Sunday, September 23, 2012

ရှမ်းပြည်နယ်ထဲက အမှိုက်

0 comments


ယွက်ဆစ်ဟာ အစိုးရနဲ့ အပစ်ရပ်ထားတယ် ဆိုပြီး နိုင်ငံရေး၊ စီးပွားရေး အခွင့်အရေးတွေ ကို ရနိုင်သမျှယူဖို့ ကြိုးပမ်းနေပါတယ်။ နိုင်ငံရေးဘက်မှာ တစ်သက်လုံးက မူးယစ်ဆေးဝါးလုပ်ခဲ့တယ်ဆိုတဲ့ ဂုဏ်ပုဒ်နာမည်ဆိုးကြီးကို ဖျောက်ပစ်နိုင်ဖို့ ကြိုးပမ်းနေ တယ်။ စီးပွားရေးဘက်မှာ အစိုးရဆီက တောင်းလို့ ရသမျှတောင်းပြီး တစ်ဖက်ကလည်း ငွေရလွယ်တဲ့ မူးယစ်ဆေးဝါးအလုပ်ကို လက်မလွှတ်စတမ်း ဆက် လုပ်နေဆဲပါပဲ။
ယွက်ဆစ်အဖွဲ့ကို အယင်နအဖအစိုးရတုန်းကဆို လုံးဝငြိမ်းချမ်းရေးမဆွေးနွေးခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ဘိန်းမှာဘုရင်လို့သတ်မှတ်ခံရသူ ခွန်ဆာဆီကပေါက်ဖွားလာတဲ့ မူးယစ်ဆေးဝါး အဖွဲ့ ဖြစ် လို့ပါပဲ။ တစ်လျှောက်လုံးလည်း ဘိန်းနဲ့ယာဘဆေးပြားတွေအရောင်းအ၀ယ်လုပ်ပြီး ရပ်တည်နေတဲ့ အဖွဲ့ဖြစ်လို့  ကျွန်တော်တို့ SSA(မြောက်ပိုင်း)အနေနဲ့ သူတို့ကို တန်းတူမသတ်မှတ်ခဲ့ပါဘူး။ အခုအချိန်မှာ ယွက်ဆစ်အဖွဲ့က ကျွန်တော်တို့အပေါ် လွှမ်းမိုးနိုင်အောင် ကြိုးစားလာတဲ့အတွက် ဒါကိုတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပါမယ်။
          အစိုးရက ငြိမ်းချမ်းရေးပြောတော့ SSA ဆိုပြီး ကျွန်တော်တို့နဲ့သူတို့ကို ရောနှောသုံးလာတယ်။ အစဉ်အလာ မတူသလို နောက်ခံသမိုင်းချင်းလည်းမတူလို့ အဆင့်တူထားပြီးပြောတာကို ကျွန်တော်တို့လက်မ ခံနိုင်ဘူးလို့ပြောခဲ့တယ်။ ကျွန်တော်တို့ကို မူးယစ်အဖွဲ့တစ်ခုနဲ့ ရောနှောမပစ်ဖို့တော့လိုပါတယ်။
          ယွက်ဆစ်ဟာ အင်မတန် ယုတ်မာကောက်ကျစ်သူပါ။ ထိုင်းဘက်မှာနေပြီး ထိုင်းအစိုးရနဲ့ လက်ဝါးချင်းရိုက်၊ မဖြစ်စလောက်မူးယစ်ဆေးဝါးလေးကိုမီးရှို့ပြပြီး ရွှေလင်းယုန်ဆုကို လက်ခံယူခဲ့တာဟာ တကယ်တော့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတာပါ။ ထိုင်းဘက်ကသိရတဲ့ သတင်းတွေ ကတော့ ရွှေလင်းယုန်ဆုဟာ “၀”တပ်ဖွဲ့နဲ့ စိုင်းနော်ခမ်းတို့အပေါ် ဖျံကျပြီး  ယူခဲ့တာလို့ဆိုပါတယ်။ ဘာကြောင့် လဲဆိုတော့ စိုင်းနော်ခမ်းအဖွဲ့ မူးယစ်ဆေးဝါးပို့တဲ့ သတင်းကို ယွက်ဆစ်ကစုံစမ်းပြီး ထိုင်းရဲကိုပေးခဲ့တယ်။ တစ်ဖက်မှာကျတော့ “၀”အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးတွေပါလို့ သတင်းလွှင့်တယ်။ မြှားတစ်စင်းနဲ့ ငှက်နှစ်ကောင် ပစ်တဲ့သဘောပါပဲ။ စိုင်းနော်ခမ်းက ပစ္စည်းရှုံးတယ်၊ “၀”တွေက နိုင်ငံရေးရှုံးတယ်။ ယွက်ဆစ်ကတော့ ဆုရခဲ့တယ်။ တကယ်ဆိုယင် ယွက်ဆစ်လည်းရှမ်း၊ စိုင်းနော်ခမ်းလည်း ရှမ်းပါပဲ။ ရှမ်းအချင်းချင်းသစ္စာဖောက်ပြီး ထိုင်းအစိုးရဆီမှာမျက်နှာလုပ်ခဲ့တယ်။ သူကောင်းစားဖို့ “၀”အဖွဲ့ကိုရော၊ လူမျိုးတူ စိုင်းနော်ခမ်းအဖွဲ့ကိုရော နင်းချေပစ်ခဲ့တယ်။ တစ်ခြားသတင်းတစ်ခုအရ စိုင်းနော်ခမ်းကိုဖမ်းမိဖို့ လာအို အာဏာပိုင်တွေကို သတင်းပေးခဲ့တာ ယွက်ဆစ်ပဲလို့တောင် သိရတယ်။
ဒါကြောင့် ရှမ်းလူမျိုးအချင်းချင်းပေမယ့်  ယွက်ဆစ်ကို လုံးဝအယုံအကြည်မရှိဘူး၊ ကျွန်တော်တို့လိုပဲ ကျွန်တော် တို့ရဲ့မိတ်ဆွေ “၀”တွေကလည်း လုံးဝအယုံအကြည်မရှိကြပါဘူး။ အစိုးရလည်း ယုံကြည်လိမ့်မယ်လို့ မထင်ဘူး။ ကမ္ဘာ့မူးယစ်ဆေးဝါးထိပ်ဆုံးအဖွဲ့ကြီးတစ်ခုက အခုမှ UNODC နဲ့ပေါင်းပြီး မူးယစ်ဆေးဝါးကိစ္စကို “၀”တွေဘက် လက်ညှိုးထိုးလာတဲ့ကိစ္စကို “၀”က လုံးဝမကျေနပ်ပါဘူး။ DEA က “၀”ခေါင်းဆောင်တွေကို မူးယစ်ဆေးဝါးနဲ့ အလိုရှိသူ စာရင်းထုတ်ပြန်ထားတာကြာပါပြီ။ ဒါကိုလည်း ယွက်ဆစ်က  မကြာခဏ လူသိအောင် ဖော်ထုတ်ပြောဆိုတာတွေ လုပ်လာတယ်။ တစ်ဖက်မှာလည်း အစိုးရနဲ့ပြေလည်အောင်ပေါင်းပြီး “၀”နယ်မြေဘက်ကို ချဲ့ထွင်လာလို့ “၀”က ဖမ်းလိုက်တာလဲ အားလုံးအသိပါပဲ။ “၀”က တိုက်မယ် ခိုက်မယ်လုပ်လာတော့ ယွက်ဆစ်ကိုယ်တိုင် သွားတောင်းပန်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်ကမှ ယွက်ဆစ်ဆီ ကကျူးကျော်လာခဲ့သူ ၂၀ ကို “၀”တပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ်ဆိုယင် သည်းမခံတော့ဘူးဆိုတာကို “၀”တွေက ပြတ်ပြတ်သားသား သတိပေးလိုက်တယ်လို့ သိရပါတယ်။ ၂၀၀၄ ခုနှစ်လောက်က “၀”တပ်ဖွဲ့တွေဟာ ယွက်ဆစ်အဖွဲ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပစ်ခဲ့ဖူးပါ တယ်။
          စိုင်းနော်ခမ်းကိစ္စမှာ ယွက်ဆစ်ဟာ “၀”တပ်ဖွဲ့ကို လက်တစ်လုံးခြားလုပ်ခဲ့တယ်ဆိုတာ “၀”အဖွဲ့ကလည်း သိထားပါတယ်။ “၀”တပ်ဖွဲ့အနေနဲ့ မုံးထားဘက်က သူတို့စခန်းတွေကို ဖယ်ပေးခဲ့တာဟာ အစိုးရနဲ့ ပဋိပက္ခ မဖြစ်ချင်လို့သာဖြစ်ပြီး   တရားခံကတော့ ယွက်စစ်အဖွဲ့ပါ။ ခံရဖန်များလာတဲ့ “၀”တွေအတွက်တော့ အကျိုးအကြောင်း တိုက်ဆိုင်လာရင်ဖြင့် ယွက်စစ်ကို ၂၀၀၄ ကထက် ၂ ဆတိုးပြီး လက်စားချေပါလိမ့်မယ်။
SSA(တောင်ပိုင်း) မူးယစ်ခေါင်းဆောင်ကြီး ယွက်ဆစ် ဘိန်းခင်းများ တိုးချဲ့စိုက်ပျိုးရေး စစ်ဆေးမှာကြားနေပုံ

