၂၀၁၃ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ စီးပွား/ကူးသန်း ၀န်ကြီးအဖွဲ့နှင့် တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်ကုန်သည်များသည် လုပ်ငန်းနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခြင်းနှင့် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များ အပါအ၀င် ဒေသခံ လုပ်ငန်းရှင် ကုန်သည်များဖြင့် ယခုလိုတွေ့ဆုံပွဲပြုလုပ်ရာမှာ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များ အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ရန်နှင့် ၀န်ကြီးမှ ဆောင်ရွက်ပေးသွားနိုင်မည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားရန်ပဲဖြစ်ပါတယ်။
{စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်}
တွေ့ဆုံဆွေးနွေးပွဲမှာ သက်ဆိုင်ရာလုပ်ငန်းရှင် အသီးသီးများမှ ၎င်းတို့၏ လုပ်ငန်းများတွင် အခက်တွေ့နေမှုများ လိုအပ်ချက်များ စသည်တို့ကို တင်ပြရာမှာ လျှပ်စစ်ကိစ္စ၊ (၂၂)ဘီးကားဝင်ခွင့်ကိစ္စ၊ မိုင်းယောင်းမြို့ဘက်တွင် စစ်ဆေးရေးဂိတ်ထားရှိရေးကိစ္စ၊ မိုင်းယောင်းမြို့ရှိ လုပ်ငန်းရှင်များအတွက် ချေးငွေချထားပေးရေးကိစ္စ၊ လမ်းခင်းကျောက်လုပ်ငန်းကိစ္စ၊ ကားတင်သွင်းခွင့်ကိစ္စ၊ သုဿန်ကိစ္စ၊ အမှိုက်ပုံကိစ္စ၊ မီးပွိုင့်ကိစ္စ၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရောင်းဝယ်ရေးကိစ္စ၊ ကြက်သွန်ဖြူကိစ္စ၊ သစ်ခေါက်ကိစ္စ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ ကား/ဆိုင်ကယ် များကို ဘတ်(၃၀၀၀)ကောက်ခံခြင်းကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
တင်ပြသော ကိစ္စရပ်များမှ မီးပွိုင့်ကိစ္စ၊ သုဿန်ကိစ္စနှင့် အမှိုက်ပုံကိစ္စတို့ကို ဆောင်ရွက်နေလျှက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင် က ဖြေကြားသွားပြီး လမ်းခင်းကျောက်လုပ်ငန်း ကိစ္စနှင့်ပတ်သက်၍ လမ်းခင်းကျောက်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန်နှင့် မိုင်းယောင်းမြို့ဘက်တွင် စစ်ဆေးရေးဂိတ်ထားရှိရေးကိစ္စ အပါအ၀င် ချေးငွေချထားရေးကိစ္စ၊ ကြက်သွန်ကိစ္စနှင့်ပတ်သက်၍ ထိုင်းဘက်သို့ တင်ပို့နိုင်ရန်ကိစ္စ စသည့်ကိစ္စများအတွက် သက်ဆိုင်ရာများနှင့် ငြိနှိုင်း ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ကားတင်သွင်းခွင့်ကိစ္စကို လုပ်ငန်ရှင်တစ်ဦးမှ တင်ပြရာ ၀န်ကြီးမှ လောလောဆယ်တော့ (၉)ယောက်အထက်ဆံ့တဲ့ မီနီဘတ်စ်ကား(Mini bus car )များကို တင်သွင်းခွင့်ရှိကြောင်းနှင့် ကျန်သည့်ကားများကိုတော့ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းရှင်များ နှင့်ပတ်သက်၍လည်း ဖြစ်ပေါ်နေသည့်အခက်အခဲမှာ လိုင်စင်သက်တမ်းကုန်လု ဖြစ်နေသော်လည်း သတ္တုများကို ၀ယ်သူမရှိဖြစ်နေရာ ၀န်ကြီးအဖွဲ့မှ “ပစ္စည်းစု ၀ယ်သူရှာ၊ ၀ယ်သူရှိလာပါက အဆင်ပြေစေရန် ပြုလုပ်ပေးမည်”ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ထို့နောက် ထိုင်း-မြန်မာ ကိစ္စများကိုလည်း တင်ပြဆွေးနွေးသွားခဲ့ကြပါတယ်။ ၎င်းတို့ တင်ပြဆွေးနွေးရာမှာ ထိုင်းနိုင်ငံဘက်တွင် ထိုင်းရဲများက မြန်မာများကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရာမှာ ဆီးစစ်သည့်အခါ လမ်းဘေးတွင် ဆီးသွားစေပြီး စစ်ဆေးသည့်ကိစ္စနှင့် မြန်မာဘက်မှ ထိုင်းဘက်သို့ ကား/ဆိုင်ကယ်များကို သွားလာရန်အတွက် ပထမတစ်ကြိမ် လက်မှတ်ပြုလုပ်ရာမှာ (၃၀၀၀)ဘတ် ကောက်ခံနေသည့်ကိစ္စတို့ပဲဖြစ်ပါတယ်။ ကား/ဆိုင်ကယ်များကို (၃၀၀၀)ဘတ်ကောက်ခံခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့ ကောက်ခံမှုမျိုးသည် တခြားနယ်စပ်မြို့များမှာမရှိပဲ တာချီလိတ်မြို့တစ်မြို့တည်းတာ ရှိကြောင်း ၀န်ကြီးအဖွဲ့မှ မှတ်ချက်ပေးသွားခဲ့ကြပါတယ်။ ထိုင်း-မြန်မာ ကိစ္စနှင့်ပတ်သက်၍ ပြည်သူများအဆင်ပြေစေရန်အတွက် ၀န်ကြီးမှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးအား အဆင်ပြေစေရန် ဆောင်ရွက်စေလိုကြောင်း မှာကြားသွားခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သင်တန်းများကို ပြည်တွင်းရှိ တချို့မြို့နယ်များမှာ ပြုလုပ်လျှက်ရှိပြီး ကျိုင်းတုံမြို့တွင်လည်း လာရောက်သင်တန်းပေးမှာဖြစ်ကြောင်း၊ တာချီလိတ်မြို့တွင်လည်း လိုအပ်လာပါက ပူးပေါင်း၍ ကုန်သွယ်ရေးသင်တန်းများ လာရောက်ပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ကြပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