Thursday, August 9, 2012

UWSA အဖွဲ့ရဲ့ ရန်စမှုတွေအတွက် RCSS/SSA မှ ပြတ်သားစွာ လက်တုံ့ပြန်ရန်လိုအပ်

0 comments
 UWSA ခေါင်းဆောင်များ

“၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့ဟာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့ကို မကြာခင်ကာလများကစပြီး သွေးတိုးစမ်း ရန်စတဲ့အပြု အမူတွေဆောင်ရွက် လာခဲ့တယ်။ UWSA အဖွဲ့ဟာ RCSS/SSA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် လွှမ်းမိုးချယ်လှယ်ဖို့ကြိုးပမ်းနေတယ်ဆိုတာကို ဒီလုပ်ရပ် ကဖော်ပြနေပါ လိမ့်မယ်။ အတိတ်သမိုင်းကြောင်း အရလည်း RCSS/SSA အဖွဲ့အပေါ် ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့တာမို့ “၀”အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို စောင့်ကြည့်နေရုံနဲ့မ လုံလောက်တော့ ဘဲ ပြတ်သား တဲ့တုံ့ပြန်မှုတွေလိုအပ်လာပါတယ်။
“၀”အဖွဲ့ရဲ့လုပ်ဆောင်ချက်ဟာ မြန်မာ-ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ကို မြင့်တက်စေ ခဲ့ပြီ ဖြစ်ပါ တယ်။  “၀”အဖွဲ့ရဲ့ထင်ရှားတဲ့ ရန်စကျူးကျော်မှုတွေဟာ ဒီနှစ်အတွင်းနှစ်ကြိမ်ရှိခဲ့ပါပြီ။ ပထမအကြိမ် မိုင်းကန်းဒေသ၊ လွယ်ကော်ဝမ်းဘက်မှာဖြစ်ခဲ့တာပါ။ အခုတစ်ကြိမ်ကတော့ မိုင်းတုံမြို့နယ်၊ ပုံတောင်း ဒေသမှာ RCSS/SSA အဖွဲ့ဝင် ၁၄ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဆိုးဆုံး ကတော့ ဖမ်းဆီးခံရတဲ့လူတွေကို မုံးကျွတ်မှာ ထိန်းသိမ်းထားပြီး ညှင်းပန်း စစ်ဆေးမှုတွေရှိတယ်ဆိုတဲ့ သတင်းပါပဲ။ အဖမ်းခံရတဲ့ RCSS/SSA အဖွဲ့ရဲ့ခေါင်းဆောင်ဟာ မိုင်းတုံမြို့နယ်တာဝန်ခံ ဗိုလ်ကြီး စောစိန္နဖြစ်ပြီး သူနဲ့အတူ ပုံပါကျင်/နားကောင်းမူတာဝန်ခံ ဗိုလ်စိုင်းခမ်းနဲ့ တပ်ကြပ်ကြီး စိုင်းအေးတို့လည်း ပါဝင်ပါတယ်။ သူတို့ဟာ စိုက်ခင်းနဲ့ လူနေဖို့တဲတွေ ဆောက်နေခဲ့တာပါ။ ဒါဟာ လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း ကြီးမားတဲ့စိန်ခေါ်ရန်စမှုတစ်ခုဖြစ်သလို RCSS/SSA အဖွဲ့ဝင်တွေအတွက်လည်း အတော်ပဲ ခံပြင်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။
RCSS/SSA အဖွဲ့တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး RCSS/SSA ခေါင်းဆောင်ပိုင်းဆီကသိရတဲ့ သတင်းတွေမှာတော့ “၀”အဖွဲ့ဟာ အင်အားသုံး အနိုင်ကျင့်ခဲ့တာဖြစ်ကြောင်း၊ RCSS/SSA အဖွဲ့ဝင်များကို အတင်းအဓမ္မ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း၊ ရှင်းပြပေမယ့် လုံးဝလက်သင့်မခံကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ကလည်း ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ UWSA အဖွဲ့အနေနဲ့ ရန်စတဲ့အပြုအမူတွေ ရပ်တန်းကရပ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပြီး ဒီလိုမျိုးဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် UWSA အဖွဲ့နဲ့ RCSS/SSA အဖွဲ့ကြားမှာ ယခင် ၁၀ နှစ်ကျော် ကာလများထက် ပိုမိုပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့အကြောင်း သတိပေး ပြောကြားထားတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေမှာ RCSS/SSA အဖွဲ့ဟာ စစ်ရေးတင်းမာမှုဖြစ်ပေါ်နေတဲ့နေရာအနီးကို အင်အား ၂၀၀ လောက် စေလွှတ်ထားပြီး ဖမ်းဆီးခံရသူတွေကို ပြန်လည်စေလွှတ်ခြင်းမရှိရင် “၀”အဖွဲ့ရဲ့ စခန်း တစ်ခုခုကို တုံ့ပြန်တိုက်ခိုက်သွားဖို့စီစဉ်နေကြောင်း သိရပါတယ်။ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ “၀”အဖွဲ့နဲ့ ညှိနှိုင်းနေခဲ့တာ ၁၀ ရက်လောက်ရှိပါပြီ၊ ကိုယ်စားလှယ်တွေစေလွှတ်ပေမယ့် “၀”အဖွဲ့က မောက် မာစွာနဲ့ လက်ခံတွေ့ဆုံခြင်းတောင်မရှိခဲ့ပါဘူး။ ဒါ့အပြင် ဖမ်းထားတဲ့လူတွေ ကို ပြန်လွှတ်မပေးယုံမက “၀”အဖွဲ့ဥပဒေအတိုင်း အရေးယူမယ်လို့ပါပြောနေပါတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်တွေရဲ့အသက်ကို ကယ်နိုင်ဖို့နဲ့ အဖွဲ့အစည်းရဲ့သက္ခာကိုဆည်နိုင်ဖို့ လုပ်သင့်တာလုပ်ရတော့မှာပဲဖြစ်ပါတယ
RCSS/SSA ခေါင်းဆောင်ပိုင်းက ဒီလိုမဆုံးဖြတ်ရင် တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ငယ်တွေရဲ့ ဝေ ဖန်ပြစ်တင်မှုကိုခံရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖမ်းဆီးရခံသူတွေကို ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ကိုယ်တိုင် တာဝန်ပေးစေလွှတ်ခဲ့ခြင်းကြောင့်ပါပဲ။ ခိုင်းစေချက်အရသွားခဲ့ရပြီး ဖမ်းဆီးခံရတဲ့အခါ လက်လွတ်စပယ်ကျောခိုင်း မျက်နှာလွှဲထားတယ်ဆိုရင်တော့ ခေါင်းဆောင်မပီသရာ ရောက်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျန်တဲ့သူတွေအပေါ်လည်း ဆက်ပြီးအမိန့်ပေးလို့ရနိုင်မှာ မဟုတ်တော့ပါဘူး။
 RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ပြီးတဲ့နောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျိုင်းတုံအစည်းအဝေးမှာ အစိုးရနဲ့မူးယစ်ဆေးဝါး တားဆီးရေးကိစ္စ လက်တွဲဆောင်ရွက်ဖို့လည်း သဘောတူခဲ့ပါပြီ။ RCSS/SSA ရဲ့ မူးယစ်ဆေးဝါး တားဆီးရေး ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ထိုင်းအစိုးရကတောင် ရွှေလင်းယုန်ဆု Gold Eagle Award ကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။
UWSA ဟာ မြန်မာပြည်မှာ မူးယစ်ဆေးဝါးနဲ့ အသက်ရှင်နေတဲ့ ထိပ်ဆုံးကအဖွဲ့ပါ။ RCSS/SSA အဖွဲ့တွေကို ဖမ်းဆီးသွားတဲ့ ပုံဖာပုံတောင်းဒေသဟာ “၀”တွေရဲ့ အဓိက မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းပဲဖြစ်ပါတယ်။ အဲ့ဒီနေရာကနေ လွယ်မန်တောင်မှတစ်ဆင့် ထိုင်းနိုင်ငံအထိ လမ်းပေါက် ပါတယ်။ UWSA အဖွဲ့တွေက မူးယစ်ဆေးဝါးသယ်ဆောင်တဲ့လမ်းကြောင်းကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက် နဲ့ အဲ့ဒီဒေသကိုရောက်လာတဲ့ RCSS/SSA အဖွဲ့တွေကို ဖမ်းဆီးခဲ့ခြင်းပါပဲ။
