Monday, August 20, 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ မိမိအသိစိတ်ဓါတ်ဖြင့် နှုတ်ထွက်စေရန် တောင်းဆိုထားသော သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ

0 comments
ပြည်သူ့လွှတ်တော်ဥက္ကဌက (၁၄-၈-၂၀၁၂)ရက်စွဲနဲ့ သ၀ဏ်လွှာ(၁)စောင် ပေးပို့လာခဲ့ပါတယ်။ ဒီသ၀ဏ်လွှာကတော့ ပြည်ထောင်စုအဆင့်သတ်မှတ်ချက်နဲ့ စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးက မကျေနပ်တဲ့အတွက် လက်မှတ်ရေးထိုးပြီး ခုံရုံးအဖွဲ့ဝင်(၉)ဦးကို စွပ်စွဲ ပြစ်တင်မှု ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက် အပေါ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌက သည်းခံကြရန်မေတ္တာရပ်ခံပြီး နိုင်ငံတော်သမ္မတ   ထံ ပေးပို့ လာခြင်း ဖြစ်ပါတယ်။

အဓိကအားဖြင့် တောင်းဆိုချက် (၂)ချက်ပါဝင်ပါတယ်။

(၁) နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က ခုံရုံးကို တင်သွင်းခဲ့တဲ့ ပြည်ထောင်စုအဆင့် အဓိပ္ပါယ် ဖွင့်ဆိုပေးရေးဆိုင်ရာ တင်သွင်းမှု ကို ပြန်လည်ရု့်သိမ်းပေးရန်။

(၂) ခုံရုံးအဖွဲ့ဝင်အားလုံး မိမိအသိစိတ်ဓါတ်နဲ့ နှုတ်ထွက်စေရန် နိုင်ငံတော်သမ္မတက ဆောင်ရွက်ပေးရန် တို့ ဖြစ်ပါတယ်။

ဒီသ၀ဏ်လွှာအပေါ်မှာ နိုင်ငံတော်သမ္မတရဲ့ သဘောထားကို ယနေ့ ရက်စွဲနဲ့ အောက်ပါအ တိုင်း ပြန်ကြားခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စာအမှတ်၊ ၁၀၈ ( ၁ ) / ၈ / သမ္မတရုံး
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်

သို့
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်

အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း
ရည် ညွှန်းချက်။ နိုင်ငံတော်သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ၁၄-၈-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၀၃/ပသ(စဝ) ၄/၂၀၁၂-၀၁၂ ဖြင့် ပေးပို့သည့် သဝဏ်လွှာ

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ က ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများအားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်း ကျသော ဆောင်ရွက်ချက် များ ဖြစ်လာစေ ရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။

၂။ ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု အဆင့်နှင့် လျော်ညီ သည့် ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုမိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံ ဆောင်ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့်   ကော်မတီ၊   ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်းရှိ မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

၎။ ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား   ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရအပြီးအပြတ်အတည်ဖြစ်ပါသည်။ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲအဆင့် မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။

၅။ ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူစေရေးကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေးအတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုတာဝန်မှ အနားယူစေရန်မှာ လည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ပါသည်။

၆။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ (၂)ဦးတို့မှ ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင် အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စအပေါ် အမှားမှားအယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက်၍သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂ္ဂိုလ်များမဖြစ်နိုင်ဟုယုံကြည်ပါသည်။

၇။ မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်ကျင်းပစဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာသို့မဟုတ် ကျမ်းသစ္စာပြုထားကြသူများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။

၈။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစ အခြေအနေတွင်သာရှိပါသေးသည်။ သို့ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿ နာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို   ထောက်ထား ၍လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက်လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။

၉။ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်။

(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here