Saturday, September 21, 2013

ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံများမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံသည့်ပွဲသို့ မြန်မာအမျိုးသမီးတစ်ဦး ဖိတ်ကြားခံရ

0 comments
21.9.2013
 
Save The Date ဟု ခေါင်းစဉ်ပေးထားသော အမေရိကန် သမ္မတ အိုဘားမား စီစဉ်သည့် ပဋိပက္ခ ဖြစ်ပွား နေသော နိုင်ငံများအတွင်း ရပ်တည်လှုပ်ရှားနေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံသည့် ပွဲ တွင် Triangle Women Support Group ၏ Founder ဒေါ်ခင်လေးအား ဖိတ်ကြားထားသည်ဟု သိရသည်။
 
ထိုတွေ့ဆုံပွဲသို့ အခြားနိုင်ငံများမှ သမ္မတများလည်း တက်ရောက်မည်ဖြစ်ပြီး ရုရှား၊ ပါကစ္စတန် ကဲ့သို့သော နိုင်ငံပေါင်း ၂၀ မှ အရပ်ဘက် လူ့အဖွဲ့အစည်းများအား ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပမည့် တွေ့ဆုံပွဲ၌ အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒေါ်ခင်လေးက စကား ပြောခွင့် ငါးမိနစ် ရရှိခဲ့ပြီး ထိုငါးမိနစ်စာအတွက် အသင်းအဖွဲ့ ဥပဒေနှင့် ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းများမှ လွှတ်တော်နှင့်တွေဆုံ ညှိနှိုင်းခဲ့ပြီး နောက်ဆုံးရလာသည့် ရလဒ်အား ရှင်းလင်းပြမည်ဟု ၎င်းကဆိုသည်။ ထို့အပြင် နိုင်ငံတကာမှ အဖွဲ့အစည်းများ အနေနှင့် အစိုးရနှင့်သာမက အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျှင် ရလဒ်ကောင်းများရ နိုင်သည်ဟု အကြံပြု ပြောကြားရန် ရှိသည်ဟုလည်း The Daily Eleven သို့ ပြောကြားသည်။
 
ဒေါ်ခင်လေးက "အခုလို ဖိတ်ကြားခံရတဲ့အတွက် တာဝန်ကြီးတယ်လို့ ယူဆပါတယ်။ ကိုယ်ပြောလိုက် တာက အားလုံးကို ကိုယ်စားမပြုမှာကို စိုးရိမ်တယ်။ ဒါပေမဲ့ နိုင်ငံ ၂၀ ထဲကမှ မြန်မာနိုင်ငံကိုပဲ စကားပြော ခွင့်ပြုလို့ ၀မ်းသာတယ်။ အခုလို နိုင်ငံ ၂၀ ထဲကမှ မြန်မာကို စကားပြောခွင့် ပေးတယ်ဆိုတာက မြန်မာနိုင်ငံရဲ့ အကြောင်းကို သူတို့ပို စိတ်ဝင်စားလို့ပါ။ မြန်မာပြည်ရဲ့ အဖြစ်အပျက်တွေကို Success Story လို့လဲ ယူဆကြပါတယ်။ ဒါကြောင့်လည်း အားလုံးကို သိစေချင်လို့ ကျွန်မကို စကားပြောခိုင်းတာလို့ ထင်တယ်။ ဘာပဲပြောပြော ဒီထက်ပိုပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေကို နိုင်ငံတကာက စောင့်ကြည့် နေ ရင် သူတို့အရင်ကလို လုပ်ချင်သလို လုပ်လို့မရတော့ဘူးပေါ့နော်" ဟု The Daily Eleven သို့ ပြောကြားသည်။
 
Triangle Women Support Group ကို ၂၀၁၁ ခုနှစ်က စတင်လှုပ်ရှား ခဲ့သော်လည်း ၂၀၁၂ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကြေညာခဲ့သည်။ Triangle Women Support Group က အမျိုးသမီးများအတွက် ကျန်းမာရေး၊ ပညာရေး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး စသည့်ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ပြီး အမျိုးသမီးငယ်များအတွက် အသက်မွေးမှုနှင့် သက်ဆိုင်သည့် သင်တန်းများပေးကာ အလုပ်အကိုင် အခွင့်အလမ်း အတွက်လည်း ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
 
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here