Wednesday, September 5, 2012

မြန်မာ့ရိုးရာ ကစားနည်းများ ဆီးဂိမ်းတွင် ထည့်သွင်းတော့မည် မဟုတ်

0 comments
(ရန်ကုန်၊ စက်တင်ဘာ ၃)
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရိုးရာ အားကစားနည်းများ အား ထည့်သွင်း ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ အားကစား ဝန်ကြီးဌာနမှ သိရသည်။
”ရိုးရာ အားကစားနည်း ထည့်သွင်းဖို့ဆိုတာ ပြိုင်ပွဲဝင် လေးနိုင်ငံ လောက်ရှိမှ ထည့်သွင်းလို့ ရမှာပါ၊ ဒီလို လေးနိုင်ငံလောက် ပါဝင်ယှဉ်ပြိုင် ဖို့ နိုင်ငံလေးနိုင်ငံကို ရိုးရာ အားကစားနည်း အကြောင်း၊ ဘယ်လို ကစားရတယ်၊ ဘယ် စည်းကမ်းချက်တွေ ရှိတယ် ဆိုတာနဲ့ သင်တန်း ပေးတာတွေ၊ သရုပ်ပြ ကစားတာတွေ စတဲ့ အချက်တွေကို မိတ်ဆက် ရမှာပါ၊ ဒါမှ အဲဒီနိုင်ငံတွေ ယှဉ်ပြိုင်လို့ တတ်မှာပါ၊ ဒီအတွက် ငွေကုန်ကြေးကျ အများကြီး ကုန်မယ်၊ ဒါကြောင့် ရိုးရာ အားကစားကို မထည့်တော့ ခြင်းဖြစ် ပါတယ်” ဟု အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။
ယင်းအတွက်ကြောင့် ယခင် ပါဝင် ယှဉ်ပြိုင်မည့် အားကစားနည်း ၃၂ နည်းအား ၄ မျိုးခန့် လျှော့ချ သွားမည် ဖြစ်ကြောင်း၊ ယင်းကစားနည်း များကို မကြာမီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ပြိုင်ပွဲဝင် အားကစားနည်းများ အားကစား သမား ၁၅ဝဝ ခန့်ဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး မကြာ မီ နေပြည်တော်တွင် ကစားနည်း အားလုံးအား ပြန်လည်ပေါင်းစည်း လေ့ကျင့် သွားမည်ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က ပြောသည်။
”နေပြည်တော် လေ့ကျင့်စခန်း မှာတော့ ကစားသမား ၈ဝဝလောက် ရှိပါတယ်၊ ကျန်တဲ့ ကစားသမား တွေကတော့ ရန်ကုန်မှာပါ၊ နေရာ ခွဲပြီး လေ့ကျင့်နေတာ ကတော့ လူ အင်အား များပြီး အပြီးသတ် ရွေးချယ်မှုတွေ မလုပ်ရသေးလို့ပါ” ဟု ၄င်းက ဆက်လက်ပြောသည်။
မြန်မာမှ အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေဆု ၁ဝဝ ခန့် ရရှိအောင် ဆောင်ရွက် သွားမည်ဟု သတင်းများ ထုတ်ပြန်ခဲ့ ပြီးနောက် ရွှေဆု တစ်ဆု ရရန် လူငါးယောက်ခန့် ထည့်သွင်းယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင်လည်း လူသစ်တန်း ကစားသမားများနှင့် တာဝေး ကစားနည်းများ ကိုသာ အဓိကထား ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး ဌာနမှ သိရသည်။
အောင်ဇော်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here