ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂) နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမကြီး၌ လူထု အခြေပြု လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးခင်မောင်စိုးနှင့် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်း (၈၆) ဖွဲ့မှ ဥက္ကဋ္ဌများ၊ အမှု ဆောင်များနှင့် ကိုယ်စားလှယ်များ၊ မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင်- ယခုလို အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ တွေ့ဆုံပွဲမှာ မိမိတို့ လူ့အဖွဲ့အစည်း အနေနဲ့အတူ ကြိုးပမ်း ရယူထားတဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနှင့် ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တွေကို အလေးထား ပြောကြားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်နှင့် ဖြစ်ထွန်းမှုများမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍနှင့် အရေးပါမှုကို အမှန်တကယ် ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။ ယနေ့ မိမိတို့ ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း ပြောင်းလဲလာခဲ့တဲ့ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်ပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံရေး ယဉ်ကျေးမှုသစ်မှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း မတူညီမှုတွေနဲ့ သဘောထား ကွဲလွဲမှုတွေကို ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းထက် ကျော်လွန်တဲ့ ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းနဲ့ အဖြေရှာခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီနေရာမှ နိုင်ငံရေးအင်အားစုတွေသာမက အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု၊ နိုင်ငံရေးအရ စိတ်ရှည်သည်းခံနိုင်မှု ရေချိန်မြင့်တက် လာတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ မကြုံစဘူး အပြောင်းအလဲတွေ ဖြစ်ပေါ်လျက်ရှိနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲ အပေါ်မှာ ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး အင်အားစုတွေ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုနှင့် အားပေး ထောက်ခံမှုများ ရရှိနေခြင်းဟာလည်း ငြင်းဆိုလို့ မရနိုင်တဲ့ နိုင်ငံရေး ဂုဏ်သရေပဲ ဖြစ်ပါတယ်။
ယခုလို နိုင်ငံရေးဖြစ်ထွန်းမှုများ ပေါ်ပေါက်လာဖို့ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းများ၊ တပ်မတော်နဲ့ အဓိကအားဖြင့် ပြည်သူလူထု တစ်ရပ်လုံးက ကဏ္ဍအသီးသီးကနေ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုများစွာ ရှိနေပေမဲ့လည်း ဒီလိုဝိုင်းဝန်း ဆောင်ရွက်နေတဲ့အတွက် တစ်ဖက်မှာလဲ အောင်မြင်နိုင်တဲ့ အခွင့်အလှမ်းများစွာ ရှိနေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ အခိုင်အမာ ယုံကြည် ပါတယ်။ ဒါကြောင့်လဲ ကျွန်တော့်အနေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုကို ယခုထက်မြင့်တင်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ ယခုလို ဖိတ်ခေါ်ရခြင်းဟာ အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေနဲ့ ကျွန်တော်နဲ့ အလုံးစုံ သဘောတူညီရမယ်လို့ ဆိုလိုတာ မဟုတ်ပါ။ ကျွန်တော်တို့အားလုံး နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တူညီတာတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်၊ မတူညီမှုတွေကိုလည်း ထိပ်တိုက် ရင်ဆိုင်ခြင်း နည်းလမ်းတွေကို ကျော်လွန်တဲ့ ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းနဲ့ အဖြေရှာပြီး လက်တွဲ လုပ်ဆောင်သွားကြဖို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို တောင်းဆိုရခြင်းမှာလည်း ပြည်တွင်းပြဿနာ အမျိုးမျိုးနဲ့ ကြုံတွေ့ ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ခေတ်မီတဲ့ လူ့အဖွဲ့အစည်းအဖြစ် ထူထောင်ရန်နှင့် ခေတ်မီအမျိုးသားစီးပွားရေး စနစ်တရပ် ပိုင်ဆိုင်နိုင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ကာလ ဖြစ်တဲ့အတွက် တောင်းဆို တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဒီလို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် ကြိုးပမ်းပြီး လွတ်လပ်ရေးအရ ယူနိုင်ခဲ့တဲ့ အမျိုးသား အင်အား စုစည်းမှုနှင့် အလားသဏ္ဍာန်တူတဲ့ အင်အား စုစည်းမှုမျိုး ရရှိရန် လိုအပ်တယ်လို့ အလေးအနက် ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ရရှိထားတဲ့ နိုင်ငံရေးပွင့်လင်းမှုဟာ ဒီလို အမျိုးသား စုစည်းမှုမျိုးကို ဖော်ဆောင်နိုင်မယ်လို့လဲ အခိုင်အမာ ယုံကြည်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေဟာ စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်၊ မြန်မာ့စီးပွားရေး ဝန်းကျင်ကိုကြည့်လျှင်လည်း ကာလ ရှည်ကြာ တည်ရှိနေခဲ့တဲ့ အမျိုးသားစီးပွား ပုံစံမကျမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ပုံစံ မကျမှုတွေကို ဖြေရှင်းနိုင်ဖို့ “စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှု မူဘောင်” နှင့် “ဆင်းရဲမွဲတေမှု လျော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်” ဆိုတဲ့ မူဘောင် နှစ်ရပ် ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒီလို ချမှတ်ထားတဲ့ အပြင် မနေ့က စတင် ကျင်းပနေတဲ့ “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်” လို ဖိုရမ်များ ကျင်းပပြီး ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော် လျက်ရှိပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကာလရှည်ကြာ အဟန့်အတားဖြစ်ခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ဖြေလျော့ ရုပ်သိမ်းနိုင်ဖို့လည်း ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လူမှုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်လည်း ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲရေးတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပဋိပက္ခတွေကို အပစ်အခတ် ရပ်စဲထားတဲ့အဆင့်ထက် ကျော်လွန်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်ဖို့ ကြိုးစား အားထုတ်နေပါတယ်။ မိမိတို့ အစိုးရအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဆေးမြီးတိုနဲ့ ကုသတဲ့ ချဉ်းကပ်မှုမျိုးမဟုတ်ဘဲ ရေရှည် တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ဖို့အတွက် ရည်မှန်းချက် ထားပါတယ်။ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ အခါမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အာမခံနိုင်တဲ့ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ အခြေခံမှုအောက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ တန်းတူရေးတွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ ဆယ်စုနှစ်များစွာ ချီပြီး အချိန်ယူ တည်ဆောက်ရပါတယ်။ ဒီလို တည်ဆောက်နေတဲ့ အချိန်အတွင်းမှာလဲ ပဋိပက္ခ အရှိန်အဟုန် အတက်အကျ ဖြစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းကြောင်းက သွေဖည်မသွားပဲ စားပွဲပေါ်မှာ ဆွေးနွေးတဲ့ နည်းလမ်းကို အခြေခံပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဆိုတာ ခေါင်းဆောင်ပိုင်းသက်သက်က လက်မှတ်ထိုးရုံ လက်ဆွဲ နှုတ်ဆက်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ ဆိုတာလူထုကလည်း ပါဝင်လာနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု နားလည်မှုတွေကို လူထုဆီ ရောက်အောင် ပို့ပေးနိုင်ဖို့အတွက် Civil Society လို့ဆိုတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ မိမိတို့ အစိုးရအနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ Myanmar Peace Center အနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်တွေ၊ သူတို့အသံတွေကို နားထောင်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုဖြစ်နေတဲ့ ကချင်ပြည်နယ်က ပဋိပက္ခအပေါ်မှာ ကျွန်တော်တို့ အစိုးရအနေနဲ့ KIO/ KIA နဲ့ ပဋိပက္ခတွေ ပြန်ဖြစ်ခဲ့တဲ့ အချိန်ကစပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ပြန်ရောက်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နှစ်ဖက်စလုံးက ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေဟာ အရင်းခံအားဖြင့် မိမိတို့ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုများလို့ပဲ ကျွန်တော် ရှုမြင်ပါတယ်။ ဒီလိုဆုံးရှုံးမှုများ အမြန်ဆုံး ရပ်တန့်နိုင်ဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးတဲ့ နည်းလမ်းမှလွဲပြီး အခြားနည်းလမ်း မရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို လာရောက်ဖို့ အစဉ်တစိုက် တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ KIO/KIA ကို အပစ်အခတ် ရပ်စဲရေးအတွက် ဖိတ်ခေါ်ထားတာဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြည့်ပြည့်စုံစုံ အကောင်အထည် ဖော်နိုင်ရန် ထပ်မံ ဖိတ်ခေါ်ရခြင်းပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေးဆိုတဲ့ ကိစ္စရပ်မှာ မိမိတို့အစိုးရ တာဝန်ယူတဲ့နေ့က စပြီး ကမ်းလှမ်းထားတာ ဖြစ်တယ် ဆိုတာကိုလည်း ထပ်လောင်း အတည်ပြုပြောကြား လိုပါတယ်။
