Wednesday, September 4, 2013

သူရဦးရွှေမန်းသားပိုင် ဧရာရွှေဝါကုမ္ပဏီက ရန်ကုန်မြို့၏ ငါးပုံတစ်ပုံစာမျှ ရှိသော မြေများကို သိမ်းထားမှု တိုင်းအစိုးရကို အမတ်ကမေးခွန်းထုတ်မည်

0 comments
4.9.2013

ဧရာဝတီတိုင်းအတွင်းရှိ ဧရာရွှေဝါကုမ္ပဏီက သိမ်းထားသောလယ်မြေများကို မူလပိုင်ရှင် လယ်သမားများ ထံပြန်ပေးရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားသော်လည်း သာပေါင်းမြို့နယ်မှ လယ်ဧက ၂၉,၀ ၀၀ မှာ ယနေ့အချိန်ထိ ပြန်မရသေး၍ တိုင်းအစိုးရကို မေးခွန်းထုတ်မည်ဟု တိုင်းအမတ် ဦးဝင်းသိန်းက ပြောသည်။သိမ်းဆည်းထားသည့်လယ်မြေများမှာ ဧက ၂၉၀၀၀ ပင်ရှိရာ စတုရန်းမိုင်အားဖြင့် ၄၅ မိုင် ကျော်သည်ဖြစ်ရာ ရန်ကုန်မြို့၏ ငါးပုံတစ်ပုံခန့်ပင် ကျယ်ဝန်းသည်။

“အခုချိန်ထိ မူရင်းလက်ငုတ်လုပ်သူတွေ ဆီပြန်မရောက်သေးဘူး။ အဲဒါကြောင့် (တိုင်း) အစိုးရကဘယ်လို ဆောင်ရွက်နေလဲ။ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ မေးမှာပါ” ဟု သာပေါင်းမဲဆန္ဒနယ်မှ တိုင်းအမတ် ဦးဝင်းသိန်းကပြောသည်။

ထိုလယ်များကို သိမ်းထားသည့် ဧရာရွှေဝါကုမ္ပဏီသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်ဟု ဆန်စပါးအသင်းချုပ်က အတည်ပြု ပြောကြား ထားသလို၊ နာမည်ကြီး သူဌေးဦးတေဇ ကလည်း ၂၀၁၂ ဇူလိုင်က ဧရာရွှေဝါကုမ္ပဏီ သိမ်းထားသည့် မြေများကို နိုင်ငံကိုပြန်အပ်ကြောင်း ထိုကုမ္ပဏီ၏ ဥက္ကဋ္ဌ အဖြစ် လက်မှတ်ထိုးကာ ဧရာဝတီတိုင်း အစိုးရထံ အကြောင်း ကြားစာပေးပို့ခဲ့ဖူးသည်။

သာပေါင်းမှ တိုင်းလွှတ်တော်အမတ် ဦးဝင်းသိန်းက ဧရာရွှေဝါကုမ္ပဏီ သိမ်းဆည်းထားသည့် လယ်မြေများကို ဦးတေဇက ပြန်ပေးသော်လည်း မူလပိုင်ရှင်လယ်သမားများထံ မရောက်သေးသဖြင့် မိုးစပါးအမီ ပြန်ပေးရန် လွှတ်တော်တွင် အဆိုတင်ခဲ့ရာ လွန်ခဲ့သည့် ငါးလကျော်ကာလဖြစ်သည့် မတ် ၃၁ ရက်ကထိုအဆိုကို လွှတ်တော်ကအတည်ပြုခဲ့သည်။

ယင်းအဆိုအတည်ဖြစ်ခဲ့သဖြင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌက ထိုလယ်မြေများကို မူလပိုင်ရှင်လယ်သမား များ ထံ ကုမ္ပဏီက ပြန်ပေးရေးဆောင်ရွက်ရန် တိုင်းအစိုးရထံညွှန် ကြားခဲ့သော်လည်း ယခုအချိန် အထိ သာပေါင်းမှ လယ်သမားများ မြေပြန်မရသေးခြင်းဖြစ်သည်။

ထို့ကြောင့် ဦးဝင်းသိန်းက စက်တင်ဘာ ၄ ရက်တွင်စတင်မည့် ခုနစ်ကြိမ်မြောက် ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေးတွင် ထပ်မံမေးခွန်းထုတ်မည် ဖြစ်သည်။

ဧရာရွှေဝါကုမ္ပဏီသည် လွန်ခဲ့သော ၁၅ နှစ် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ် မြေရိုင်း များ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအ၀င် ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲစသည့်မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,၀၀၀ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းသိန်းက မဇ္ဈိမကိုပြောသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here