Thursday, August 30, 2012

အစိုးရအဖွဲ့အတွင်း ကြီးမားသော အပြောင်းအ လဲများနှင့် ကိုးဂဏန်း တို့ တိုက်ဆိုင်မှု

0 comments

ပြည်ထောင်စုဝန်ကြီးကိုးဦးအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယ၀န်ကြီး ၁၅ ဦးကို ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ (ညနေ ၆ နာရီ) ၄၅ မိနစ်အချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခြင်းနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်က ထုတ်ပြန်ကြေညာ ရာတွင် နေ့ရက်နှင့် အချိန်တို့မှာ တိုက်ဆိုင်စွာ ကိုးဂဏန်းသုံးခု (သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ၊ ၄၅ မိနစ်) ဖြစ်နေသည်ကို တွေ့ရသည်။
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများအဖြစ် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးလှထွန်းနှင့် ဦးတင်နိုင်သိန်းတို့ကို ပြောင်းလဲခန့်အပ် တာဝန်ပေးလိုက်သည်။ ထို့ကြောင့် သမ္မတရုံးဝန်ကြီးဌာနမှာ နဂိုရှိပြီး ပြည်ထောင်စုဝန်ကြီး နှစ်ဦးအပါအ၀င် ခြောက်ဦးရှိနေသည်။
ဝန်ကြီးအပြောင်းအလဲဖြစ်မည်ဟု သတင်းများ ထွက်ပေါ်တိုင်း ပါလေ့ရှိသော ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကြည်ဖြစ်လာ သည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှာ သမ၀ါယမ၀န်ကြီးဌာန၏ ပြည်ထောင်စု ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန်ယူရမည် ဖြစ်သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအုန်းမြင့်ဖြစ်လာသည်။ ယခင် ဦးအုန်းမြင့်မှာ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနနှင့် သမ၀ါယမ ၀န်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။
အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သော ဦးတင့်ဆန်းမှာ အားကစားဝန်ကြီးဌာနတစ်ခုတည်း ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။
ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်မှာ စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။
ပြောင်းလဲတာဝန်ပေးအပ်လိုက်သော ပြည်ထောင်စုဝန်ကြီးအချို့၏ မူလ၀န်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုဝန်ကြီး အမည်များ ကိုမူ ကြေညာခဲ့ခြင်း မရှိသေးပေ။ ထို့ကြောင့် ဦးအောင်မင်း တာဝန်ထမ်းဆောင်ခဲ့သော ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဦးလှထွန်း တာဝန်ထမ်းဆောင်ခဲ့သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဦးတင်နိုင်သိန်း တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသားစီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဦးအောင်ကြည် တာဝန်ထမ်းဆောင်ခဲ့သော အလုပ်သမားဝန်ကြီးဌာန၊ ဦးကျော်ဆန်း တာဝန်ထမ်းဆောင်ခဲ့သော ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဦးအေးမြင့် တာဝန်ထမ်းဆောင် ခဲ့သော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဦးတင့်ဆန်း တာဝန်ထမ်းဆောင်ခဲ့သော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးများ မည်သူဖြစ်လာမည်ကို ပြည်သူများက အထူးစိတ်ဝင်စားကာ ထင်ကြေးအမျိုးမျိုးပေးလျက် စောင့်ကြည့်နေကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ပြောင်းလဲခန့်အပ်မှုများမှာ ထပ်မံကြေညာဦးမည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ခန့်မှန်းနေကြသည်။ ပြည်ထောင်စု ၀န်ကြီး အပြောင်းအလဲသတင်းများကို ပြည်တွင်းရှိ အင်တာနက်သုံးစွဲသူများ အထူးစိတ်ဝင်စားခဲ့ပြီး သမ္မတရုံးဝက်ဘ်ဆိုက် ကြေညာပြီး မိနစ်ပိုင်းအတွင်း ထိုအကြောင်းကိုသာ အဓိက၀င်ရောက် ပြောဆိုဆွေးနွေးနေကြသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်တာဝန်ပေးနိုင်ပြီး၊ ခန့်အပ်တာဝန်ပေးလျှင် ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားပြီး သဘောတူညီချက် ရယူရန်လိုကြောင်း အခြေခံဥပဒေတွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုအတွက် ဒုတိယ၀န်ကြီး ၁၅ ဦးကိုလည်း အမိန့်အမှတ် ၂၁/၂၀၁၂ ဖြင့် ခန့်အပ်တာဝန်ပေးခဲ့သည်။ ဒုတိယ၀န်ကြီး ၁၅ ဦးတွင် ထူးခြားမှုမှာ အရပ်ဘက်မှ အများဆုံးဖြစ်ပြီး၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်များ ပါဝင်ခဲ့သည်။ ထို့အပြင် အမျိုးသမီးလေးဦး ပါဝင်လာသည်။ အစိုးရအဖွဲ့အတွင်း မူလက ဒုတိယ၀န်ကြီးအဖြစ် အမျိုးသမီးနှစ်ဦးသာရှိရာမှ ယခု ခြောက်ဦးရှိလာပြီဖြစ်သည်။
“၈ နာရီ (ည) မထိုးခင်လေးမှ သမ္မတရုံးဝက်ဘ်ဆိုက်က စာရင်းတွေ့လို့ဆိုပြီး မိတ်ဆွေတွေက လှမ်းပြောလို့သိတာ။ သမ္မတရုံးက တရားဝင်ဆက်သွယ် အကြောင်းကြားတာမျိုးတော့ မရှိသေးပါဘူး”ဟု ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးက 7Day News သို့ ည ၈ နာရီကျော်တွင် ပြောသည်။
From: 7Day

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here