Thursday, September 20, 2012

အမေရိကန်က ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းကို တားမြစ်စာရင်းပယ်ဖျက်

0 comments
September 20,2012

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်တဲ့ နိုင်ငံသားစာရင်းကနေ ဖယ်ရှားလိုက်ပြီလို့ စက်တင်ဘာ ၁၉ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဒီကြေညာချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်နဲ့ အရပ်သားတွေ ကိုပေးတဲ့ အမြင့်ဆုံးဆုကို လက်ခံရယူတဲ့နေ့မှာ ထုတ်ပြန်တာဖြစ်သလို သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ် မသွားရောက်မီ ရက်ပိုင်းအလိုမှာ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
ဒီဆောင်ရွက်ချက်ဟာ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေ အပေါ် အသိအမှတ်ပြုတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ ပန်းတိုင်တွေကို ထောက်ပံ့တဲ့ အတွက် ဖြစ်တယ် လို့ ကြေညာချက်ကဆိုပါတယ်။
ဒီရုပ်သိမ်းမှုကြောင့် သူတို့ ၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ထိန်းချုပ်မှုတွေကို ရုပ်သိမ်းလိုက်တာဖြစ်သလို အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့နဲ့ အလုပ်တွဲ လုပ်ကိုင်နိုင်ပြီဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်က နအဖ စစ်ကောင်စီလက်ထက်မှာ ဦးသိန်းစိန်က ကောင်စီရဲ့အတွင်းရေးမှူး ၁ တာဝန်ယူစဉ်ဖြစ်ပြီး သူရဦးရွှေမန်းက တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ယူချိန်ဖြစ်ပါတယ်။ အမေရိကန်အစိုးရက စစ်အုပ်စုကို ဖိအာပေးတဲ့အနေနဲ့ သူတို့ကို “အထူးတလည် အရေးယူဖို့ သတ်မှတ်တဲ့ နိုင်ငံသားစာရင်း”ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးဌာန၀န်ကြီးဌာနက ထုတ်ပြန်ရာမှာ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ဟာ သိသာထင်ရှားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေး ကဏ္ဍမြင့်တင်ရေးတွေအတွက် သိသာစွာ လုပ်ဆောင်ခဲ့ကြတဲ့အပြင် မြန်မာပြည်ကို အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်ကနေ ဆွဲထုတ်ပြီး ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးဆီကို ရှေးရှုခဲ့ကြတယ်လို့ လက်ထောက်အတွင်းရေးမှူး ဒေးဗစ် အက်စ်ကိုဟင် (David S.Cohen) က ပြောပါတယ်။
ဦးသိန်းစိန်သမ္မတ တာဝန်ယူကတည်းက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ အကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတာ၊ သူ့ခေါင်းဆောင်မှုအောက်မှာ မြန်မာနိုင်ငံက ပါလီမန်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အတွက် အထောက်အကူဖြစ်စေတာ၊ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး ဥပဒေတွေ၊ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်ပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စာရင်းက ဖယ်ရှားပေးလိုက်တာဟာ မြန်မာပြည်မှာ ဖိနှိပ်တဲ့ မူဝါဒကိုင်စွဲနေသူတွေ အနေနဲ့ အဲဒီမူဝါဒတွေကို စွန့်လွှတ်စေဖို့နဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာစေဖို့ ဆွဲဆောင်တာဖြစ်တယ် လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့တင်ပို့ကုန်တွေကို ဆက်လက် တားမြစ်ထားဆဲပဲဖြစ်ပြီး မြန်မာ တာဝန်ရှိသူတွေကတော့ အဲဒီပိတ်ပင်မှုတွေဟာ မြန်မာ့စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်နေတာကြောင့်  ဖယ်ရှားပေး စေချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံက ထိပ်ပိုင်းစီးပွားရေး လုပ်ငန်းရှင်တချို့ကိုလည်း ပစ်မှတ်ထား ပိတ်ဆို့စာရင်းထဲမှာ ထားရှိဆဲဖြစ်တာကြောင့် အမေရိကန် ကုမ္ပဏီတွေ ကလည်း မြန်မာနိုင်ငံက အဲဒီ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အလုပ် တွဲလုပ်လို့ မရကြသေးပါဘူး။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here