Tuesday, January 15, 2013

ကရင်အဖွဲ့များစုံတဲ့ ကရင်နှစ်သစ်ကူးနေ့နဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး

0 comments



တချိန်က ချစ်သူ၊မုန်းသူတွေ ယှဉ်တွဲတက်ရောက်ခဲ့ကြတဲ့ လှိုင်းဘွဲမြို့နယ်က ကရင်နှစ်သစ်ကူးပွဲ။ ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ။

ပြည်တော်မြင့် ~

ကရင်ပြည်နယ်အတွင်းမှာ ဆယ်စုနှစ် ၂ ခုနီးပါးအကွဲကွဲအပြားပြားဖြစ်ခဲ့ကြတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းတွေ မတည့်အတူနေကြတဲ့အနေအထားတွေကို ဖယ်ရှားလိုက်ကြပြီးလို့ စနေနေ့ကပြုလုပ်ခဲ့တဲ့ ကရင်နှစ်သစ် ကူးနေ့ ၇၅ နှစ်ပြည့် စိန်ရတုသဘင်ပွဲမှာ ကရင်ခေါင်းဆောင်အချို့ သဘောထားတွေပေးခဲ့ကြပါတယ်။ 

စိန်ရတုပွဲကို လှိုင်းဘွဲမြို့နယ်မှာကျင်းပခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ 
စောမူတူးစေးဖိုး ဦးဆောင်တဲ့ အရပ်ဘက်၊ စစ်ဘက်၊ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ကရင်နယ်ခြားစောင့်တပ်က ထိပ်တန်းခေါင်း ဆောင်တွေ တက်ရောက်ခဲ့တာပါ။ 

သူတို့ပြောတာက ဒီနေ့ကစလို့ချစ်ကြည်ရင်းနှီးစွာအတူနေထိုင်ကြပြီး ကရင်ပြည်နယ်အကျိုးကို ဆောင်ရွက် သွားကြမယ်ဆိုပြီး ပွဲတော်တက်ရောက်လာကြတဲ့ ကရင်အမျိုးသားတွေကိုပြောဆိုခဲ့ကြတာပါ။ 

KNU ဥက္ကဌကတော့ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်သွားမယ် လို့ ပြောကြားခဲ့သလို ကရင်နယ်ခြားစောင့်တပ်က အကြံပေးအဖွဲ့ဝင်တွေနဲ့တပ်နယ်မှူးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ် ဖားနွီး၊ ဗိုလ်ချုပ် ထွန်းလှိုင်၊ ဗိုလ်မှူးကြီးစောကြာအင်းနဲ့ ဗိုလ်မှူးကြီးစောချစ်သူတို့ကလည်းဆိုပါ တယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးဂျော်နီက ငြိမ်းချမ်းရေး ရမှ ကရင်ပြည်နယ် တိုးတက်လာမှာဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပြီး စည်းလုံး ညီညွတ်မှုတွေကို ကရင်အမျိုး သားထုကြားမှာတည်ဆောက်သွားမယ်လို့ပြောပါတယ်။ 

ဒီနှစ်ကရင်နှစ်သစ်ကူးပွဲကို ဘားအံ၊လှိုင်းဘွဲ၊ကော့ကရိတ်၊မြ၀တီ၊စတဲ့ ၄ မြို့နယ်ကစုပေါင်းကျင်းပခဲ့ တာဖြစ်ပြီး ပရိသတ် သောင်းချီပြီးတက်ရောက်ခဲ့ ဆင်နွဲခဲ့ကြပေမဲ့၊ ကရင်အဖွဲ့တွေ မြန်မာအစိုးရ နဲ့ ပြုလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်း ရေးကိစ္စကိုတော့ သတိနဲ့ဘဲပြောဆို ကြိုဆိုခဲ့ကြပါတယ်။ 

နှစ်သစ်ကူးပွဲတက်ရောက်လာတဲ့ လှိုင်းဘွဲမြို့နယ်ပိုင်ကျုံရွာက ဦးစောနေထွန်း က”ကရင်ပြည်နယ် ငြိမ်းချမ်းရေးမရ တာ။ ကရင်အရေးကို ဦးဆောင်ဦးရွက်ပြုကြတဲ့လူတွေ ၀ိသမလောဘစိတ်ကြီးလို့ဖြစ်တယ် ဒီစိတ်ကို အားလုံးဖယ်ရှားဘို့လိုတယ်"ဆိုပြီး ပွဲတော်တက်ရောက်လာတဲ့ ကရင်ခေါင်းဆောင်တွေ ကို ပေါ်ပေါ်ထင်ထင်ဝေဖန်ပြောဆိုခဲ့ပါတယ်။ 

ကရင်ခေါင်းဆောင်တွေကတော့ လူထုတွေရဲ့နစ်နာမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးသွားမယ်လို့ဆိုပေမဲ့ တက် ရောက်လာကြတဲ့ ကရင်လူထုတွေကတော့ ကရင်ငြိမ်းချမ်းရေးအတွက်ဆိုပြီး မူမရှိတဲ့ စည်းမဲ့ ကမ်းမဲ့ ငြိမ်းချမ်းရေး မျိုးကိုတော့ မလိုချင်တဲ့အကြောင်းသဘောထားတွေပေးခဲ့ကြပါတယ်။ 
















































ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here