တဆက်တည်းမှာဘဲ တပ်မတော်မှ KIO/KIA ရဲ့ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ချေမှုန်းသိမ်းယူခြင်း မလုပ်ဖို့ကို အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာကျွန်တော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့ အချက်ကို အမှန်တကယ် ဖြစ်ကြောင်း သက်သေထူခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိတဲ့ အထိ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ KIO/KIA ကလွဲလို့ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းကစပြီး Political Dialogue ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီးလဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အထူးပြောကြား လိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ အခြားနိုင်ငံတွေကို အမီလိုက်နိုင်အောင် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေ၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး တည်ဆောက်မှု လုပ်ငန်းတွေနဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွေမှာ တခုပြီးမှ တခုလုပ်ဆောင်ဖို့ အခြေအနေမပေးတဲ့ အတွက် တပြိုင်နက် ကြိုးပမ်း အကောင်အထည်ဖော် သွားရမယ်ဆိုတဲ့ စိန်ခေါ်မှုကြီး ရှိနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း အနေနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ ယခုရရှိထားတဲ့ နိုင်ငံရေး ပွင့်လင်းမှု၊ လွတ်လပ်မှုတို့ကို ကျင့်သုံးတဲ့အခါမှာ မိမိတို့ တဦးချင်းအနေနဲ့ သော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့ သော်လည်းကောင်း အထက်ပါ စိန်ခေါ်မှုတွေကို အစဉ်ထည့်သွင်း စဉ်းစားရန် လိုအပ်မှာ ဖြစ်ပါတယ်။
ဒီအချက်တွေကို ထည့်သွင်းစဉ်းစားတာ အားနည်းခဲ့ရင် ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ကြိုးပမ်းနေတဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေမှာ ဟန်ချက်မညီဘဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့နိုင်တဲ့ အနေထားရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအနေဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုကို အစဉ်အလေးထားသွားမှာဖြစ်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ဉာဏ်အမြော်အမြင် ရှိတဲ့ လုပ်ဆောင်မှုတွေကိုလည်း နိုင်ငံရေးတည်ငြိမ်မှုအတွက် အစဉ်မျှော်လင့်လျက် ရှိတယ်ဆိုတာကိုလည်း အလေးအနက်ပြောကြားလိုပါတယ်။
ဒါကြောင့် မိမိအနေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေကို နိုင်ငံတည်ဆောက်ရေး အင်အားတွေအဖြစ် အစဉ်ကြိုဆိုနေမှာ ဖြစ်ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လက်တွေ့လူမှုဘဝကို ထင်ဟပ်တဲ့ တည်ဆောက်ရေးကို ရှေးရှုတဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့အားပေးလိုပါကြောင်း ပြောကြားလိုပါတယ်။ လက်ရှိ အခြေအနေမှာလဲ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအစုအဖွဲ့တွေ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းပေါင်းစုံရဲ့ လွတ်လပ်ခွင့်အတွက် တရားဝင် မှတ်ပုံတင်ခြင်းကအစ လှုပ်ရှားမှု လုပ်ငန်းစဉ်အမျိုးမျိုးအတွက် လိုအပ်တဲ့ အဖြေလျော့မှုတွေကို အဆင့်အလိုက် လုပ်ဆောင် ပေးလျက်ရှိပါတယ်။ ဒီလိုပဲ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ မီဒီယာ လွတ်လပ်ခွင့်ကိုလည်း ဖန်တီးခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီလွတ်လပ်မှုကို တာဝန်သိသိ၊ တာဝန်ရှိရှိ ကျင့်သုံးပြီး ကျွန်တော်တို့ မြင်တွေ့လိုတဲ့ ဒီမိုကရေစီ တည်ဆောက်ရေးဖြစ်စဉ်ကို အားဖြည့် လုပ်ဆောင် သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့-
အမျိုးသားစည်းလုံး ညီညွတ်ရေး တည်ဆောက်မှုလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ National Identity ကို ခေတ်နှင့်အညီ တည်ဆောက်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ စည်းလုံး ညီညွတ်မှုကို အခြေခံတဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုသဟဇာတ ဖြစ်မှုတို့ကို အတူလက်တွဲ တည်ဆောက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒီနေ့တက်ရောက်လာကြတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက ဆွေးနွေးလိုတဲ့ အချက်တွေကို အချိန်ခွင့်ပြုချက်အတွင်းကနေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့လည်း ဖိတ်ကြားအပ်ပါကြောင်း

ဖြင့် ပြောကြားသည်။
ထို့နောက် လူထုအခြေပြု လူမှုအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် တာဝန်ခံများက အဖွဲ့အစည်းအလိုက် လိုအပ်ချက်များ၊ အကြံပြုချက်များကို ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် လူမှုအဖွဲ့အစည်းများအတွက် နိုင်ငံတော်ပိုင်းက ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူမိမိတို့ အစိုးရအဖွဲ့ကိုလည်း လူမှုအဖွဲ့အစည်း များက ကူညီ ဝန်းရံပေးကြစေ လိုပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒဖြစ်သည့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရအဖွဲ့နှင့်အတူ လူမှုအဖွဲ့အစည်း အားလုံးကလည်းဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ မြန်မြန်ဆန်ဆန် အောင်မြင်နိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြား

သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။