Thursday, September 5, 2013

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးမျှတအိမ်ရာ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ပေးရမည်

0 comments


V-5-9
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ စီမံကိန်းနေရာ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းတွင် Myanmar V Pile ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းဆောက်လုပ်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့်ဒဂုံမြို့သစ်မြောက်ပိုင်း၄၂ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်းတွင် အောင်မြင်တိုးတက် ဆောက်လုပ်ရေးနှင့် ပူးပေါင်းဆောက်လုပ်နေသော ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှ အခန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်း နှစ်ခုတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"အဲဒီစီမံကိန်းနှစ်ခုက ဆောက်လုပ်တုန်းဆိုပေမယ့်အမြန်ဆုံးအကောင်အထည် ဖော်မှာဖြစ်တဲ့အတွက် လျှောက်လွှာတွေ စတင်လို့ ရနေပါပြီ၊ အခန်းဈေးနှုန်း တန်ဖိုးတွေ အနေနဲ့ကတော့ ကျပ်သိန်း ၂၀၀ ကျော်လောက်ကနေ စမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အခန်းများကို အရစ်ကျစနစ်ဖြင့် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချ ပေးမည်ဖြစ်ပြီး အရစ်ကျ ပေးသွင်းရမည့် နှစ်ကာလကိုလည်း သင့်လျော်သော နှစ်ကာလဖြစ်အောင် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ရန်ကုန်မြို့၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း စုစုပေါင်းလေးခု အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ဗိုလ်ဗထူး စီမံကိန်း၊ ဗိုလ်မင်းရောင် စီမံကိန်းအပြင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၆၂ ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၀ ရပ်ကွက်တွင် မင်းရဲကျော်စွာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းများမှ အခန်းများအား မြေဖိုးမပါဘဲ တည်ဆောက်မှု ကုန်ကျစရိတ်များအတိုင်း ရောင်းချပေးမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
သို့သော် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း တည်ဆောက်ထားသည့် နေရာမှာ မြို့စွန်နေရာဖြစ်ပြီး ရောင်းချပေးမည့် ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၂၀၀ ကျော်မှ စတင်မည် ဖြစ်သောကြောင့် သင့်လျော်မှု မရှိကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။
"၄၈ ရပ်ကွက်က ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းက မြောက်ဥက္ကလာတို့ ဘာတို့နဲ့ နည်းနည်းနီးတဲ့လမ်းပေါ် ဖြစ်ပေမယ့် ၄၂ ရပ်ကွက်က ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းကတော့ ဟိုးအတွင်းပိုင်း ချောင်ထဲကို ရောက်နေတယ်။ ဆောက်ထားတဲ့ နေရာတွေက ကျောင်း၊ ဈေး၊ ဘတ်စ်ကားရော အဆင်ပြေမလား ထည့်စဉ်းစားရမယ်။ ပေးရမယ့်ဈေးက ကျပ်သိန်း ၂၀၀ ကျော် အနည်းဆုံးဆိုတော့ ၀ယ်နိုင်မယ့် အခြေအနေ မရှိဘူး" ဟု လက်ရှိအိမ်ငှားရမ်း နေထိုင်သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုပါသည်။
ရန်ကုန်မြို့တော်တွင် အိမ်ရာလိုအပ်ချက် မြင့်မားလာပြီး အိမ်ထောင်စု တိုးပွားလာမှုမှာ အိမ်ရာဆောက်လုပ်ပေးနိုင်မှု၏ သုံးဆခန့်ဖြစ်နေပြီး တိုက်ခန်းဈေးနှုန်းများလည်း မြင့်တက်လာကြောင်း၊ ထို့အတွက် အိမ်ရာစီမံကိန်းများ အကောင်အထည် ဖော်နေရာ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်နေသည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင်လည်း အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၂၀၀ ခန့်အထိ ပါဝင်၍ သာမန်အခြေခံ လူတန်းစားများ လက်လှမ်းမမှီသည့် ဈေးနှုန်းများ ဖြစ်နေကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here