Sunday, September 22, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတိုင်း မလွဲမသွေဖတ်ရမယ်

0 comments

စက်တင်ဘာ ၇ ရက်က NLD ရုံးချုပ်၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား ပါတီများနှင့် NLD တို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

Written by - မောင်တင်ဦး (မြောင်းမြ) 

အခြေခံဥပဒေဆိုတာ

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် (ထိုနှစ်က ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှာ နာဂစ်မုန်တိုင်းတိုက်လို့ လူသိန်းချီ သေဆုံးခဲ့တဲ့နှစ် ဖြစ်ပါတယ်) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆိုလိုပါတယ်။ ထောက်ခံသူ ၉၂ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအခြေခံ ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေ ရေးရာမှာ အချုပ်ဖြစ် တာမို့ နောက်ဆုံး အဆုံးအဖြတ်ဟာ အခြေခံ ဥပဒေမှာ အဆုံးသတ်ရမှာပါ။

ဘယ်နိုင်ငံသား၊ ဘယ်ပြည်သူမှ ကင်းလွတ်ခွင့် မရှိပါဘူး။ တစ်နည်းပြောရရင် ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဆိုတော့ ပြည်သူတွေကို ခံစားခွင့်တွေ၊ လုပ်ပိုင်ခွင့် ပေးထားသလို ပြည်သူတွေကို မလုပ်စေချင်တဲ့ ချုပ်ကိုင်ထားချက် တွေကိုလည်း လေ့လာသိရှိ ထားရပါမယ်။

အကျဉ်းတင်ပြရရင် - ၁။ နိဒါန်း၊ ၂။ အခန်း(၁) နိုင်ငံတော် အခြေခံမူများ၊ ၃။ အခန်း(၂) နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံ၊ ၄။ အခန်း(၃) နိုင်ငံတော် အကြီးအကဲ၊ ၅။ အခန်း(၄) ဥပဒေပြုရေး၊ ၆။ အခန်း (၅) အုပ်ချုပ်ရေး၊ ၇။ အခန်း(၆) တရားစီရင်ရေး၊ ၈။ အခန်း(၇) တပ်မတော်၊ ၉။ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ၁၀။ အခန်း(၉) ရွေးကောက် တင်မြှောက်ခြင်း၊ ၁၁။ အခန်း (၁၀) နိုင်ငံရေး ပါတီများ၊ ၁၂။ အခန်း (၁၁) အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ၁၃။ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ခြင်း၊ ၁၄။ အခန်း (၁၃) နိုင်ငံတော်အလံ အထိမ်းအမှတ် တံဆိပ်နှင့် မြို့တော်၊ ၁၅။ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ ၁၆။ အထွေထွေ ပြဋ္ဌာန်းချက်များ ဖြစ်ပါတယ်။

ဖော်ပြပါ အခြေခံ ဥပဒေပါ ဘယ်ပုဒ်မ၊ ဘယ်အချက်က ကိုယ်နဲ့တိုက်ရိုက် ပတ်သက်နေသလဲ။ ဘယ်ပုဒ်မ၊ ဘယ်အချက် ကိုယ်နဲ့သွယ်ဝိုက် ပတ်သက်နေသလဲ။ ဘယ်ပုဒ်မက ဘယ်သူ့ကို ရည်ညွှန်းနေတာလဲ။ ဘယ်ပုဒ်မက ဘယ်သူ့ကို အကာအကွယ် ပေးနေတာလဲ။ ဘယ်ပုဒ်မက ဘယ်သူ့ကို ထိန်းချုပ်ဖို့လဲ။

ပုဒ်မတစ်ခုချင်းစီ အလိုက် သိရှိလေ့လာ ထားရပါမယ်။ ပုဒ်မတစ်ခု ချင်းစီမှာ အဓိပ္ပာယ်တွေ၊ အာနိသင်တွေ၊ အာဏာတွေ၊ ပါဝါတွေ၊ ကန့်သတ်ချက်တွေ၊ အခွင့်အရေးတွေ၊ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ မလုပ်နိုင် တာတွေ အသီးသီး ရှိနေပါတယ်။ တစ်ခုမှ အချည်းအနှီး ဖြစ်မနေပါဘူး။ ဒါကိုပြည်သူတွေ သိမထားလို့ မရပါဘူး။

ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်မယ်ဆိုရင်

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု နာယကတို့မှအစ နိုင်ငံတော်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက် မယ်လို့ ပြောကြ၊ ဆိုကြ၊ ကတိတွေ ပေးခဲ့ပြီးပါပြီ။

''မင်းမှာသစ္စာ၊ လူမှာကတိ'' ဆိုတဲ့ စကားအတိုင်း ကတိတည်အောင် ကျင့်ဆောင်ရပါမယ်။

၂၀၁၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (လက်ရှိပြည်ထောင်စု နာယက) သူရဦးရွှေမန်းက... ပြည်သူ့ဆန္ဒ သဘောထား မပါဘဲ အမိန့်ညွှန်ကြားချက်နဲ့ ဥပဒေများဟာ ဒီမိုကရေစီမဟုတ်၊ အာဏာရှင် ဆန်တဲ့စနစ် ဖြစ်သွားပါလိမ့်မယ်...။

