Thursday, May 2, 2013

သျှမ်း/မြောက်၌ ရိုးရာပွဲဆက်တိုက်ကျင်းပပြီး လောင်းကစားဝိုင်းရက်ရှည်ဖွင့်

0 comments
ဧပြီ(၂)

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်မူဆယ်အုပ်စုတွင် ရက်ရှည်လောင်းကစားဝိုင်းကြောင့် အိမ်ထောင်သည် အမျိုးသမီးများ အခက်အခဲရင်ဆိုင်နေ ရကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

“ သင်္ကြန်ကျကတည်းက လောင်းကစားဝိုင်းဖွင့်တာ ဧပြီလကုန်အထိဘဲဆိုပါတော့။ လောင်းကစားသွားတဲ့ အမျိုးသားတွေ ၂ ရက် ၃ ရက် အိမ်မပြန်ဘဲ လောင်းကစားဝိုင်းမှာနေတယ်။ ယာဘချပြီး မအိပ်မနေလောင်းတယ်။ မိသားစုအသုံးစရိတ်၊ မိသားစုဝင်ငွေအတွက် အရင်းအနှီးလုပ်ဖို့ချန်ထားတဲ့ ပိုက်ဆံတွေကိုပါ ယောက်ျားဖြစ်သူက လောင်းကစားလုပ်ပစ်လိုက် တယ်။ လောင်းကစားပွဲရှိတိုင်း အိမ်ထောင်သည်အမျိုးသမီးတွေ သားသည်မိခင်တွေ အမြဲတမ်း အဲလိုခံစားရတယ်” ဟု နမ့်မူဆယ် ဒေသခံ နန်းအေးက သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်မူဆယ်အုပ်စု၌ လောင်းကစားဝိုင်းရက်ဆက်ဖွင့်လှစ်နိုင်ရေးအတွက် ဧပြီလ ၁၃ ရက်ကတည်းကစ၍ သင်္ကြန်ရေကစားပွဲ၊ ရှင်လောင်းပွဲ ၊ ရွာပဌာန်းပွဲ - စသည့်ရိုးရာပွဲများဆက်တိုက် (ဧပြီလကုန် အထိ) ပြုလုပ်ခဲ့ကြောင်း၊ သမ္မတကြီး၏ ထုတ်ပြန် ကြေငြာချက်နှင့် ဆန့်ကျင်စွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသတွင်း လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့တို့ထံ အခကြေးငွေပေး ၍ လောင်းကစားဝိုင်းထောင် နေကြခြင်းဖြစ်ကြောင်း နန်းအေးက ပြောသည်။

“မတ်ကင့်လွယ် (ဂုံကင်း)ခုံက ၂၅ ခုံရှိတယ်။ တခုံကို တည တစ်သိန်းကျပ်။ လေးကောင်ဂျင်က ၂ ခုံ၊ ဖိုင့်ကျူး ဖဲဝိုင်းက ၂ ဝိုင်း။ အဲတာလဲ တဝိုင်းကို တည ၅ သိန်းကျပ်စီ  မန်ပန်ပြည်သူ့စစ် (တရုတ်လူမျိုး) စဝ်ဟန်အားဆန် (ဗိုလ်မှူး) နဲ့ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဆာမ်ယွန်း (ပလောင်) ဆီမှာပိုက်ဆံပေးပြီး လုပ်နေကြတာလေ။ လောင်းကစားဝိုင်းများလေလေ ဒေသခံရွာသားတွေ ဆင်းရဲလေလေမွဲလေလေ  လူငယ်တွေလဲပျက်စီးလေလေဘဲ။ ပွဲခင်းထဲအထိ ယာဘလိုက်ရောင်း နေတာလေ” ဟု ယာဘစွဲနေသူ တဦး၏ ဇနီးဖြစ်သော နန်းခမ်းက လဲပြောပါသည်။

၂၀၁၁ ဂျူလိုင်လက ဆင်းရဲမွဲတေမှုပပျောက်ရေးဟုဆိုကာ သမ္မတသစ်ဖြစ်သော ဦးသိန်းစိန် က လောင်းကစားဝိုင်းများ ပိတ်ရန်အမိန့်ထုတ်ခဲ့သည်။ ထိုနောက်ပိုင်း  ရဲစခန်းနှင့် ဌာနဆိုင်ရာ များ၌ လောင်းကစားမလုပ်ရန်တားမြစ်ထားသည့် နံရံကပ် ကြေငြာစာများ ၊ လောင်းကစားဝိုင်း သတင်းပေးပို့လျှင် ဆုငွေချမည် ဟူသော ကြော်ငြာစာများ ကပ်ထားသည်ကို တွေ့ရပါသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here