Monday, April 22, 2013

ငရုပ်သီးခြောက်၊ ငှက်ပျောရွက်၊ ငါးရှဥ့်နဲ့ ရောက်တတ်ရာရာ

0 comments
ဧပြီ(၂၂)




ပြီးခဲ့တဲ့လအတွင်း မြ၀တီမြို့ ကူးသန်းရောင်းဝယ်ရေးဇုန်ကနေ ဘန်ကောက်ပို့တဲ့ ငရုပ်သီးခြောက် ပမာဏက တန်ချိန် ၁၅၇ တန် ရှိတယ်လို့ ဆိုပါတယ်။

ဒီအကြောင်း ဒီလ ၈ ရက်နေ့ထုတ် Commerce စီးပွားရေး သတင်းဂျာနယ် သတင်းတပုဒ်မှာ ရေးထားတာပါ။

ဒီငရုပ်ခြောက်တွေကို ဘန်ကောက်မှာ ဘာလုပ်မှာလဲ? အစပ်ကြိုက်တတ်တဲ့ ထိုင်းတွေရဲ့ ဈေးကွက်အတွက်လား?

တခြားနိုင်ငံကို ရောင်းစားဖို့ပါ တဲ့။

“ဘန်ကောက်တွင် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ မလေးရှားသို့ ဆက်လက်တင်ပို့ကြောင်း သိရှိရပါတယ်” လို့ သတင်းက ဆိုပါတယ်။

တန်ဖိုးမြင့် ထုတ်ကုန် လို့ ဆိုတဲ့အတွက် အိပ်သွပ်၊ အမှုန့်ကြိတ်ပြီး ပုလင်းထဲထည့်၊ ကြော်ပြီး ဗူးသွပ်ရောင်းတာမျိုး ဖြစ်ဖွယ်ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ အစားအသောက်ဆိုင်ရာ ထွက်ကုန်တွေက သူ့ဘေးအိမ် မလေးရှားတင် မကပါဘူး၊ အနောက်နိုင်ငံများအထိပါ ရောက်ပါတယ်။

ထိုင်းကနေ အမေရိကန်ကို ပို့တဲ့ထဲမှာ ငှက်ပျောရွက်တောင် ပါပါတယ်။

ငှက်ပျောရွက်ကို အိပ်သွပ်၊ အေးခဲအောင်လုပ်ပြီး ပြည်ပပို့တာပါ။ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိတဲ့ အာဆီယံနိုင်ငံတွေကလည်း အေးခဲငှက်ပျောရွက်ပို့ကြပါတယ်။

အဲဒါကို အနောက်နိုင်ငံတွေရဲ့ စားသောက်ဆိုင်မီးဖိုဆောင်များမှာ သုံးကြပါတယ်။ အေးခဲနေတဲ့ ငှက်ပျောရွက်ကို ရေခဲသေတ္တာထဲက ထုတ်၊ ဖုန်နည်းနည်းပါးပါးသုတ်ပြီး ထမင်း၊ ဟင်း အလှဆင်ရာမှာ အောက်ခံအဖြစ် သုံး၊ မုန့်/ဟင်း လုပ်ရာမှာ အနံ့အတွက် ထုပ်ပိုးဖို့အတွက် သုံးကြတာပါ။

ရေခဲရိုက်ထားလို့ အရောင်ရင့်နေ၊ ဖုန်အလိမ်းလိမ်းကပ်နေတဲ့ ငှက်ပျောရွက်ကို ၀ယ်ရင် သုံးလေးဒေါ်လာလောက်တော့ အနည်းဆုံး ပေးရပါလိမ့်မယ်။


(အေးခဲငှက်ပျောရွက်က မူလအနေအထားပျက်သွားလည်း အနောက်တိုင်းမှာ ရောင်းပန်းလှ၊ အရောင်းသွက်နေပါတယ်)

လိုရင်း ပြောရရင် - မြန်မာပြည်ထွက်ကုန် product of Myanmar လို့ ရေးထားတဲ့  ငှက်ပျောရွက်၊ ငရုပ်သီး စသဖြင့် တွေကို  ပြည်ပက ကုန်စုံဆိုင်ကြီးများမှာ မတွေ့ရပါဘူး။ အစားအသောက်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဗီယက်နမ်စာတွေနဲ့ပဲ တွေ့ရမှာပါ။

မြန်မာတွေကတော့ အိမ်နီးချင်းနိုင်ငံတွေကို ကုန်ပစ္စည်း တန်ချိန် ရာထောင်ချီ ပို့နေတာ အားရစရာပါပဲ။ သို့သော်လည်း အဲဒါတွေက ကုန်ကြမ်းတွေပါ။ ကုန်ချောအဖြစ်ထုတ်ပြီး တင်ပို့နိုင်ကြဖို့ နည်းပညာ၊ အသိပညာ၊ အခွင့်အရေး၊ အဆက်အသွယ်တွေ ရပြီဆိုရင်တော့ မြန်မာ့ကုန်ချောတွေ ပြည်ပရောက်နိုင်ပါပြီ။

အေးခဲငါးရှဥ့်ကင်ကို ပုံစံအမျိုးမျိုးသော အစားအစာတွေအတွက် သုံးကြပါတယ်

နိုင်ငံတကာက ဆူရှီဆိုင်တွေမှာ သုံးနေတဲ့ ချက်ပြီးသား/ရေခဲရိုက် ငါးရှဥ့်တွေမှာ  တရုတ်ပြည်ထွက်ပစ္စည်းလို့ တံဆိပ်ကပ်ထားပါတယ်။ ကျနော် ယူအက်စ်မှာ ဆူရှီလိပ်တုန်းက အဲဒီငါးရှဥ့်တွေ ကိုင်တွယ်ရပါတယ် - စဉ်းစားခဲ့မိတာကတော့ - ဒါတွေဟာ မြန်မာပြည်က ငါးရှဥ့်လည်း ဖြစ်နိုင်တာပေါ့ ဆိုတာပါပဲ။ မြန်မာငါးရှဥ့်တွေ နယ်စပ်ကူး ရောင်းချတဲ့သတင်းတွေလည်း ကြားထားတာကိုး။

(ငရုပ်သီးမှုန့်ပုလင်း)
အေးခဲအောင်လုပ်ထားတဲ့၊ ကြော်ဖို့ အသင့်ရှိနေတဲ့ ဂဏန်းပျော့ အပါအ၀င် အစားအသောက်နဲ့ဆက်စပ်ပစ္စည်းမျိုးစုံဟာ ဆိုခဲ့သလိုပဲ အိမ်နီးချင်းနိုင်ငံများရဲ့ နာမည်တွေ တပ်ထားတာ တွေ့ရပါတယ်။

ကုန်ချောပစ္စည်းတွေ ပြည်ပထုတ်ရောင်းစားတဲ့လုပ်ငန်းမျိုး မြန်မာပြည်မှာ ဖွံ့ဖြိုးလာရင်တော့ မြန်မာနာမည်ကို တွေ့ရတော့မှာပါ။ လုပ်စရာတွေ အများကြီး ရှိတဲ့ထဲမှာ ဒီလုပ်ငန်းတွေဖွံ့ဖြိုးရေးလည်း ပါဝင်တယ်လို့ တွေးနေမိပါတယ်။

လှတပတ ထုပ်ပိုးထားတဲ့ ထိုင်းငရုပ်သီးခြောက် (မြန်မာပြည်ပေါက်လည်း ဖြစ်နိုင်ပါတယ်)

The Irrawaddy's Blog

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here