Sunday, September 8, 2013

လားရှိုးတေဇလူငယ်သွေးလှူရှင်အသင်းမှ မိဘမဲ့ကလေးများအား တတိယအကြိမ် လှူတန်းပွဲပြုလုပ်

0 comments

8.9.2013

လားရှိုးမြို့ တေဇလူငယ် သွေးလူရှင်များအသင်းမှ ဦးဆောင်၍ ဒေသတွင်းရှိ မိဘမဲ့ကျောင်းအသီးသီးမှ ကျောင်းသူကျောင်းသားများအား သင်ထောက်ကူပစ္စည်းများနှင့်စားသောက်ဖွယ်ရာများလှူတန်းသည့် အခမ်းအနားကို ယနေ့တွင် လားရှိုးမြို့ စွန်းလွန်းဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံခန်းမ၌ ပြုလုပ်ကြသည်။
အဆိုပါတေဇလူငယ် သွေးလှူရှင်အဖွဲ့သည်ကျောင်းသား/ကျောင်းသူများနှင့် စေတနာရှင်ပြည်သူ(၇၀)ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အသင်းအဖွဲ့တခုဖြစ်ပြီးဒေသခံလူနာရှင်များအတွက် အရေးပေါ်လိုအပ်လာသော သွေးများကို ကူညီလှူတန်း ပေးနေသည့်အပြင် ယခုကဲ့သို့ လူမှုရေးကွက်လပ်များကိုလည်း ဖြည့်ဆည်းလှူတန်းပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ တေဇလူငယ် သွေးအလှူရှင်အသင်းအနေနဲ့ ရပ်ဝေးရပ်နီးမှဆေးရုံသို့ ရောက်ရှိလာတဲ့ လူနာရှင်အမျိုးမျိုးတို့ရဲ့ အရေးပေါ်လိုအပ်နေတဲ့ သွေးအမျိုးအစားများကို အခမဲ့လှူတန်းပေးနေပါတယ်။ အခုလိုမိဘမဲ့ကျောင်းသားတွေရဲ့ လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းအပါအ၀င် အ၀တ်အစားနဲ့ စားသောက်ဖွယ်ရာများကိုလှူတန်းပေးခဲ့တာပါ။ အခုခါနဲ့ဆိုရင်(၃)ကြိမ်ရှိသွားပြီ။ မိဘမဲ့ကလေးတွေကိုမ ရွေးပြီးလှူတန်းပေးရခြင်းကအားငယ်နေတဲ့ သူတို့ရဲ့စိတ်ဓါတ်လေးတွေကို မြင့်တင်ပေးချင်တဲ့ စိတ်ဆန္ဒနဲ့လှုတန်းတာပါ”ဟု ယင်းသွေးလှူရှင်အသင်းမှ ကိုဝင်းမင်းဆန်းက ပြောသည်။
၎င်းအခန်းအနားတွင် လူငယ်ပြုပြင်ရေးသင်တန်းကျောင်းမှကျောင်းသား/သူများ၊ ရှမ်းမိဘမဲ့ဂေဟာ၊ လီးဆူး မိဘမဲ့ဂေဟာ၊ ဧလိန်မိဘမဲ့ဂေဟာ၊ မေတ္တာမေမေဂေဟာအပါအ၀င်ကျောင်း(၅)ကျောင်းမှ
ကျောင်းသူ/သားပေါင်း(၂၁၉)ဦးအပါအ၀င် ဆရာ/မများနှင့် စေတနာရှင်မိဘပြည်သူစုစုပေါင်း(၃၀၀)ကျော် တက်ရောက်၍ စည်ကားစွာကျင်းပခဲ့ကြောင်းသိရသည်။
ယင်းလှူတန်းပွဲအခမ်းအနားတွင် စွန်းလွန်းကျောင်းထိုင်ဆရာတော်မှ လူသားအချင်းချင်း ကိုးကွယ်ယုံကြည်မှုမတူညီမှုများကို အဓိကမထားဘဲ လူမျိုးအသီးသီးတွင် ရှိနေသည့် လိုအပ်ချက် ကွက်လပ်များကို အမြဲတန်းရှာဖွေပြီး ၀ိုင်းဝန်းဖြည့်ဆည်းပေးသွားရန်သာ လိုအပ်ကြောင်း မိန့်ကြားသွားခဲ့သည်။
အခန်းအနားသို့ တက်ရောက်လာသူ အမျိုးသမီးတစ်ဦးက“ကျမအနေနဲ့ ဒီလူငယ်တွေနဲ့အတူ မိဘမဲ့ကလေးတွေကို ပါဝင်လှူတန်းခွင့် ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ဒီသွေးလှူရှင်အသင်းက လူငယ်တွေလိုစိတ်ဓါတ်မျိုးလူတိုင်းမှာ ရှိသင့်တယ်။ သူတို့တွေရဲ့ လုပ်ရပ်ကို လေးစားမိတဲ့အပြင် ဂုဏ်ယူမိပါတယ်” ဟု ပြောသည်။အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသော မိဘမဲ့ကျောင်း အသီးသီးမှ တာဝန်ခံများကို တန်ဖိုးငွေကျပ် သိန်းနှစ်ဆယ်ကျော်ဖိုးရှိ လှူဖွယ်ပစ္စည်းများအား ခွဲဝေလှူတန်းပေးပြီး အခမ်းအနားကို ညနေ၅း၀၀နာရီတွင်ပြီးဆုံးကြောင်း သိရသည်။


တင်ဦး၊ထွန်းထွန်း၊စိုးမင်းနိုင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here