Wednesday, September 26, 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အရေးယူ တရားစွဲဆိုမည်ဆိုပါက လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် ပြန်လည်တရားစွဲဆိုမှု ပြုလုပ်သွားမည်

0 comments

စက်တင်ဘာ(၂၆)
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တရားစွဲဆိုမည်ဆိုပါက မိမိတို့ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် ပြန်လည်၍ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူများမှ ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အချို့တွင် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲများ၊
လမ်းလျှောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေပိုင်းကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားမှုနှင့်စပ်လျဉ်း၍ ဦးဆောင်လှုပ်ရှားသူများဖက်မှ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်မတို့ ငြိမ်းချမ်းရေးရရှိအောင် တတ်နိုင်တဲ့ဘက်က ကြိုးပမ်းနေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ဒီလို အပြန်အလှန် တရားစွဲဆိုမှုတွေကို မပြုလုပ်ချင်ပါဘူး။ တကယ်လို့ သူတို့ဘက်ကသာ အမှုဖွင့် တရားစွဲဆို၊ အရေးယူမှုတွေပြုလုပ် လာမယ်ဆိုရင် ကျွန်မတို့အနေနဲ့ လူ့အခွင့်အရေး ရှုထောင့်ကနေ တရားပြန်လည်စွဲဆိုမှုတွေ ပြုလုပ်သွားပါမယ်''ဟု ဦးဆောင်လှုပ်ရှားသူများမှ မဇွန်စီက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ငြိစွန်းခြင်း မရှိဘဲ၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများအရ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွဲနိုင်အောင် ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ပေါ်ထွန်းခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရာလုပ်ငန်းများတွင် ပါဝင်ရန် တာဝန်ရှိသည်ဟု အတိအလင်း ဖော်ပြခဲ့သည်နှင့်အညီ ပြည် သူများ၏ဆန္ဒနှင့်အညီ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်စေချင်ပါကြောင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများက ပြောကြားခဲ့ပါသည်။
ထို့အပြင် ဦးဆောင်ပါဝင်ခဲ့သူများကို လူ့အခွင့်အရေး အခြေခံအချက်များ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သွေဖီသော နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ဦးဆောင်လှုပ်ရှားသူများက ဆက်လက်ပြော ကြားခဲ့ပါသည်။
ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည့် ပုဒ်မ ၁၈ ၏ ပြစ်ဒဏ်များမှာ ထောင် ဒဏ်တစ်နှစ်(သို့မဟုတ်) ငွေဒဏ်သုံး သောင်းကျပ်(သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ရဲမှူး မြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။
''လူ့အခွင့်အရေး ရှုထောင့်က ပြောရရင်တော့ ပြောစရာမရှိပါဘူး။ တစ်ဖက်ကလည်း ဥပဒေအရ ပြောရရင်တော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုချက်တောင်းဖို့ လိုပါတယ်။ ပြည်သူတွေဖက်ကလည်း လက်ရှိနည်း ဥပဒေတွေကို လိုက်နာနိုင်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း မိမိနဲ့ မကိုက်ညီဘူးဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးက ပြန်လည်ပြင်ဆင်ပေးဖို့ကို တောင်းဆိုသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စကို တရားဥပဒေဘောင်အတွင်းကနေပဲ ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုပါတယ်''ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
 ref - Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here