Monday, September 9, 2013

ကလောမြို့တွင် ဆိုင်ကယ်များ ရုတ်တရတ်ဖမ်းဆီးခြင်း

0 comments


 (၇.၉.၂၀၁၃) ညနေ ၇ နာရီနဲ့ ၉ နာရီကြားမှာ ကလောမှာ ဆိုင်ကယ်ဖမ်းပွဲကြီးတစ်ခုဆင်နွှဲခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးအတွက်၊ ယာဉ်အန္တရယ်ကင်းရှင်းရေးအတွက် လုပ်တယ်ဆိုပေမယ့် တရားမျှတမှုမရှိဘူးဆိုတာကို ကလောမြို့က လူတွေသိကြပါတယ်။ ဆိုင်ကယ်တွေဖမ်းနေတယ်ကြားတော့ ဘယ်လိုဖမ်းတာလဲဆိုတာကို အသေအချာသိချင်လို့ ဖမ်းနေတဲ့နေရာကိုလာပြီး စောင့်ကြည့်ကြသူတွေလည်း အများအပြားပါပဲ။ အားလုံးလည်းမြင်ကြမှာပါ ….။ ယာဉ်ထိန်းရဲအင်အားနဲ့ အရံမီးသတ် စုစုပေါင်း ၈ ယောက်လောက် ပိတ်ဖမ်းနေပေမဲ့ မမြင်ချင်ယောင်ဆောင်ပြီးလွှတ်ပေးလိုက်တဲ့ ၃ ယောက်စီးတဲ့ ဆိုင်ကယ်တွေ… နံပါတ်မပါတဲ့ဆိုင်ကယ်တွေ …. ဦးထုပ် မဆောင်းတဲ့ ဆိုင်ကယ်သမားတွေ ….အများကြီးပါပဲ။ -ဦးထုပ် မဆောင်းထားတဲ့ မီးသတ်သမား၊ ဆိုင်ကယ်ဦးထုပ်လည်းမဆောင်း နံပါတ်လည်းမပါတဲ့ အရပ်ဝတ်ရဲတွေ၊ ဦးထုပ်လည်းဆောင်းမလာ လမ်းပြောင်းပြန်လည်းတက်လာတဲ့ တပ်ထိန်းတစ်ယောက်၊ ၃ယောက်စီးပြီး ယာဉ်ထိန်းရဲတွေ ကြားက အေးအေးဆေးဆေးဖြတ်သွားတဲ့ ဆိုင်ကယ်တွေ… ။ ဒီ ၂ နာရီကျော်ကျော်အတွင်းမှာဖြစ်သွားတဲ့ မမြင်ချင်ယောင်ဆောင်မှုတွေ -ယာဉ်ထိန်းရဲတွေဆိုင်ကယ်ဖမ်းပုံကတော့ သမရိုးကျပါပဲ…။ ဆိုင်ကယ်ကို အရှေ့တည့်တည့်က ပိတ်ပြီးတားမယ်။ နောက်ပြီးကျရင် ဆိုင်ကယ်သော့ကို အရင်ဆွဲဖြုတ်မယ်။ ဆိုင်ကယ်တွေ တန်းစီထားတဲ့နေရာကို တွန်းလာခိုင်းမယ်။ ချလန်ဖြတ်မယ်။ ဖြတ်ထားတဲ့ချလန်တစ်ခုကို ကြည့်ကြည့်တော့ ရက်ချိန်းက ၁၃ ရက်နေ့တဲ့။ ယာဉ်ထိန်းရဲထဲက ၂ ပွင့်တစ်ယောက်ကို မေးကြည့်တော့ တရားရုံးမှာ ဒါဏ်ငွေဆောင်ရမှာပါတဲ့။ ဥပဒေအတိုင်းလုပ်တာပါတဲ့။ ဒါဏ်ရိုက်တာက သူတို့အလုပ်မဟုတ်ပါဘူး… တရားရုံးကလုပ်မှာပါတဲ့။ အဲ့ဒါဆိုရင် တနင်္လာနေ့ တရားရုံးဖွင့်ရင် ဆောင်လို့ရတာပဲ ဘာလို့ ၁ ပါတ်လောက်ခွာပြီးချိန်းတာတုန်းလို့မေးတော့…အဲ့ဒါက အပြစ်ပေးတာလေတဲ့။ ခုနပြောတော့ တရားရုံးက အပြစ်ပေးတာ ကိုလုပ်တာဆိုလို့ ပြန်မေးတော့ မျက်ထောင့်နီနဲ့ လှမ်းကြည့်ပါတယ်။ -လိုင်စင်ပါတဲ့ဆိုင်ကယ်တွေ ၀ီးတက်ထားခဲ့လို့ မရဘူးလားလို့မေးတော့ …. ညီလေး…၀ီးတက်ထားတဲ့ခေတ်က ကုန်သွားပြီ … မရတော့ဘူးလို့ပြန်ပြောပါတယ်။ အဲ့ဒါဆို ကားတွေကိုကျတော့ မီးပွိုင့်ဖြတ်မောင်းတာတို့လိုမျိုး လမ်းစည်းကမ်းဖောက်ဖျက်တာမျိုးကျတော့ ဘာလို့ ၀ီးတက်တို့ လိုင်စင်တို့ ထားခဲ့လို့ရတာတုန်း လို့မေးတော့လည်း မကျေမနပ်နဲ့ကြည့်တာကိုပဲ ခံရပြန်ပါတယ်။ စည်းကမ်းဖောက်တာကတော့ စည်းကမ်းဖောက်တာပါပဲ။ ဒါပေမဲ့ မြင်နေတွေ့နေတဲ့ ရဲဝန်ထမ်းတွေကိုက without တွေစီး ဆိုင်ကယ်ဦးထုပ်မဆောင်းနဲ့ဆိုတော့ ဘယ်လိုနားလည်းပေးရမယ်ဆိုတာ မသိတော့ပါဘူး။ နောက်ပြီး ချောင်းပြီးအရိုက်ခံရသလိုပါပဲ။ တစ်ကယ်ကိုေ စတနာရှိရင်ပေါ်တင်လုပ်လို့ရပါတယ်။ တောင်ကြီးမှာဆိုရင် ဆိုင်ကယ်ဦးထုပ်က ဘယ်အချိန်မှာမဆိုဆောင်းရမယ်ဆိုတဲ့ အသိက လူတိုင်းမှာရှိပါတယ်။ ကလောလိုမြို့ငယ်လေး တစ်ခုမှာကျတော့ ဒီလိုအသိမျိုးဝင်နေအောင် လုပ်ဆောင်ထားခြင်းမရှိပါဘူး။ ယာဉ်ထိန်းရဲတွေကိုယ်တိုင်ကမှ ဦးထုပ်မဆောင်းဘဲနဲ့ ငါတို့လည်း ဆောင်းမနေဘူးဆိုတဲ့ အသိမျိုးသာဝင်နေတာပါ။ -ည ၉ နာရီလောက်မှာ ဆိုင်ကယ်တွေကို ရဲစခန်းကိုပြန်သယ်ကြပါတယ်။ ဆက်ပြီးမဖမ်းတော့ပါဘူး။ သတ်မှတ်တဲ့ အစီးရေ (၃၅)စီး ပြည့်သွားပြီလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာကျတော့ ယာဉ်ထိန်းရဲတွေရှေ့မှာ ဖြတ်သွားနေတဲ့ ဆိုင်ကယ်တွေက ယာဉ်ထိန်းတွေအတွက် လုံးဝသက်ဆိုင်မှုမရှိတော့တဲ့အတိုင်းပါပဲ။ လမ်းပြောင်းပြန်တက်လာလည်း သူတို့နဲ့ မဆိုင်ဘူး … ၃ ယောက်စီးလာလည်း မဆိုင်ဘူး။ ဘာဖြစ်ဖြစ်မဆိုင်တော့ပါဘူး။ ဥပဒေက အချိန်အကန့်အသတ်နဲ့ထုတ်ပြန်ထားတာလားလို့ တွေးမိပါတယ်။ -ရဲစခန်းမှာ ဒါဏ်ကြေးဆောင်ပြီး ပြန်ထုတ်လို့ရနိုင်မလားဆိုပြီး စခန်းကိုလိုက်သွားပါတယ်။ အခုယာဉ်ထိန်းရုံးက စာတိုက်မြောက်ဖက်၊ သိမ်တောင်မုဒ်ဦးက၊ အရင် NLD ရုံးအဟောင်းမှာဖွင့်ထားပါတယ်။ အဲ့ဒီကိုရောက်သွားတဲ့အခါမှာ ခြံဝင်းထဲကနေ ယာဉ်ထိန်းတစ်ယောက်ရဲတစ်ယောက်ရဲ့ ဆဲဆိုနေသံကိုကြားရပါတယ်။ “ငါတို့က ခြံနဲ့ဝင်းနဲ့နေတာကွ… ၀င်လာတဲ့သူခိုးတွေကို ရိုက်ပြီး အပြင်ဆွဲထုတ်လိုက်၊ေ+ာက်ဆင့်မရှိဘဲဝင်မလာနဲ့ ….” စသည်ဖြင့်ဆဲဆိုနေပါတယ်။ ရဲစခန်းထဲကိုဝင်တာ ဘာများအပြစ်ရှိလို့ ဒီလောက်ဆဲဆိုနေရတာတုန်းဆိုတာကိုမေးတော့ … ဒါ ရဲစခန်းလို့ ဘယ်သူပြောတုန်းလို့ပြန်ပြောပါတယ်။ အစ်ကိုတို့ပြောတော့ ဒါ .. ယာဉ်ထိန်းရုံးမဟုတ်ဘူးလားလို့မေးတော့ …. ဟုတ်တယ်…….. ဒါပေမဲ့ မင်းတို့ေ+ာက်လုပ်မရှိဘူး ၀င်လာစရာမလိုဘူးလို့ ပြန်ပြောပါတယ်။ -အခုအဖမ်းခံရသူတွေက စည်းကမ်းမဲ့ပါတယ်။ အပြစ်ရှိပါတယ်။ ခင်ဗျားတို့ ဖမ်းချင်ရင် ဖမ်းပါ။ ပွင့်ပွင့်လင်းလင်းဖမ်းပါ။ လူမသိသူမသိအချိန် ချောင်းမရိုက်ပါနဲ့။ တရားဥပဒေစိုးမိုးစေချင်ရင် စိုးမိုးအောင်လုပ်လို့ရပါတယ်။ စေတနာတော့ပါစေချင်တယ်။ အခုဟာက ၉ နာရီလည်းထိုးရော …. ခင်ဗျားတို့ရှေ့က စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်သလို ဖြစ်နေတာတွေကို လျစ်လျူရှုပလိုက်တယ်။ ဖမ်းချင်ရင် တောင်ကြီးလိုမျိုး အမြဲတမ်းဖမ်းပါ။ နောက်ပြီး ဆိုင်ကယ်တွေကို တစ်ပါတ်သိမ်းထားမယ်ဆိုတာတော့ မလုပ်ပါနဲ့။ တနင်္လာနေ့တရားရုံးကိုတင်ပြီး အင်္ဂါနေ့လောက်ပြန်ထုတ်ပေးလို့ရရင် ထုတ်ပေးစေချင်ပါတယ်။ ကျွန်တော်တစ်ယောက်အတွက်မဟုတ်ဘူး အဖမ်းခံရသူတွေအားလုံးအတွက် ပြောတာပါ။ နောက်ပြီး ဒီလူတွေထဲမှာ ကျန်းမာရေးအရဆိုင်ကယ်ကိုလိုအပ်သူတွေ… စီးပွားရေးအရလိုအပ်သူတွေ … ဒီဆိုင်ကယ်တွေနဲ့ အလုပ်လုပ်နေတဲ့သူတွေ …. အလွှာပေါင်းစုံပါပါတယ်။ စည်းကမ်းရှိစေချင်ရင် ဒါဏ်ရိုက်ပြီးလွှတ်ပေးလိုက်ပါ။ ကိုယ့်အမှားနဲ့ကိုယ်မို့အားလုံးက ကျေနပ်မှာပါ။ ဒါပေမဲ့ ဆိုင်ကယ်ကို သိမ်းထားလို့ နစ်နာရတာတွေမရှိအောင်တော့ စဉ်းစားပေးရင် ခင်ဗျားတို့စေတနာရှိကြောင်း အသိအမှတ်ပြုနိုင်ကြမှာပါ။ -ယာဉ်ထိန်းရဲတွေကပြောပါတယ်…. သူတို့တွေ အချိန်ပြည့် မဖမ်းနိုင်တာက လူကြီးလမ်းကြောင်းတွေနဲ့ ရှုပ်နေလို့ပါတဲ့။ သူတို့လည်း မအားပါဘူးတဲ့။ အခုလည်း အထက်က စီမံချက်နဲ့ အစီးရေနဲ့ဖမ်းခိုင်းလို့ ဖမ်းတာပါလို့ ဆိုပါတယ်။ -ဒီတစ်ခေါက်ဖမ်းတာမှာ ကျွန်တော် မရှင်းတာက
 ၁။ ရဲတွေကိုယ်တိုင် စည်းကမ်းမလိုက်နာဘဲနဲ့ ပြည်သူကိုကျတော့ ဘာလို့ဖမ်းတာလဲ။
 ၂။ ယာဉ်ထိန်းဥပဒေမှာ ဖမ်းချင်တဲ့သူကိုဖမ်းလို့ရပြီး၊ လွှတ်ပေးချင်တဲ့သူကို မသိချင်ယောင်ဆောင်လွှတ်ပေးလို့ရပါသလား။
 ၃။ တရားရုံးက ဒါဏ်ရိုက်မှာလို့ပြောပေမဲ့ တရားရုံးကိုတင်တဲ့ရက်ကျတော့ ဘာလို့ (၉)ရက်နေ့၊ တနင်္လာနေ့မဖြစ်ဘဲနဲ့ ၊ (၁၃)ရက်နေ့ေ သာကြာနေ့ဖြစ်နေရတာလဲ။ လူတွေကို သတ်သတ်မဲ့ နှိပ်စက်နေတာလား။
 ၄။ လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေက ၀ီးတက်ထားခဲ့ပြီး ချလံယူသွားလို့ရတယ်ဆိုတာ တစ်ကယ်ကို ခေတ်ကုန်သွားပြီလား။
၅။ ယာဉ်ထိန်းရုံးဝင်းထဲကို အပြင်လူဝင်ခွင့်မရှိဘူးလား။ ၀င်လာတဲ့သူကို ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲဆိုခွင့် ယာဉ်ထိန်းရဲတွေမှာ ရှိသလား။
 ၆။ အချိန်အကန့်အသတ်နဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ယာဉ်ထိန်းဥပဒေတစ်မျိုးကို ကလောမြို့မှာ အသစ်ပြဒါန်း ထားပြီလား။
 ၇။ ရဲဖြစ်လျှင် without ဆိုင်ကယ် ၊ နံပါတ်ပြားမပါ၊ ဦးထုပ်မဆောင်းဘဲ မောင်းချင်သလိုမောင်းခွင့်ရှိပါသလား။ (ဓါတ်ပုံမှတ်တမ်းများရှိပါသည်) ကလောသူ၊ ကလောသားများ ယာဉ်ထိန်းဘေးဒါဏ်မှ ကင်းဝေးကြပါစေ…

….. ကလောသားတစ်ဦး ....

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here