ပြည်သူ့ဆန္ဒ သဘောထားဟာ ဒီမိုကရေစီ စနစ်မှာ အရေးပါတာကို ပြည်ထောင်စု လွှတ်တော် နာယကမှ ကောင်းစွာ သဘောပေါက်တာဟာ ဒီမိုကရေစီ ဘက်တော်သားများ အတွက် အားတက်စရာပါ။ ဒါဆို မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်ဖြစ်အောင် အထွေထွေ ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ရပါမယ်။ ဒီမိုကရေစီစနစ်နဲ့ အံမ၀င်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အထွေထွေ ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက အကျဆုံး ပြောင်းလဲရမယ့် ဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်။

စင်စစ် ဒီလိုအထွေထွေ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရာမှာ သမ္မတရယ်၊ နာယကရယ်၊ ဥက္ကဋ္ဌရယ် တို့နဲ့တင် မပြီးသေးပါဘူး။ ကိုယ်စီတာဝန် ရှိနေကြတဲ့ ပြည်သူတိုင်း ပြည်သူတိုင်း ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်သူရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတဲ့အတွက် တပ်မတော်ဆိုတဲ့ စကားရပ်ကို သီးခြားရေးသား ဖော်ပြစရာ လိုမယ်မထင်ပါ။

ပြည်သူဆိုတာ

ပြည်သူဆိုတာ မြန်မာနိုင်ငံရှိ လူပေါင်းသန်း ၆၀ ကို တစုတည်း စုပေါင်းခေါ်လိုက်တဲ့ နာမ်ဖြစ်ပါတယ်။ သန်း ၆၀ မှာ တိုင်းရင်းသား အားလုံး၊ လယ်သမား၊ အလုပ်သမား၊ တပ်မတော်သား၊ ကျောင်းသား၊ လူထုလူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုပါတယ်။

သန်း ၆၀ သော လူများဟာ အခြေအနေအရ လိုအပ်လာတဲ့အခါ တစ်စုတည်း စုပေါင်းလိုက်ရင် ပြည်သူအဖြစ် ညီညီညွတ်ညွတ် ရပ်တည် ရပါတယ်။ ကျစ်ကျစ်လျစ်လျစ် စည်းလုံးရပါမယ်။ သန်း ၆၀ လူအများရဲ့ မတူကွဲပြားမှုတွေကို တဒင်္ဂ စွန့်လွှတ်ပြီး တစ်နည်း မိမိကိုယ်ကျိုးများကို စွန့်လွှတ်ပြီး နိုင်ငံတော် အတွက် ''အား'' တစ်ရပ်အဖြစ် ပေါ်ထွန်းလာခြင်းဟာ ပြည်သူ့အားပါ။ လူအများစုဟာ တစ်ခုတည်းသော ပြည်သူ့အား ဖြစ်လာခဲ့ရင် မည်သည့် ဆန့်ကျင်ဘက် အင်အားစုကိုမဆို အောင်နိုင်ပါတယ်။ တွန်းလှန်နိုင်ပါတယ်။ ကျော်ဖြတ်အောင်မြင် နိုင်ပါတယ်။

မတူကွဲပြားတဲ့ အင်အားငယ်များကို စုစည်းမိဖို့ရာမှာ ရည်မှန်းချက် သတ်သတ်မှတ်မှတ်ရွေးပြီး ရည်မှန်းချက်ဟာ ဘုံရည်မှန်းချက် ဖြစ်လာဖို့ လိုပါတယ်။ တူရူအရပ်တူပြီး ဘုံရည်မှန်းချက် ရပြီဆိုရင် မတူကွဲပြား အင်အားငယ်များဟာ ပြည်သူဆိုတဲ့ အင်အားစုကြီးတစ်ရပ် ဖြစ်လာပြီး ဘုံရည်မှန်းချက်ကို ပေါက်မြောက် အောင်မြင်အောင် စွမ်းဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

ဘုံရည်မှန်းချက်

လတ်တလော တိုင်းပြည်ရဲ့ ဘုံရည်မှန်းချက်က ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲရေးပါ။ သူရဦးရွှေမန်းကလည်း ပြောပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေကလည်း အဆိုပြု နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီစံနှုန်း အားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒအား မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း စက်တင်ဘာ ၁၂ ရက်က ၀ါဆောတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ Politics and Education (နိုင်ငံရေးနဲ့ ပညာရေး) ခေါင်းစဉ်ဖြင့် ပို့ချချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခြားပြည်သူတွေကလည်း မိမိတို့ရဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ကန့်သတ်နေလို့ (လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒပြခွင့်စတဲ့ လူ့အခွင့်အရေး စံနှုန်းများ စသည်ဖြင့်...) ဒီမိုကရေစီ စံနှုန်းကို အပြည့်အ၀ ရရှိရေးအတွက် ဥပဒေကို ပြင်ဆင်ချင်နေ ကြပါပြီ။ ဒါဆိုဘာလိုသေးလဲ။

