

The Voice Weekly
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here