ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ မှ ကျင်းပသည့် လူကုန်ကူး ခံရသူများအား စောင့်ရှောက်ပေးရေး ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲကိုယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ရုံး ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့်က အဖွင့် အမှာစကား ပြောကြားပြီး ပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက သင်တန်းနှင့် ပတ်သက်သည် များကို ရှင်းလင်း ပြောကြား သည်။
သင်တန်းတွင် လူကုန်ကူး ခံရသူများအား စိစစ် သတ်မှတ်ခြင်း၊ လူကုန်ကူး ခံရသူများ၏ အခွင့်အရေးများ၊ အလုပ်သမား ပြောင်းရွှေ့ နေထိုင်ခြင်း မူဝါဒ၊ လူကုန်ကူးမှု ဥပဒေ များနှင့် တရား စွဲဆိုရေး၊ နှစ်သိမ့် ဆွေးနွေးခြင်း၊ လူကုန်ကူး ခံရသည့် ကလေးများအား စောင့်ရှောက်ခြင်း၊ လူကုန်ကူးမှု တားဆီးရေး ဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း များ၏ အခန်းကဏ္ဍနှင့် တာဝန်ယူ လုပ်ဆောင်ချက်များ၊ ပြန်လည် လက်ခံရေး၊ ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ထူထောင်ရေး တို့တွင် အမျိုးသမီး ရေးရာ အဖွဲ့၏ အခန်းကဏ္ဍနှင့် တာဝန်ယူ လုပ်ဆောင်ချက်များ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်ဝန်းကျင် ဆိုင်ရာများကို သင်ကြား ပို့ချ သွားမည် ဖြစ်ပြီး သင်တန်း ကာလမှာ မတ် ၁၈ ရက်မှ ၂ဝ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဖြစ်သည်။
အဆိုပါ သင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ နာယက၊ ပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် တောင်ကြီး ခရိုင်၊ လွိုင်လင် ခရိုင်နှင့် လင်းခေးခရိုင် အတွင်းရှိ မြို့နယ် ၂၁ မြို့နယ်မှ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ နှင့် သင်တန်းသူများ တက်ရောက် ကြကြောင်း သိရသည်။
မြ၀တီ