ဖွဲ့စည်းပုံစာအုပ် ထုတ်ပေးပါ

တကယ်တော့ ဥပဒေကို ပြင်ချင်တယ်ဆိုရုံနဲ့ ဥပဒေဟာ အလိုအလျောက် ပြင်ပြီးသား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာကိုပြင်ချင်တာလဲ။ ဘာဖြစ်လို့ ပြင်ချင်တာလဲ။ ဘာတွေကို ဘယ်လိုပြင်မှာလဲ။ ဘယ်သူတွေကို အခြေခံ ထားမလဲ။ ဒီလိုစနစ်တကျ စီစဉ်ရပါမယ်။ ဒါဆို ပထမဦးဆုံး လုပ်ရမှာက ၂၀၀၈ ဥပဒေကို ပြည်သူတိုင်း ဖတ်ရပါမယ်။ ကျကျနန ဖတ်ရပါမယ်။ ကျွန်တော်က ဒီလိုရေးတော့ စာဖတ်သူတို့က ဒီလိုပြန်မေးပါတယ်။ ''ဆရာပြောတဲ့ အခြေခံ ဥပဒေစာအုပ် ဖတ်ရအောင် ဘယ်မှာလဲစာအုပ်။ ဘယ်ဆိုင်မှာမှ ၀ယ်လို့ မရတော့ဘူးလေ''

ဒါဆိုပထမဆုံးရဲ့ ပထမဆုံး လုပ်ရမှာက ဥပဒေစာအုပ်ကို လူအများ ၀ယ်ယူဖတ်ရှုနိုင်တဲ့ ဈေးနဲ့ လူအများ ၀ယ်ယူနိုင်တဲ့ ဆိုင်တွေမှာ လွယ်လွယ်ကူကူ ၀ယ်ယူနိုင်အောင် စီစဉ်ပေးဖို့ လိုပါတယ်။ ဒီလိုစီမံ ပေးရမှာက နိုင်ငံတော် အစိုးရနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနတို့မှာ အထူးတာဝန် ရှိပါတယ်။

ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ ဆောင်ရွက်မှုအတိုင်း လူတွေ ဖတ်ကြပါစေ။ သိကြပါစေ။ မြင်ကြပါစေ။ ခံစားနားလည် သိမြင်လာကြပါစေ။ အစိုးရ ဒါမှမဟုတ် လူမှုအသင်း အဖွဲ့တွေက ပြည်သူကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စ အမှန်တကယ် ပါဝင်လာစေချင်ရင် အစိုးရ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေက ဖွဲ့စည်းပုံစာအုပ်ကို ထုတ်ဝေနိုင်ဖို့ စီစဉ်ကြစေ လိုပါတယ်။

သိအောင်ဖတ်၊ တတ်အောင်လေ့လာ၊ ပါဝင်ဆောင်ရွက်

အကယ်၍များ ...အကယ်၍များ ဖွဲ့စည်းပုံ စာအုပ်တွေ ပြည်သူ့လက်ထဲ ရောက်လာရင် ပြည်သူတွေ ဖတ်ရပါမယ်။ ထဲထဲဝင်ဝင် သိအောင်ဖတ်ရပါမယ်။ တတ်နိုင်သရွေ့ နားလည်အောင် လေ့လာရပါမယ်။ ဒါဟာ အဆင့်မြင့် ပြည်သူ၊ တာဝန်သိ ပြည်သူတွေရဲ့ တာဝန်ယူတတ်မှု ဖြစ်ပါတယ်။

ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဟာ ပြည်သူတွေကို ဘယ်လို တိုးတက်အောင် ဘယ်ပုဒ်မတွေက ဖန်တီးပေးထားသလဲ။ ဘယ်လိုချုပ်ကိုင် ထားသလဲ။ ဒီမိုကရေစီ စာလုံးတွေ ဖောဖောသီသီ ရေးထားပြီး ဒီမိုကရေစီ နည်းမကျတဲ့ ပုဒ်မတွေ ဘယ်လောက် များနေသလဲ။

ပြည်သူတွေကိုယ်တိုင် လက်ငင်းခံစား နေရတာဖြစ်လို့၊ မိမိတို့ ခံစားချက်နဲ့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေအချာဖတ်ရင်း ဥပဒေ ပြင်ဆင်ရေးဆွဲ နိုင်အောင် ပြည်သူအားလုံး စည်းလုံးကြဖို့ နှိုးဆော်အပ်ပါသည်။

The Voice  Weekly


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here