Sunday, September 23, 2012

မြောက်ဦးမြို့တွင် အိမ်ခြံဈေး နှစ်ဆမြင့်တက်

0 comments
မြောက်ဦးမြို့ဝင် တနေရာ (ဓာတ်ပုံ – နိရဉ္ဇရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြီးခဲ့သည့်လနှင့် ယခုလအတွင်း အိမ်ခြံမြေ ဝယ်ယူသူ များပြားလာမှုကြောင့် ဈေး တက်လာနေသည့်ဟု ဒေသခံများထံမှ သိရသည်။
မြန်မာအစိုးရက မြောက်ဦးမြို့ကို ရှေ့ဟောင်း သမိုင်းဝင်မြို့အဖြစ် သတ်မှတ်လိုက်ပြီး နောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ဈေးပေးဝယ်လာသောကြောင့် အိမ်ခြံမြေဈေးမှာ နှစ်ဆခန့် မြင့်တက်လာနေကြောင်း မြောက်ဦးမြို့ခံ ဦးသူရက ပြောသည်။
“၅ လပိုင်းကဆို ပေ ၃၀-၄၀ အကွက်တကွက်ကို သိန်း ၇၀-၈၀ လောက်ပဲ ရှိနေခဲ့တာ။ အခု အဲဒီလို အကွက်မျိုးတွေက သိန်း ၂၀၀ နီးပါးအထိ တက်ကုန်တယ်။ မြို့ပေါ်မှာလည်း သူ့ရပ်ကွက်နဲ့ သူတော့ ဈေးမတူကြဘူး။ ဟိုတယ်ဆောက်ဖို့အတွက် ဝယ်ကြတာ တော်တော်များတယ်”  ဟု ဦးသူရက ဆိုသည်။
အိမ်ခြံဈေးတက်ရသည့် နောက်ထပ်အကြောင်းတခုမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင်အများစုသည် ကျေးလက်တောရွာများတွင် မနေလိုတော့ဘဲ မြို့ပေါ်တက်၍ အိမ်ခြံမြေများ ဝယ်ယူနေခြင်းကြောင့်လည်း ပါသည်ဟု သိရသည်။
ဦးသူရက “တောမှာဆိုတော့ သူတို့အတွက် မလုံခြုံဘူးလေ။ တောသူဌေးတွေက မြို့ကိုတက်လာပြီး အိမ်ဝယ်တယ်။ မဝယ်နိုင်တဲ့ လူတွေကျပြန်တော့လည်း အိမ်ငှားပြီး မြို့ပေါ်မှာ လာနေကြတယ်” ဟု ပြောသည်။
မြောက်ဦးမြို့အတွင်း တောင်ရပ်၊ ဈေးကြီး၊ ဗန္ဓုလ၊ ထမ္မရာဇ်၊ ဝါဈေး၊ အလယ်ဈေး၊ လက်ကောက်ဈေး၊ အနောက်ဈေး၊ အောင်တပ်၊ အောင်မင်္ဂလာ၊ ကျောက်ရိတ်ကေနှင့် သတ်ဈေးစသည့် ရပ်ကွက်များရှိကြပြီး တောင်ရပ် ရပ်ကွက်သည် မြေကွက်ဈေးအကြီး ရပ်ကွက်ဖြစ်ကြောင်း မြောက်ဦးမြို့ခံ ကိုသိန်းဌေး ကပြောသည်။
“မြို့ပေါ်ရဲ့ မြေကွက်ဈေးတွေကတော့ အမျိုးမျိုးပါ။ ဒါပေမယ့် တောင်ရပ်ဆိုတာကျတော့ မြို့ရဲ့ အချက်အခြာ ကျတဲ့အခါကျတော့ ခရီးသွားလုပ်ငန်းသမားတွေက ပိုပြီးသဘောကျတော့ ဈေးကြီးပေးပြီး ဝယ်နေကြတာ” ဟု ကိုသိန်းဌေးက ဆိုသည်။
မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းအမွေအနှစ် စေတီပုထိုး များစွာရှိပြီး ရှေ့အကျဆုံး မြို့တမြို့ ဖြစ်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော်လည်း အစိုးရက ခွင့်မပြုကြောင်း သိရသည်။
“ကျနော်တို့ မြောက်ဦးက ရှေ့ဟောင်းအမွေအနှစ် လက်ရာတွေနဲ့ စေတိပုထိုးတွေများတယ်။ အဲဒီ ရှေ့ဟောင်း လက်ရာတွေက မပြုပြင်နိုင်တဲ့အတွက် ပျက်စီးကုန်တာတွေရှိတယ်။ ပြုပြင်ချင်တဲ့လူတွေ ရှိရင်လည်း အစိုးရက လွယ်လွယ်ကူကူနဲ့ ပြုပြင်ခွင့်မပေးဘူးလေ။ နိုင်ငံခြားသားတွေကို လည်ပတ်ခွင့်သာ ပေးမယ်ဆိုရင် မြောက်ဦးက ပုဂံလိုပဲ တော်တော်လေးကို တိုးတက်စည်းကားတဲ့ မြို့တမြို့ ဖြစ်နေတာ ကြာပါပြီ” ဟု ကိုသိန်းဌေးက ဆိုသည်။
ရခိုင်ပြည် သမိုင်းတွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်နှင့် လေးမြို့ခေတ်ဆိုသည့် ခေတ်သုံးခေတ်ရှိကြောင်း၊ လေးမြို့ခေတ်တွင် ထီးနန်းစိုက်ခဲ့သော မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ် (ရခိုင်/ဗမာ သက္ကရာဇ် ၇၉၂ ခုနှစ်) တွင် မင်းစောမွန် (နရမိလှ) ဘုရင်က စတင် တည်ထောင်ကာ အေဒီ ၁၇၈၄ ခုနှစ်အထိ မင်းဆက် ၅၀ ခန့် အုပ်ချုပ် စိုးစံခဲ့သည်။
ref: ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here