Friday, August 10, 2012

စိုင်းနော်ခမ်း ဒုလက်ထောက်အား နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးရန်ပြန်လည်စိစစ်မည်

0 comments
ကျိုင်းတုံသို့ တရုတ်အဆင့်မြင့်အရာရှိကြီးများက စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက်ဖြစ်သူ စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန်အား မြန်မာနိုင်ငံသားမဟုတ်ဆိုသည့် စွပ်စွဲချက်အပေါ် ဟုတ်မှန်ကြောင်း ပြသရန် ကွင်းဆင်းစစ်ဆေး ပြီး မှတ်ပုံတင် ပြန်ထုတ်ပေးသွားမည်ဟု ကျိုင်းတုံမြို့ စရဖ နှင့် နီးစပ်သူတဦးကပြောပါသည်။

“တရုတ်တွေက စိုင်းအောင်မြတ်ကိုလွှဲယူချင်နေတာ။ ဒါကိုမြန်မာအစိုးရက လက်မခံဘူး၊ တရုတ်က အကြောင်းရှာတာ ပေါ့ သူက မြန်မာနိုင်ငံသားမဟုတ်ဘူး၊ မှတ်ပုံတင်လဲမရှိဘူးပေါ့။ အဲဒါကို ရဲတို့ လ၀ကတို့က သူ့ဆွေမျိုးတွေ၊ သူ့သန်း ခေါင်စာရင်းတွေ စီစစ်ဖို့၊ စီစစ်ပြီးရင် မှတ်ပုံတင်ပြန်ထုတ်ပေးဖို့ ဒီကနေ့ ကျိုင်းတုံကနေ တာချီလိတ်ကို သွားမယ်” - ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။

ဩဂတ်စ် ၇ - ၈ ရက်နေ့၌ စိုင်းအောင်မြတ်အား တရုတ်ကိုယ်စားလှယ်အဖွဲ့က နံနက် ၉ နာရီမှ ည ၉ နာရီအထိနှစ်ရက် ဆက်တိုက် စစ်ဆေးခဲ့ကြောင်း၊ ယမန်နေ့စစ်ဆေးချက်မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့က စိုင်းအောင်မြတ်အား မြန်မာ နိုင်ငံသားမဟုတ်ဟု စွပ်စွဲခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ယခင်သန်းခေါင်စာရင်းအား ပြန်လည်စိစစ်ပြီး မြန်မာ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးသွားရန် ကျိုင်းတုံမြို့ရဲအရာရှိအချို့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းအချို့က တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ ရှိ စိုင်းအောင်မြတ်ဇာတိရွာ အားသွားရောက်စစ်ဆေးရန်ပြင်ဆင်ခြင်းဖြစ်ကြောင်း - ကျိုင်းတုံမြို့ ရဲစခန်းအား ဝင်ဆန့်သူတဦးကပြောပါသည်။

“တရုတ်က စိုင်းအောင်မြတ်ကို မြန်မာနိုင်ငံသားမဟုတ်ဘူးလို့ စွပ်စွဲတော့ စိုင်းအောင်မြတ်က သူက တာလေမြို့နယ်ခွဲ မိုင်းလင်း ကျေးရွာအုပ်စု နမ့်ခင်း(မ်း)ရွာမှာ သူ့ မိဘတွေ၊ ဇနီးသားသမီးတွေ၊ မောင်နှမတွေရှိသေးတယ်လို့ ပြန်ပြော တယ်” - ဟု အဆိုပါ ကျိုင်းတုံရဲစခန်း အသိုင်းအဝိုင်း ကပြောပါသည်။

စိုင်းအောင်မြတ် သည် မြန်မာအစိုးရထံ လက်နက်ချ သည့် မြန်မာနိုင်ငံသားတဦးဖြစ်သောကြောင့် တရုတ်အစိုးရထံ လုံးဝ လွှဲအပ်ပေးမည်မဟုတ်ကြောင်း၊ ယခုလအတွင်း တရုတ်နှင့်ဆိုင်သော အမှုအခင်းစစ်ဆေးပြီးပါက သာမန် ပြည်သူတဦးကဲ့သို့ လွတ်လပ်မှုပေးတော့မည်ဖြစ်ကြောင်း ဆက်၍ ပြောပြပါသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နမ့်ခင်း(မ်း) ရွာ ဇာတိဖြစ်သည့် အသက် ၄၂ နှစ် အရွယ် စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန် သည် တရုတ် ၁၃ ဦး အသတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ဦးဆောင်သူဖြစ်သည်ဟု ထိုင်းနယ်စပ်သတင်းတချို့ကဆိုထားပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here