ယွက်ဆစ်က “၀”လိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တို့ တိုင်းတို့ လိုချင်နေတဲ့သဘောပါပဲ။ မူးယစ်ဆေးဝါးနဲ့ အတူ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းက ရှမ်းပြည်နယ်ကိုအုပ်ချုပ်ဖို့ အစိုးရနဲ့ နသားပါရလုပ်ပြီး SSPP/SSA ကို ဘေးဖယ်ထုတ်ချင်တဲ့ အနေအထားမျိုး၊ “၀”နဲ့ စိုင်းနော်ခမ်းတို့အပေါ် ဖျံကျသလိုမျိုး လုပ်လာမှာ ကို လုံးဝ လက်မခံဘူးဆိုတာ အသိပေးချင်ပါတယ်။ ရှမ်းအချင်းချင်းဆိုပြီး လိုက်လျောမိယင် နားရွက်တံတွေး ဆွတ်တာ ခံသွားရနိုင်တယ်။ ရှမ်းပြည်နယ်မှာ ဘိန်းပပျောက်စေချင်ယင် ယွက်ဆစ်ကို အရင်ရှင်းထုတ်ရပါမယ်။ ဒါကြောင့် ဘိန်းခင်းထဲကဆုယူသွားတဲ့ ယွက်ဆစ်ဟာ ရှမ်းပြည်နယ်ထဲက အမှိုက်စစ်စစ် သာ ဖြစ်ကြောင်း ကို ကြေညာလိုက်ရ ပါတယ်။

  SSPP/SSA အဖွဲ့ဝင်တစ်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here