Wednesday, September 26, 2012

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ သမိုင်းတွင် ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာ မီဒီယာများ ဖော်ပြနေကြ

0 comments

WEDNESDAY, SEPTEMBER 26, 2012

ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို `မစု... ပိန်သွားတယ်` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံ ရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကိုလိုက်ပါလာတဲ့ မီဒီယာသမား တဦးက ဘီဘီစီကို ပြောပါတယ်။ 
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၄ ရက်နေ့က စတင် ထွက်ခွာသွားခဲ့ပြီး ယခုခရီးစဉ်မှာ နိုင်ငံတော် အကြီးအကဲ တစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးသွား ရောက်မှု ဖြစ်ခဲ့ပါသည်။

၁၉၆၆ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ် ဦးနေ၀င်းမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင် ယခုနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်မှာ နှစ်ပေါင်း ၄၆ နှစ်ကြာပြီးနောက် တရားဝင် သွားရောက်ရသော နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် ရန်သွားရောက်ခဲ့ခြင်းလည်း ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အမေရိကန် အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နယူးယောက်မြို့ရှိ Asia Society တွင်လည်း စက်တင် ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက''ကျွန်တော်တို့ကလည်း တစ်စိတ်တစ်ပိုင်း အားဖြင့် နိုင်ငံနဲ့ လူမျိုးအကျိုးကို ဒီခရီးစဉ်မှာ မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ မျှော်လင့်ထားတယ်ဆိုတာ ဘယ်လိုလည်း ဆိုတော့ ကျွန်တော် တို့သမ္မတကြီးက အသစ်ပြန်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပေါင်းစည်းခြင်းပေါ့။

အသစ်ပြန်လည် ပေါင်းစည်းတဲ့သဘော သူသွားတာပါ။ သွားတဲ့အခါ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့မူဝါဒတွေ၊ အလားတူ နိုင်ငံတကာက အထင်မြင် လွဲမှားနေတဲ့ ရခိုင်ပြည်နယ် ကိစ္စတို့၊ ငြိမ်းချမ်းရေး ကိစ္စတို့ကိုလည်း သူရှင်းမှာပါ။

အလားတူ သူကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံတကာက ဘယ်လို ကူညီပေးသလဲ ဆိုတာကို သူပြောမှာပါ''ဟု ပြောကြားခဲ့သည်။ ''အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ခ ရီးစဉ်နဲ့ တိုက်နေတဲ့ အခါကျတော့ မီဒီယာတော်တော်များများက မေးတဲ့အခါမှာ အဲဒါရဲ့သဘောထားကတော့ သမ္မတကြီးရဲ့စကားအတိုင်းပေါ့။ အဲဒါကို အသိအမှတ်ပြုရမယ်။

အဲဒါကြောင့် ဦးအောင်မင်းကို အစိုးရ ကိုယ်စားတက်ပြီးတော့ ဂုဏ်ပြုပေးပါ။ ကိုယ့်နိုင်ငံက လူတစ်ယောက်ရ တာ ဘာပဲပြောပြော ဂုဏ်ယူရမယ်။ ဒါဝမ်းမြောက် ၀မ်းသာ ဖြစ်တယ်ပေါ့။ အဲဒီအတွက်လည်း သမ္မတကြီး အနေနဲ့ ဘယ်လိုမှ စနိုးစနောင့် မဖြစ်တဲ့အပြင် ပိုပြီးတောင် ၀မ်းသာ ပါတယ်''ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတကာ မီဒီယာများကမူ နိုင်ငံတော် သမ္မတ၏ အမေရိကန် ခရီးစဉ်မှာ သမိုင်းတွင် ထူးခြားသည့် ခရီးစဉ် တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူ ပေးနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။



နိုင်ငံတော်သမ္မတသည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိက ခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့
တွင် ပြန်လည် ထွက်ခွာလာရန် စီစဉ် ထားသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော သမ္မတဦးသိန်းစိန်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာအစိုးရ ထိပ်တန်း အရာရှိများအား ဗီဇာ ပိတ်ပင်ထားမှုကြောင့် ကုလသမဂ္ဂ ရုံးချုပ်အနီးတစ်ဝိုက် ဧရိယာတွင်သာ သွားရောက်ခွင့် ရရှိခဲ့သည်။

သို့ရာတွင် ပြီးခဲ့သော သြဂုတ်လအတွင်းက အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုအား အသိအမှတ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။

ထို့ပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် တားမြစ်ခံရသူများ စာရင်းမှ စက်တင်ဘာလ ၁၉ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြပြီး အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့သို့ ကြိုတင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အမေရိကန် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၅ မိနစ်ကြာတွေ့ဆုံခဲ့ကြပါသည်။
သတင်းရင်းမြစ် - Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here