Tuesday, August 21, 2012

၂၀၁၅ ခုနှစ်အတွင်း အိုင်တီပညာရှင်ပေါင်း ငါးထောင်ခန့် ပြည်တွင်း၌ ထပ်မံလိုအပ်လာနိုင်

0 comments


၂၀၁၅ ခုနှစ်အတွင်း အမှန်တကယ် အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်ပေါင်း ငါးထောင်ခန့် ပြည်တွင်း၌ လိုအပ်နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးရာ၌ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်း၌ ကျွမ်းကျင်အိုင်တီပညာရှင် ငါးထောင်ခန့် လိုအပ်လိမ့်မည်ဟု ကိုယ်စားလှယ် အဖွဲ့များက ခန့်မှန်းသွားခဲ့ခြင်း ဖြစ်သည်။ “ဂျပန်အဖွဲ့တွေနဲ့ ဆွေးနွေးတော့ ၂၀၁၅ ခုနှစ်အတွင်းမှာ အမှန်တကယ် ကျွမ်းကျင်တဲ့ IT Professional ငါးထောင်လောက် လိုအပ်တယ်လို့ ပြောတယ်။ Service တွေ ဆိုတာကလည်း ရှိလာတဲ့အတွက် ထပ်ပြီး အရေအတွက် တိုးလာဖို့လည်း ရှိတယ်” ဟု ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ဆိုသည်။ ဂျပန်နိုင်ငံမှ ဒိုင်ဝါအုပ်စုသည် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ၌ ကန်ဒေါ်လာသန်း ၃၀၀ ခန့် လာရောက်ရင်းနှီးမြှုပ်နှံရန် ရှိသည်ဟု လွန်ခဲ့သော ဇူလိုင်လက သတင်း ထုတ်ပြန်ခဲ့သည်။ အလားတူပင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် အခြားသော ပြည်ပနိုင်ငံ အသီးသီးမှ နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးများသည်လည်း ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ် ကြရန် လေ့လာ မှုများ ပြုလုပ်နေသည်ဟု အိုင်စီတီ နယ်ပယ်က ဆိုသည်။ “ပြည်ပက ဝင်ရောက်လာမယ့် လုပ်ငန်းတွေကို လုပ်ကိုင်ပေးနိုင်ဖို့ လောလောဆယ်လာမယ့် တစ်နှစ်တာ ကာလလောက် အတွင်းမှာကို အိုင်တီပညာရှင် အရေအတွက်က ၅၀၀ လောက်ကို လိုအပ်နေသေးတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်တစ်ဦးက နည်းပညာဆိုင်ရာ အလုပ်အကိုင် လိုအပ်ချက်နှင့် ပတ်သက်၍ ပြောသည်။ အိုင်တီစီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အဆိုအရ မြန်မာနိုင်ငံသည် နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ကို အများအပြား လိုအပ်နေသည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီး အရည်အချင်း ပြည့်မီလာသော လုပ်သားလိုအပ်ချက်နှင့် အလုပ်အကိုင် လိုအပ်နေသူတို့အကြား အခက်အခဲတချို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here