တာချီလိတ်မြို့၌ ကျင်းပသော ထေရ၀ါဒကျေးဇူးရှင် ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့၏ ရုပ်တုတော်ပူဇော်ပွဲ (ဒုတိယအကြိမ်မြောက်) (၅)ညတိုင်တိုင် အထူးတရားပွဲတွင် ပထမည နှင့် ဒုတိယည နှစ်ညတိုင်တိုင် တရားတော်ဟောကြားသည့် ဓမ္မဘေရီ တောင်စွန်းဆရာတော် အရှင်ဝီရိယ၏ သက်တော်(၆၇)နှစ်ပြည့် (၃၀.၁.၁၉၄၆)မွေးနေ့ကို တာချီလိတ်မြို့ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ မွေးနေ့အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် အလှူရှင်များမှ ဆရာတော်အတွက် မွေးနေ့ကိတ်တစ်လုံးဖြင့်
မွေးနေ့ဆုတောင်းမှုပြုလုပ်စေခဲ့ပြီး ဆရာတော်အား သင်္ကန်းကပ်လှူပူဇော်ခြင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ဆရာတော်၏ မွေးနေ့အလှူသို့
ရောက်ရှိလာသော အ.ထ.က(ဆန်ဆိုင်း)မှ ကျောင်းသား/သူများ နှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကလေးသူငယ်များအား ဆရာတော်ရေးသားထားသော "မစ္စစ်စပီ မှ ဇာလီပျော်တဲ့ကျောင်းသင်္ခမ်းသို့" စာအုပ်ကို ပေးဝေစွန့်ကြဲပြီး ဆရာတော်မှ မိဘကျေးဇူး ဆရာ/မ ကျေးဇူး များကို သိရှိ မှတ်သားနိုင်စေရန်အတွက် တရားတော်ချီးမြှင့်ပြီး အစီအစဉ်အား ပြီးမြောက်စေခဲ့ပါတယ်။
ဓမ္မဘေရီ တောင်စွန်းဆရာတော် အရှင်ဝီရိယသည် ၂၀၀၂ခုနှစ်မှစ၍ စာအုပ်စာပေများကို ရေးသားထုတ်ဝေလာခဲ့ရာ ဆရာတော်အား စာပေများရေးသားမှုဖြစ်ပေါ်စေရန် ဆရာတော်၏ တပည့် အရှင်နေမိန္ဒာလင်္ကာရာဘိဝံသ၊ ရဝေနွယ်(အင်းမ)နှင့် ရွှေပါရမီ အရှင်ဆန္ဒာဓိကတို့ရဲ့ ကမကထပြုမှုကြောင့် ဓမ္မဘေရီစာစဉ်ပေါ်ပေါက်လာတာဖြစ်ကြောင်း သိရှိရပြီး ဆရာတော်မှ ပထမဦးဆုံး ထုတ်ဝေသော စာအုပ်မှာ "မထေရ်မြတ်တို့စကားဝိုင်း"ဖြစ်ကြောင်း သိရပါတယ်။
တာချီလိတ်မြို့တွင် (၂)ညတိုင်တိုင် တရားတော်ဟောကြားရာ ရာသီဥတုအခြေအနေ မကောင်း၍ တရားဟောကြားမည့်အချိန်ကို ည(၈)နာရီဝန်းကျင်တွင် စတင်ခဲ့ရပြီး မိုးရွာသွန်းမှုနှင့်
လေတိုက်မှုတို့ကြောင့် ယခင်ပြုလုပ်နေကြဖြစ်သော ရှမ်းရိုးမကွင်းရှိ တရားသဘင်တွင် ပြုလုပ်ရန် အဆင်မပြေတော့သည့်အတွက် တာချီလိတ်မြို့နယ် ဓမ္မာရုံမှာ ပြောင်းရွေ့ကာ တရားတော် ဟောကြားခဲ့ရတာဖြစ်ပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