Thursday, August 16, 2012

ကြိုတင်စည်းကမ်းသတ်မှတ်ထားခြင်းမရှိတဲ့ ဆွေးနွေးပွဲများ လိုအပ်ဟု SNLD က ထုတ်ဖော်ပြောဆို

0 comments

သြဂုတ်လ (၁၆)ရက်
ငြိမ်းချမ်းရေးကို ပြည်သူလူထုတစ်ရပ်လုံးက အမှတ်တကယ်ရရှိခံစားနိုင်စေရန် တစ်ဖက်နှင့်တစ်ဖက်တွေ့ဆုံရာမှာ ကြိုတင်စည်းကမ်းသတ်မှတ်ထားခြင်းမရှိစေဘဲ သက်ဆိုင်သူများအားလုံး တန်းတူရည်တူ ဆွေးနွေးနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲများ လိုအပ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်ရာမှာ ဖော်ပြလိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အရင်ကအတွေ့အကြုံဟောင်းတွေကို သင်ခန်းစာယူပြီး မှားယွင်းတဲ့ လုပ်ရပ်တွေ၊ ပြဿနာရှုပ်ထွေးလာနိုင်တဲ့ ဆွေးနွေးပွဲများ ပြုလုပ်သွားသင့်ကြောင်း အဆိုပါ သေဘာထားကြေညာချက်မှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒဟာ နယ်မြေပိုင်ဆိုင်ရေးနဲ့ စီးပွားရေးလုပ်ငန်းခွင်တွေမဟုတ်ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာလိုခြင်းသာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဆိုပါသဘောထားကြေညာချက်မှာ - တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး မတိုးတက်နိုင်သေးတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့အတွက် နိုင်ငံတော်ရဲ့အင်အားစုအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ ပြည်နယ်အစိုးရများရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်တာ များပြားလွန်းနေပြီး နောက်ဖြစ်ပေါ်လာနိုင်တဲ့ ပြည်နယ်ပြဿနာများကို ပြည်နယ်အစိုးရများက ကိုယ်တိုင်ဖြေရှင်းနိုင်ရန် လုပ်ပိုင်ခွင့်များ ပိုမိုပေးသင့်ကြောင်းတို့ကိုလည်း တိုက်တွန်းထားပါတယ်။
သြဂုတ်လ (၁၅)ရက်နေ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲအခမ်းအနား အထမ်းအမှတ်အနေနဲ့ အခုလို သဘောထားကြေညာချက်ကို ရှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ်  ဒုတိယဥက္ကဌ စိုင်းစောအောင်က ဖတ်ကြားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲအခမ်းအနားကို ဗဟိုဌာနချုပ်ရုံးတည်ရှိရာ ရန်ကုန်မြို့ ကိုးမိုင်ပြည်လမ်းနဲ့ စော်ဘွားထောင့် ခွန်ထွန်းဦးရဲ့ နေအိမ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါတီဝင်များ၊ အခြားနိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီုကို ထောက်ခံသူများ စုစုပေါင်း အင်အား ၂၀၀ ကျော် ၃၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ဗဟိုဌာနချုပ်ဖွင့်ပွဲ မတိုင်မီ သြဂုတ်လ ၁၃ နဲ့ ၁၄ရက်နေ့များမှာ နယ်မြို့အသီးသီးက ကိုယ်စားလှယ်များ တက်ရောက်တဲ့ အစည်းအဝေးကို ကျင်းပခဲ့ပြီး ဗဟိုဦးစီးအဖွဲ့ဝင် ၂၅ ဦးနဲ့ ဗဟိုအလုပ်မှုဆောင် ၇ ဦးကို ရွေးချယ်ခဲ့ကြောင်းလည်း သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here