“၀”အဖွဲ့ဟာ ဘိန်းဖြူအပြင် အက်ဖီတမင်း Amphetamine တွေကိုလည်း အကြီးအကျယ်ထုတ် လုပ် နေပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းပါပဲ။ DEA က “၀”အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ် တဲ့ ပေါက်ယူချမ်းနဲ့ သူရဲ့ညီအစ်ကိုတော်တွေ၊ ဘဏ္ဍာရေးဌာနက ဝေရှောက်လုံ၊ လယ်ယာဆည်မြောင်း ဌာနက ပေါက်ဟွာချမ်း၊ စစ်ဒေသ(၁၇၁)က ကျလောဘို၊ ပေါက်ယူချမ်းရဲ့သားမက် အိုက်ဟော့ စတဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၈ ဦး၊ အခြားခေါင်းဆောင်ပိုင်း ၁၃ ဦး၊ စုစုပေါင်း ၂၁ ဦးကို ၂၀၀၄ ခုနှစ်ကတည်းက မူးယစ်ရာဇ၀င်လူဆိုးများအဖြစ် အလိုရှိသူစာရင်းမှာ ကြေညာထားပြီးဖြစ်ပါတယ်။
“၀”အဖွဲ့ဟာ သူတို့ဆီကထွက်တဲ့ မူးယစ်ဆေးဝါးတွေကို အရှေ့ဘက် ထိုင်း၊ လာအိုတို့မှတစ်ဆင့် အမေရိကားအထိ ပို့ဆောင်လျက်ရှိနေပြီး အနောက်ဘက်မှာဆိုယင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ပို့ဆောင်လျက်ရှိနေပါတယ်။ သူတို့အဖွဲ့ဟာ မူးယစ်ဆေးဝါးကရ တဲ့ ငွေတွေနဲ့ တပ်အင်အားတိုးချဲ့ခြင်း၊ တရုတ်ဘက်က စစ်ပစ္စည်းတွေဝယ်ယူခြင်း၊ စစ်သင်တန်းများ ဖွင့်လှစ်ခြင်း တွေအပြင် လက်နက်စက်ရုံတည်ဆောက်ပြီး KIA နဲ့ အခြားအဖွဲ့တွေကိုပါ လက်နက်ရောင်း ချတဲ့အထိ ဆောင်ရွက်နေပါပြီ။
 စစ်တပ်နဲ့ SSPP/SSA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့စဉ်က “၀”အဖွဲ့ဟာ SSPP/SSA ဘက်ကနေ ၀င်ရောက်တိုက်ခိုက်ခဲ့တာတွေရှိခဲ့ပါတယ်။ မြန်မာစစ်အစိုးရက “၀”တွေကို မျက်စိမှိတ်ယုံကြည်နေတာဟာ မှားယွင်းနေကြောင်း ထောက်ပြလိုတဲ့အပြင် “၀”အဖွဲ့အကြောင်းကို ဂဃနဏမသိလို့ ယုံကြည်နေခြင်း ဟာလည်း ကျောချမှဓါးပြမှန်းသိရတော့မယ့်  အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း  သူတို့ဘက်ကို “၀”ဒေသက မူးယစ်ဆေး ၀ါးတွေရောက် ရှိနေတယ်လို့ ပြောဆိုနေကြပါပြီ၊ ဒီအတိုင်းဆိုရင်တော့ မြန်မာစစ်အစိုးရကပါ “၀”အဖွဲ့နဲ့ အလိုတူ အလိုပါလို့ ထင်ကောင်းထင်မြင်နိုင်စရာ ရှိလာမှာဖြစ်ပါတယ်။
“၀”အဖွဲ့ဟာ မကြာသေးမီနှစ်များက RCSS/SSA အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုတွေ လုပ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းထိ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ မမေ့နိုင်စရာကိစ္စတစ်ခုပါ။ အဲ့ဒီအချိန်က RCSS/SSA အနေနဲ့ အစစအားနည်းနေသေးတဲ့အတွက် သူတို့ရဲ့နယ်မြေတစ်ချို့ကို လက်လွှတ်ဆုံးရှုံး ခဲ့ရတယ်။ အခု “၀”အဖွဲ့တွေရှိနေတဲ့ နေရာတွေဟာ ယခင် RCSS/SSA အဖွဲ့တွေရဲ့ နေရာတွေဖြစ်ပါတယ်။   RCSS/SSA ခေါင်းဆောင်ပိုင်းတွေရဲ့ရင်ထဲမှာ ဒီကိစ္စဟာ ခံပြင်းစွာနဲ့ သံမှိုစွဲလျက်ရှိနေဆဲပါ။ သမိုင်းအကြွေး မကျေသေးတဲ့အပြင် ပစ္စုပ္ပန်မှာပါ RCSS/SSA အပေါ် ဆက်လက်ဗိုလ်ကျနေအုံးမယ်ဆိုရင်ဖြင့် RCSS/SSA အနေနဲ့လည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရန်နဲ့ ပြတ်သားစွာတုံ့ပြန်ရန်မှတစ်ပါး အခြားမရှိတော့ ပါကြောင်း။


စိုင်းအိုက်ပေါင်း (ချင်းမိုင်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here