Monday, September 9, 2013

တရားစီရင်ရေး ကဏ္ဍတွင် အကျင့်ပျက်မှုများ အမြစ်တွယ်နေကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် ၀န်ခံ

0 comments

တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကဏ္ဍ တစ်ရပ်ဖြစ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ရှင်းလင်းတင်ပြရာတွင် "ဒီကနေ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းသာ တာဝန်ရှိတာ မဟုတ်ကြောင်း ဥက္ကဋ္ဌကြီးကလည်း လမ်းညွှန်မိန့်ကြား သွားပါတယ်။ အားလုံးပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီနေ့အချိန်မှာတော့ တရားရုံးတွေက အဂတိလိုက်စား၊ ခြစားပြီးတော့ မမှန်ကန်တဲ့ တရားစီရင်ရေးတွေ ဆောင်ရွက်နေတယ်။ လုပ်ထုံးလုပ်နည်းတွေ မညီညွတ်ဘူး စသည်ဖြင့် ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင် လူထုကြားမှာ ပြောဆိုစွပ်စွဲမှုကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လေ့လာသုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့အမြင်ကို ပြောရမယ်ဆိုရင် ဒီကနေ့ ပြောနေကြတာက အကျင့်ပျက်တယ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ဌာန တစ်ခုတည်းမှာပဲ အမြစ်တွယ်နေတာ မဟုတ်ပါဘူး။ အားလုံးနေရာတကာမှာ အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ ပြင်ပစီးပွားရေး အဖွဲ့အစည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ကိစ္စလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်" ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးကျော်မိုးနိုင်က တရားဥပဒေ စိုးမိုးရေး ကိစ္စသည် တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းပေါ်တွင် အခြေမခံကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှသာ တရားဥပဒေ စိုးမိုးမှု ရှိနိုင်မည်ဟု ပြောကြားခဲ့သည်။
ရှေ့နေများအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဦးဝင်းစိန်က တရားဥပဒေ ရေးဆွဲရာတွင် အများပြည်သူများ လိုက်နာနိုင်သည်ကိုသာ ရေးဆွဲရန် လိုကြောင်း၊ မလိုက်နာနိုင်သည်များကို ရေးဆွဲပါက မမျှတမှု မရှိသလို ပြဿနာများနှင့် အငြင်းပွားမှုများ ဖြစ်လာတတ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးကျော်မိုးနိုင်၊ ရှေ့နေများအသင်း (ရန်ကုန်)နှင့် ရှေ့နေများကွန်ရက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here