Tuesday, March 19, 2013

ဥက္ကဋ္ဌ စ၀်ရွက်ဆစ် သိစေချင်ပါသည်

0 comments
မတ်(၁၉)



ကျွန်တော် ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့မှာ နေထိုင်တဲ့ ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ၀န်ထမ်းဟောင်း တစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျွန်တော်နေထိုင်တဲ့ ခိုလမ်က (၆၆) တပ်ရင်းနဲ့ ရှမ်းစစ်တပ်တို့ မြို့ရဲ့ တောင်ဘက် ၇ မိုင်လောက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားသိရပါတယ်။

တိုက်ပွဲဖြစ်ရာမှာ ဗမာစစ်တပ်က တပ်ရင်းမှူးနဲ့ ရဲဘော် အချို့ကျဆုံးပြီး တစ်ချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒီသတင်း ကို ကြားရတော့ မယုံနိုင်ပါဘူး၊ သေဆုံးသွား တဲ့တပ်ရင်းမှူးဟာ ကျွန်တော်တို့ မြို့ကို ရောက်တာ (၂) နှစ် ကျော်လောက်ရှိပါပြီ၊ ကျွန်တော်တို့ မြို့ရဲ့ ရပ်အကျိုး၊ ရွာအကျိုးကို ကူညီဆောင်ရွက် ပေးသလို မြို့နေလူထုနဲ့လည်း ပြဿနာဖြစ်တာမရှိခဲ့ပါဘူး။ သူ့ရဲ့ ဇနီးကလည်း ကျွန်တော်တို့မြို့က ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး ကျွန်တော့်သားရဲ့ ဆရာမလည်းဖြစ်ပါတယ်၊ စိတ်ရင်း ကောင်းပြီး တစ်ဖက်သားကိုလည်း ကူညီတက်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ အဲဒီလို စိတ်ရင်းကောင်းတဲ့သူရဲ့ ခင်ပွန်းတစ်ဦး၊ တစ်ဖက်သားကို ကူညီတက်တဲ့သူတစ်ဦး ကျဆုံးသွားတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်၊ အခုတော့ ဆရာမမှာ သား/သမီး ၃ ဦး နဲ့ဒုက္ခရောက်ပြီး ကျန်ရစ် ခဲ့ပါတယ်။ မိဘစုံညီမရှိတော့တဲ့ သား/သမီး တွေရဲ့ဘ၀ဟာ တကယ်ကို ရင်လေးစရာ ကောင်းပါတယ်။

ကျွန်တော်တို့ဒေသမှာ ဗမာစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်တာ ဆန်းတော့ မဆန်း လှပါဘူး၊ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဖြစ်နေခဲ့တာပါ။ ယခုနောက်ပိုင်း အစိုးရလူကြီးတွေနဲ့ စ၀်ရွက်ဆစ်တို့ အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြပြီး အပစ်အခတ်ရပ်စဲထားကြပြီးပြီလို့ သိရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲတာ စာရွက် ပေါ်မှာပဲရှိတယ်နဲ့တူပါတယ်။ တကယ် အပြင်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့အသံတွေ ကြားနေရဆဲဖြစ်ပါတယ်။ တောထဲကလူတွေကလည်း ဆက်ကြေးကောက်လိုက်၊ လူသစ်စုလိုက် လုပ်နေတုန်းပါဘဲ။ တပ်ရင်းမှူးသေဆုံးတာနဲ့ ပတ်သက်ပြီး ရွာထဲမှာကြားမိတာကတော့  တပ်ရင်းမှူးက အဲဒီနေ့မှာ လူကြီးတွေကခိုင်းလို့ လွယ်ဖာတန်တောင် တစ်ဝိုက် နားမှာ ရေတံခွန်တစ်ခု ရှိတယ်ဆိုတာသိရလို့ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ အဲဒီအနီးအနားမှာရှိတဲ့ နမ့်တိန်း ချောင်းကို ဖြတ်ကူးဖို့ တံတားဆောက်လို့ ရ/မရ သွားကြည့်တာလို့ သိရပါတယ်။ တပ်ရင်းမှူးကလည်း ငြိမ်းချမ်းရေးကို ယုံကြည်ပြီး လူအများကြီး မခေါ်သွားဘဲ (၁၀) ယောက်ကျော်ပဲ ခေါ်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီလိုသွားကြည့်မဲ့ အကြောင်းကိုလည်း သက်ဆိုင်ရာဆက်ဆံရေးရုံကိုတောင် အသိပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ယုံကြည်လို့ မရတဲ့ ရှမ်းစစ်တပ်က သူတို့နယ်မြေထဲကို ကျူးကျော်လာတယ်ဆိုပြီး ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တပ်ရင်းမှူးနဲ့ ရဲဘော် တွေ ကျဆုံးသွားရတယ်လို့ သိရပါတယ်။


