Sunday, September 23, 2012

သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း စိုင်းနော်ခမ်းတို့ ၀န်ခံထွက်ဆို

0 comments
 မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားများ သေဆုံးမှုအတွက် သံသယဖြစ်ခံရသူ ရွှေတြိဂံဒေသ ဂိုဏ်းခေါင်းဆောင် နော်ခမ်း နှင့် တခြား ၅ ယောက်များက ၎င်းတို့တွင် အပြစ်ရှိကြောင်း သောကြာနေ့က တရုတ်နိုင်ငံ တရားရုံးတွင် ထွက်ဆိုလျှောက်လဲလိုက်ကြသည်ဟု တရုတ်သတင်းဌာနတို့က ရေးသားကြသည်။ စွဲဆိုထားသော အမှုများမှာ  လူသတ်မှု၊ မူးယစ်ဆေးကုန်ကူးမှု၊ လူနှင့်သင်္ဘောပြန်ပေးဆွဲမှုများ ဖြစ်သည်။ အကြီးဆုံးအမှုမှာ ပြီးခဲ့သည့် အောက်တိုဘာလက ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘော ၂ စီးပေါ်မှ သင်္ဘောသား ၁၃ ဦး  သတ်ဖြတ်ခံထားရမှု ဖြစ်သည်။ တရားခွင်သို့ တက်ရောက်သူများထဲတွင် သေဆုံးသူတို့၏ဆွေမျိုးများ၊ ရွှေတြိဂံဒေသနိုင်ငံများမှ သံရုံးအရာရှိများ၊ တရုတ်တရားရေးဌာန အရာရှိများ၊ ကျွမ်းကျင်သူများ၊ ဒေသခံများ၊ စာနယ်ဇင်းသမားများ ပါဝင်သည်ဟု ဆိုသည်။   တရားလိုဘက်က တင်သွင်းချက်များထဲတွင် နော်ခမ်းတို့၏ ဖြောင့်ချက်များ၊ သက်သေခံပစ္စည်းများ၊ DNA ရလဒ်များ၊ ရုပ်အလောင်း စစ်ဆေးတွေ့ရှိချက်များ ပါဝင်သည်ဟု သိရှိရသည်။ ထို ၁၃ ဦးကို သတ်ဖြတ်ရန် စိုင်းနော်ခမ်းက တိုက်ရိုက်အမိန့်ပေးခဲ့သည်ဟု ပြောဆိုခြင်း ရှိမရှိ သတင်းများတွင် ထင်ရှားစွာ ဖော်ပြမထားပေ။ သို့သော်လည်း တခြား သံသယဖြစ်ခံရသူ ၅ ဦးက ထိုသတ်ဖြတ်မှု၏ အဓိက တရားခံမှာ စိုင်းနော်ခမ်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု တရုတ်သတင်းများတွင် တွေ့ရသည်။ စိုင်းနော်ခမ်းက ၎င်း၏အမှု သက်သာရာသက်သာကြောင်း မျှော်လင့်သည့်အနေဖြင့် သတ်ဖြတ်ခံရသူများ၊ တရားခွင်ရောက်၎င်းတို့၏မိသားစုများအတွက် ၀မ်းနည်းပါကြောင်း ဖော်ပြခဲ့သည်ဟု ချိုင်းနားဒေလီ သတင်းစာ အွန်လိုင်းတွင် ယနေ့ ရေးသားထားသည်။ ထို့ပြင် နော်ခမ်းက သူ့တွင် ဘတ်ငွေ သန်း ၃၀ (ဒေါ်လာ ကိုးသောင်းခွဲ) ရှိကြောင်း၊ သေဆုံးသူတို့အတွက် လျော်ကြေးပေးလိုကြောင်း ကမ်းလှမ်းခဲ့ကြောင်း၊ တခြား ၅ ဦးကမူ လျော်ကြေးပေးရန် ငွေမရှိဟု ပြောကြကြောင်း သတင်းများတွင် ရေးသားထားကြသည်။ တရားရုံးက ကြားနာချက်များ၊ သက်သေများကို ပြန်လည်သုံးသပ်ပြီးလျှင် စီရင်ချက်ချမည်ဖြစ်သည်ဟု ဆိုသည်။ ယူနန်ပြည်နယ် ကူမင်းမြို့တော် အနောက်တောင်ဘက် တရားရုံးတခုတွင် ကြားနာခဲ့ခြင်း ဖြစ်ကြောင်း၊ ၃ ရက်ကြာ ကြားနာစစ်ဆေးမည့်အမှုမှာ ၂ ရက်နှင့် ပြီးပြတ်သွားကြောင်း သိရသည်။ သင်္ဘောသား ၁၃  ဦး သတ်ဖြတ်မှုအတွက် သံသယရှိသဖြင့် ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားသော ထိုင်းစစ်သား ၉ ဦး ကိစ္စနှင့် ပတ်သက်ပြီး ၂ နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။ တရုတ်သင်္ဘောသားများသတ်ဖြတ်မှုတွင် ထိုင်းစစ်သား ၉ ဦး မည်သို့ မည်ပုံ ပါဝင် ပတ်သက်နေကြောင်း တရုတ်သတင်းများတွင် ရေးသားဖော်ပြထားခြင်း မတွေ့ရှိရချေ။ နော်ခမ်းနှင့်နောက်လိုက်များကို ဖမ်းဆီးနိုင်ရန် တရုတ်၊ မြန်မာ၊ လော၊ ထိုင်း လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ 
ref: မိုးမခအထောက်တော် အမှတ် ၀၀၇ စက်တင်ဘာ ၂၃၊ ၂၀၁၂ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here