Monday, September 17, 2012

သရုပ်ဆောင် မေ ရဲ့ အနုပညာခံယူချက်

0 comments


လတ်တလောမှာ မေက မင်းရာဇာနဲ့ “အပေးအယူ” ဆိုတဲ့ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ မေက ဒုစရိုက် ခေါင်းဆောင် ရဲ့ သမီးနေရာ ကနေ ပါဝင် သရုပ်ဆောင် ထားတာပါ။ မေက မော်ဒယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း အနုပညာ လောကထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
“စဝင်ခါစက ဘာမှမသိတဲ့သူ တစ်ယောက်ပေါ့။ ရုပ်ရှင် ရိုက်ကွင်းမှာတောင် ဘယ်လိုနေရမှန်း မသိဘူး။ ကင်မရာ Angle ကလည်း ကိုယ့်ကို ဘယ်လို ယူထားမှန်းမသိ ဘူး။ တအား ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီလို မသိသေးတဲ့ အချိန်မှာလည်း ကိုယ့်ကို ကူညီတဲ့သူတွေ ရှိတော့ တအားလည်း အခက်အခဲ မရှိခဲ့ပါဘူး။ နေရာ တစ်နေရာ ရလာတယ်ပေါ့။ အောင်မြင်မှု ရယ်လို့တော့ မဟုတ်သေးပါဘူး။ အခုလိုကြာလာတဲ့ အခါမှာတော့ ဒီ လောကနဲ့ ပတ်သက်လို့ နည်းနည်းတော့ သဘောပေါက်လာတယ်။ လူတွေရဲ့ စိတ်ကို လည်း ပိုသိလာတယ်”လို့ ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံတွေ နဲ့ယှဉ်ပြီး မေက ပြောပြပါတယ်။
အနုပညာ အလုပ်ကိုလုပ်ရတာ ပျော်ပါတယ် ဆိုတဲ့မေက အနုပညာအလုပ် အပေါ်ထားရှိတဲ့ သူ့ရဲ့ခံယူချက်နဲ့ ပတ်သက်ပြီးလည်း
“အနုပညာ လုပ်တယ် ဆိုတာ တချို့က  လောဘကြီးကြတယ်။ အဲဒီလို လောဘမကြီးတတ်လို့လား မသိဘူး၊ တချို့က ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ပြောကြ တယ်။ ဒါပေမဲ့ ဘယ်လို ပဲဖြစ်ဖြစ် ဒါက ကံတွေရော၊ စန်းတွေ ရော၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးကို ပေါင်းရင်နေရာက ဖြည်းဖြည်း ရလာမှာပဲလို့ ခံယူချက် ထား တယ်။ ခုအချိန်မှာ စိတ်ဓာတ် ကျတာလည်း မရှိဘူး။ တအား တက်ကြွနေတာလည်း မရှိဘူး။ အမြဲတမ်း ဒီလိုပဲလုပ်တယ်။ လောဘ မကြီးတတ်လို့လား မသိဘူးပေါ့နော်။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်  တအားပျော်တယ်။ ဒီအလုပ်ကို ဝါသနာလည်း တအားပါပါတယ်” လို့ ပြောပြခဲ့ပါတယ်။ မော်ဒယ် လောက မှာ မေသူအောင် ဆိုတဲ့ နာမည်နဲ့ စဝင်ဖြစ် ခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်ရိုက်တဲ့အခါ “မေ”လို့ ပြောင်းလဲ သွားပုံကို မေးကြည့်ဖြစ်တဲ့အခါ..
“ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တော့လည်း မေသူအောင် ဆိုတဲ့ နာမည်နဲ့ပဲ။ ကိုစိုင်းစိုင်းခမ်းလှိုင် နဲ့ ရိုက်တုန်းက တော့ နာမည်တွေ ဘာတွေ မပြောင်းခိုင်းပါဘူး။ ဆာတိုရီ နဲ့ရိုက်တဲ့ အချိန်မှာ နာမည်ပြောင်းတဲ့။ မေသူတွေ တအားပေါတယ်ပေါ့။ ဆာတိုရီကပဲ “မေ” ဆို တဲ့ နာမည်လေး ရွေးပေးခဲ့တာ။ ဒါပေမဲ့ မေက အယူတွေ မရှိဘူး။ အဲဒီ မေ ဆိုတာကလည်း ကိုယ့်ရဲ့ မွေးလမေလ လည်းဖြစ်တယ်။ နောက်ငယ်ငယ်တုန်းကလည်း အဘွားတစ်ယောက်က မေ ဆိုပြီးတော့ ခေါ်တယ်။ မထူးပါဘူး။ တခြားနာမည် အစိမ်းကြီး ပြောင်းတာ ထက်စာရင် ဒီနာမည်လေးက မဆိုးဘူး ဆိုပြီး ပြောင်းလိုက်တာပါ” လို့ ပြောပြခဲ့ပါတယ်။ ရိုက်ပြီးတဲ့ကားတွေ မထွက်ရသေးတာ ၅ ကား လောက် ရှိတဲ့အတွက် ထွက်လာခဲ့ရင်လည်း ပရိသတ်တွေ အားပေးစေ ချင်ကြောင်း မေက ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
ref: Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here