Tuesday, January 8, 2013

အိမ်ရာ ၁ သန်းကျော်ကို နှစ် ၂၀ စီမံကိန်းဆွဲကာ တည်ဆောက်မည်

0 comments

အိုးအိမ်ဦးစီးဌာနပိုင် ရန်ကုန်မှ ဖဆပလ တိုက်ခန်းများ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တနိုင်ငံလုံးတွင် အိမ်ရာအလုံးပေါင်း ၁ သန်းကျော်ကို နှစ် ၂၀ စီမံကိန်းဆွဲကာ တည်ဆောက်မည်ဟု မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ပြည်သူလူထုအတွက် နှစ်စဉ်အိမ်ရာ လိုအပ်ချက်မှာ ၂၀၀၀၀ ကျော်ရှိနေပြီး လက်တွေ့ ထုတ်လုပ်နိုင်သည့် အိမ်ရာအလုံးပေါင်း ၇၀၀၀ ခန့်သာ ရှိသည့်အတွက် အိမ်ရာ ၁ သန်းကျော်ကို နှစ်ရှည်စီမံကိန်း ဆွဲကာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ယနေ့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ရန်ကုန်ရုံးတွင် ကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပပြုလုပ်ခြင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောကြားသည်။
“အိမ်ရာတွေ အမြောက်အများထုတ်လုပ်နိုင်အောင်၊ အိမ်ဈေးနှုန်းတွေ ကျဆင်းအောင် ဥပဒေအရရော ငွေကြေး အရရော ဆောင်ရွက်နိုင်အောင် ကူညီသွားဖို့ရှိတယ်” ဟု သူက ဆက်ပြောသည်။
ယင်းကဲ့သို့ ဆောက်လုပ်ရာတွင် ၅ နှစ်စီမံကိန်း ၄ ခုခွဲကာ ဆောင်ရွက်မည် ဖြစ်ပြီး တနိုင်ငံလုံးအတွက် တနှစ်လျှင် အိမ်အလုံးရေ ပျှမ်းမျှ ၅ သောင်းကို ဌာနစီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့အတွက် အိမ်အလုံးပေါင်း ၅ သောင်းကို မြို့သစ်နေရာများတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာစီမံကိန်းများ ဖော်ထုတ်ရာတွင် အချက်အချာကျသော နေရာများတွင်သာ ရင်းနှီးမြှုပ်နှံလိုသူများရှိသောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ရင်းနှီးမြုပ်နှံလိုသူများ စိတ်ဝင်စားမှု မရှိသည့် နေရာများကိုမူ အစိုးရ ချေးငွေဖြင့်သာ ဆောင်ရွက်သွားမည်ဟု သိရသည်။
“ရန်ကုန်ရဲ့ဆင်ခြေဖုံးမြို့နယ်တွေကနေ သွားလာရတဲ့ အချိန်တွေက အရမ်းကိုကြာမြင့်နေတော့ မြို့လယ်ခေါင် နေရာတွေကို လုလာကြတာ၊ ဒါကြောင့် အိမ်ဈေးတွေတက်လာတယ်၊ အိမ်ရာတွေ များများ ဖော်ထုတ်ရင်တော့ အိမ်ဈေးတွေ ကျနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်ပနိုင်ငံအချို့တွင်အိမ်ရာတည်ဆောက်မည့်လုပ်ငန်းရှင်များကိုငွေကြေးထုတ်ချေးခြင်း၊အိမ်ခြံမြေဝယ်ယူလို
သူ များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူစေခြင်းများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆောင်ရွက်ပေးသင့်ကြောင်း၊ အိမ်ဆောက်ပစ္စည်းများကို အဆင့်မြင့်တင် ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာ စေလိုကြောင်း၊ ယင်းသို့သက်သာမှသာ အိမ်ရာဈေးနှုန်းများ ကျဆင်း လာနိုင်ဖွယ်ရှိကြောင်း သူကသုံးသပ်သည်။
မြို့ပြနှင့်ဒေသ စီမံကိန်းဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က “အိမ်ရာစီမံကိန်းကြောင့် အခုချိန်မှာ အိမ်တန်ဖိုး ကျပ် သိန်းနှစ်ရာကနေ နောင်မှာ သိန်းတရာလောက်အထိ ကျသွားမယ်ဆိုပြီးတော့ သတ်မှတ်လို့တော့ မရဘူး၊ ဆောက်လုပ်ခဲ့တဲ့ ကုန်ကျစရိတ်ပေါ် မူတည်ပြီးတော့ ရောင်းဈေးကို တွက်ရမှာပေါ့” ဟု ပြောသည်။
ယခင်က အိမ်ဆောက်လုပ်ရာတွင် တပေ ပတ်လည်ကုန်ကျစရိတ်သည် ကျပ် ၄၀၀၀ ကျော်သာ ရှိခဲ့သော်လည်း လက်ရှိတွင် အိမ်ဆောက်ပစ္စည်း များ ဈေးမြင့်လာသည့်အတွက် တပေ ပတ်လည် ကျပ် ၁၀၀၀၀ ကျော် ကုန်ကျလာသောကြောင့် အိမ်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သူက ဆိုသည်။
“အိမ်ရာလိုအပ်ချက်က ရန်ကုန်တမြို့ထဲကို တနှစ်မှာ ၂၅၀၀၀ နဲ့ ၃၀၀၀၀ အကြား ရှိနေတယ်၊ အိမ်ရာတွေ ထုတ်လုပ်တာ ကလည်း အစိုးရအနေနဲ့ မြေဘယ်ကရမလဲ ဆိုတာ လိုသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအိမ်ရာစီမံကိန်း ဆောင်ရွက်ခြင်းကို အိုးအိမ်ပိုင် မြေနေရာများတွင်သာ ဖော်ထုတ်မည်ဖြစ်ပြီး နောက်
ပိုင်း ဆောက်လုပ်မည့် အိမ်ရာများအတွက် မြေနေရာများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းသွားမည်ဟု သိရသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်နိုင်က “လက်ရှိ အိမ်ရာတချို့က နေထိုင်ဖို့ အဆင်မပြေတော့ဘူး။ သက်တမ်းလွန်တာ၊ နေထိုင်ဖို့ အဆင်မပြေ တော့တာတွေကိုတော့ ပြန်ပြီး အဆင့်မြှင့်တင်ဖို့ လုပ်နေရတာတွေ ရှိတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ မြို့ပြနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာများ အသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၊ ပြည်တွင်းပြည်ပ ကုမ္ပဏီ များနှင့် ပြည်ပမှ ပညာရှင်များ ပါဝင်သော “Conference on Promotion of Construction Industry in Housing Delivery in Myanmar” ဆွေးနွေးပွဲတရပ်ကို ဇန်နဝါရီ ၂၀ – ၂၁ ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here