27.9.2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့သည် အစိုးရ ငြိမ်းချမ်းရေး စင်တာ ဗဟို အဖွဲ့၏ ဖိတ်ကြားချက် အရ လာမည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင် မြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အကြို လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် စတင် ကျင်းပ တော့မည် ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ရေး တာဝန်ခံ ရော်ကြာခင်က ဆိုပါသည်။
“ကျနော် ကတော့ ဆေးစစ်ဖို့ ရှိတော့ မသွားဖြစ်ဘူး။ ကျနော်တို့ ဖက်ကတော့ အရေးကြီး ပုဂ္ဂိုလ်တွေဘဲ တက်မယ်။ ကြားတာက (၄) ဖွဲ့ဖြစ်မယ်။ အဓိက ဆွေးနွေးမှာက နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖို့ အကြို လုပ်ငန်း စဉ်တွေကို ဆွေးနွေးဖို့ ဖြစ်မယ်။ အခု အစိုးရ ဖက်က ဖိတ်တာလေ” ဟုဆိုပါသည်။
ယင်း (၄) ဖွဲ့သည် ကရင် အမျိုးသား အစည်းအရုံး KNU၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် DKBA၊ မွန်ပြည်သစ် ပါတီ၊နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) တို့ကို ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။
KNU အဖွဲ့ကမူ လောလောဆယ်တွင် ထိုင်းနိုင်ငံ ဇင်းမယ် မြို့တွင် ရှိနေကြပြီး မနက်ဖြန်တွင် ခရီးဆက် မည်ဟု ဆိုပါသည်။ KNU အဖွဲ့တွင် ဥက္ကဌပဒို မူတူးစေးဖိုး ဦးဆောင်ပြီး အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ကြီး ဂျော်နီ၊ ဗိုလ်ချုပ် အိုက်ဇက်၊ ပဒို မန်းငြိမ်းမောင်၊ ပဒို တာဒို့မူး၊ ဗိုလ်မှူးကြီး ထူးထူးလေး အပါအ၀င် (၉) ဦး ခန့် တက်ရောက်မည် ဖြစ်ပါသည်။
မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိသည်ဟု သိရပြီး ကိုယ်စားလှယ် စရင်းများ မသိရသေးပေ။ DKBA ဖက်ကမူ ဗိုလ်မှူးကြီး ဆန်းအောင်၊ ဗိုလ်မှူး မောင်လေးနှင့် ဗိုလ်မှူး လုံ့လုံတို့ တက်ရောက် ကြမည်ဟု ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက ဆိုပါသည်။
ဆွေးနွေးပွဲသည် အစိုးရ MPC မှ ဖိတ်ကြား သဖြင့် မည်သည့် အကြောင်းအရာ ဆွေးနွေး လာမည်ကို မသိရ သေးကြောင်း DKBA အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက ကျင်းပခဲ့သည့် တိုင်းရင်း ညီလာခံ ဆုံးဖြတ်ချက် အတိုင်း တင်ပြမည် ဖြစ်ပြီး တခြား အဖွဲ့များ၏ ဆွေးနွေးချက် များနှင့် ကွဲလွဲမည် မဟုတ်ဟု ဆိုပါသည်။
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) ကမူ ဖိတ်စာသည် ယနေ့ ညနေပိုင်း တွင် နောက်ကျ မှ ရောက်ရှိ လာခဲ့သဖြင့် ၄င်းတို့ ခေါင်းဆောင်များ ခရီး လွန်နေကြကြောင်း။ ဤသို့ကြောင့် ကိုယ်စား လှယ် လွှတ်ပြီး တက်ရောက် နိုင်တော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက် ရကြောင်း ဆရာမ ကပေါ်ထူးက ဆိုပါသည်။
အစိုးရ MPC ကမူ ၄င်းတို့၏ နိုင်ငံလုံး ဆိုင်ရာအပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကြာခင် စတင်တော့မည် ဖြစ်ရာ ယခုကဲ့သို အဖွဲ့ခွဲပြီး အကြို လုပ်ငန်းစဉ် ညှိနှိုင်းပွဲများ လိုက်လံ တွေ့ဆုံ နေခြင်း ဖြစ်သည်ဟုMPC အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။
UNFC အရာရှိ တဦး ကမူ အစိုးရ MPC အဖွဲ့သည် လက်ခံဖွယ်ရာ ရှိသော အဖွဲ့များကို ခွဲပြီး အကြပ် ကိုင် တော့မည်ဟု ဆိုပါသည်။ အစိုးရသည် ပြည်နယ် အဆင့် မူ (၅) ချက်ကို လက်မှတ် ထိုး ခိုင်းပြီး ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စု အဆင့် သဘော တူညီချက် များကိုလည်း လက်မှတ် ရေးထိုး ခဲ့ကြပါသည်။ အစိုးရသည် ဤသို့သော သဘော တူထားသည့် အဆင့် များကို ဗြောင်ပယ်ဖျက်ပြီး တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ အစီအစဉ် သစ်ကို ထပ်မံ ကျင်းပကာ လက်မှတ် ရေးထိုး ခိုင်းနေခြင်းဖြစ်ပါသည်။
UNFC အဖွဲ့ အပါဝင် တိုင်းရင်းသား လက်နက်ကိုင် များသည် အစိုးရ၏ အစီအစဉ် အပေါ် သံသယ ပွားနေကြပါသည်။ ဤသို့ ကြောင့် တပ်နေရာ ချထားရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အာမခံချက် ရှိရေးကို တောင်းဆို နေကြပါသည်။ ဤကဲ့သို့ နှစ်ဖက် စလုံးမှ မတင်မကျ လွန်ဆွဲနေရာမှ ယခု လေးဖွဲ့ ဆွေးနွေးပွဲ ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။
အစိုးရသည် UNFC အပါဝင် တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုချက်ကို လျစ်လျူရှုပြီး ၄င်းတို့ရည်မှန်း ချက်အတိုင်း အကောင်အထည် ဖေါ်မည်ဖြစ်ရာ မည်သို့ ဖြစ်လာ မည်ကို စောင့်ကြည့်ကြ ရန်သာ ရှိပါတော့သည်။
ဝန်ကြီး ဦးအောင်မင်းကမူ ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်း လက်နက်ကိုင် တပ်ဖွဲ့အား လုံးနှင့် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ရည်ရွယ် ထားပြီး နိုဝင်ဘာလ ၌ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်သော ညီလာခံ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် မိမိတို့၏ အစီစဉ်ကို ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။
ရွှေဟသာင်္