ဗမာစစ်တပ်နဲ့ ရှမ်းစစ်တပ်တို့ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့တာ တွေရှိတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပါတဲ့ အပစ်အခတ် ရပ်စဲထား ရမယ်ဆိုတဲ့ သဘောတူညီချက်အတိုင်း နှစ်ဖက်စလုံးက ပစ်ခတ်နှောင့်ယှက်တာတွေ မပြု လုပ်ကြဖို့ လိုအပ်ပါတယ်။ အဲဒီလို ယုံကြည်မှုမရှိဘဲ တစ်ဖက်နဲ့တစ်ဖက် ဆက်လက်ပစ်ခတ်နေကြ ဦးမယ်ဆိုရင် ငြိမ်းချမ်းရေးဟာ ထာဝရငြိမ်းချမ်းရေးကို မတည်ဆောက် နိုင်ခင် လမ်းတစ်ဝက်မှာပဲ သဘောထားကွဲလွဲမှုတွေနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။  ရှမ်းစစ်တပ်မှ ယခုလို ဗမာစစ်တပ်မှ တပ်ရင်းမှူးဦးစီးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်လိုက်တာဟာ ရှမ်းပြည်တပ်မတော်မှ ငယ်သားတွေရဲ့ မဆင် မခြင် လုပ်ရပ်လား၊ ဒါမှမဟုတ် သဘောတူလက်မှတ်ထိုးထားတဲ့ ကတိက၀တ်ကို သိရက် သားနဲ့ ပေါ်ပေါ် တင်တင် ချိုးဖောက် လိုက်တာလို့ပဲ မြင်မိပါတယ်။

တိုက်ပွဲဖြစ်လို့ ပစ်ကြခတ်ကြပြီဆိုတာနဲ့ နှစ်ဦး နှစ်ဖက် ဆုံးရှုံးနစ်နာတာချည်းပါပဲ။ ဗမာစစ်တပ်က ရှမ်း စစ်တပ်ကို စပြီးပစ်လို့၊ ရှမ်းစစ်တပ်က ဗမာစစ်တပ်ကိုစပစ်လို့ တိုက်ပွဲဖြစ်ရတာဆိုတဲ့ စကားတွေ ကလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြားချင်အဆုံးပါပဲဗျာ။ ဘာပဲပြောပြော အခုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံလိုက်ရတဲ့ ဒေသခံအားလုံး ကတော့ ရှမ်းစစ်တပ်က ရန်စတိုက်ခိုက်တာ၊ ငြိမ်းချမ်းရေး သဘောတူညီမှုကို အလွဲသုံးစားလုပ် တာ စည်းကမ်းချိုးဖောက်တာလို့ပဲ ထင်မြင်သုံးသပ်ကြပါတယ်။

ဒီဖြစ်စဉ်ရဲ့နောက်ပိုင်းမှာ ရှမ်းစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို ဖောက်ဖျက်ပြီး ယခင်ကလို ပြန်လုပ်လာတော့မလားဆိုတဲ့အတွေးနဲ့  ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ကျွန်တော် တို့ ခိုလန်မြို့နဲ့ ပတ်ဝန်းကျင် ကျေးရွာအုပ်စုတွေမှာ ရှမ်းပြည်တပ်မတော်အတွက် နှစ်စဉ်ဆက်ကြေး၊ ဘိန်းခွန်ကြေးတွေ အရင်ကလောက် မပေးရ ပေမယ့် အခုအချိန်ထိ ပေးနေရတာတော့အမှန်ပဲဗျာ။ ကျွန်တော်တို့ ခိုလန်မှာ တပ်တွေဖွင့်လိုက်လို့ ကျွန်တော်တို့ ဒေသခံ တွေအပေါ် ရှမ်းစစ်တပ်က အရင်ကလို အနိုင်မကျင့်ရဲကြတော့ဘူး။ အခုလို အေးအေးချမ်းချမ်းဘ၀ကိုပဲ နေသွားချင် ပါတယ်။ ဒါပေမယ့် (၆၆) တပ်ရင်းက တပ်ရင်းမှူးနဲ့ ရဲဘော်အချို့ ကျဆုံးသွားတဲ့ ဖြစ်ရပ်မှာတော့ ရှမ်းစစ်တပ်ရဲ့ အလွန် ဆိုတာသိတဲ့အတွက် မြို့သူမြို့သားအားလုံးက တိုက်ပွဲကြီးတွေ ပြန်ဖြစ်မှာကို အလွန်စိုးရိမ် နေ ကြပါတယ်။

ကျွန်တော်တို့ ဒေသခံတွေအားလုံးကတော့ သေနတ်သံ၊ ဗုံးသံတွေကို ပြန်မကြားချင်တော့ပါဘူး။ ဒါကြောင့် စည်းကမ်းဖောက်တဲ့ ရှမ်းစစ်တပ်ရဲ့ ဥက္ကဌ စ၀်ရွက်ဆစ်ကို ပြောပါရစေ၊ ခင်ဗျား ငယ်သားတွေ ရဲ့ အခုလုပ်ရပ်ဟာ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားသွားနိုင်လို့ ကိုယ့်နေရာမှာကိုယ် စည်းကမ်းရှိရှိနေ ထိုင်ကြပြီး ကိုယ့်တာဝန် တွေကို ကိုယ်လုပ်ပါ။ အလစ်အငိုက်ယူပြီး သူရဲဘောကြောင်တဲ့ တိုက်ခိုက် တာမျိုးတွေ နောက်ထပ်မလုပ်အောင် ထိန်းသိမ်း ကြပ်မတ်အုပ်ချုပ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးကို တည်တံ့ ရှည်ကြာအောင် ဖော်ဆောင်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒေသခံတွေရဲ့ ကိုယ်စား မေတ္တာရပ်ခံ လိုက်ပါတယ်ဗျာ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်သလို မေတ္တာစူးရင် ဘ၀ပျက်တက် တယ်ဆိုတာ ကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်တဲ့အကြောင်း အသိပေးလိုက်ပါရစေ။

စိုင်းခိုလန်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here