Friday, November 16, 2012

ဝတပ်ဖွဲ့များ၏မူးယစ်ဆေးဝါး ထုတ်လုပ်မှုစံချိန် တစ်နေ့တစ်ခြားမြင့်မားလျက်ရှိ

0 comments


နိုဝင်ဘာလ ၁၆
မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အဓိကစီးပွားရေးဟာ မူးယစ်ဆေးဝါး ထုတ် လုပ်သယ်ဆောင်ရောင်းချတဲ့လုပ်ငန်းဖြစ်တယ်လို့ အရှေ့တောင်အာရှကစီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ပဲထိုင်းနိုင်ငံအတွင်းမှာမကြာခဏ ဖမ်းမိနေတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့အဓိကလာရာလမ်းကြောင်းဟာမြန်မာနိုင်ငံ အရှေ့ပိုင်း တပ်ဖွဲ့တွေနေ ထိုင်တဲ့ ရှမ်းပြည်နယ်ကတင်သွင်း လာတာဖြစ်တယ်လို့ပြောဆိုပါတယ်။


မကြာမီက ထိုင်းနိုင်ငံဘန်ကောက်မှာ စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၃ သန်းခွဲနီးပါး ဖမ်းဆီးမိ လိုက်ပြီးတဲ့အချိန်မှာ မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်နေ တယ်လို့ ထိုင်းဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung က မြန်မာ နိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃ သိန်းခွဲ လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး အဲဒီ စိတ်ကြွ
ဆေးပြားတွေကို မြန်မာနိုင်ငံ ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထုတ်လုပ်နေတာဖြစ်ကြောင်း၊ မြန်မာ
နိုင်ငံကမူးယစ်ဆေးဝါး ထုတ်လုပ်မှုတိုက်ဖျက်ပေးဖို့ တရုတ်အစိုးရကနေတဆင့် မြန်မာ အစိုးရကိုတိုက်တွန်းသွား မယ်လို့ ထိုင်းဒုတိယ ၀န်ကြီးချုပ် Chalerm က ပြောဆိုခဲ့ပါတယ်။
``မြန်မာနိုင်ငံမှာအဖက်တမင်းမူးယစ်ဆေးဝါးပြဿနာသည်`အလွန်အန္တရာယ်ရှိ´တဲ့ အခြေအနေကို ရောက်ရှိနေပြီ
ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မူးယစ်ဆေးဝါး ကင်းစင်စေရပါမယ်လို့ ကတိပြုထားပေမယ့် ဘိန်းမဲပဲကင်းစင်နိုင် ပါလိမ့်မယ်။ စိတ်ကြွဆေးကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် ၀ တပ်ဖွဲ့ တွေရှိနေတဲ့နယ်မြေမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အရှိန်မြင့်မားဆဲဖြစ်တယ်လို့ UNODC မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆင်အီလေး(JasonEligh) က  ပြောဆိုလိုက်ပါတယ်။ စိတ်ကြွဆေးအများစုကိုမြန်မာနိုင်ငံ၏ အရှေ့ ဘက်နယ်စပ်မှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုနှင့် အဖက်တမင်းဆေးပြား ထုတ်လုပ်မှုဟာ ၀တပ်ဖွဲ့ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအတွက် ငွေဝင်လမ်းတစ်ခုဖြစ်ကြောင်းလည်း ၄င်းကဆက်လက် ပြောဆိုခဲ့ ပါတယ်။
ဝတပ်ဖွဲ့တွေရှိနေတဲ့ ရှမ်းပြည်နယ်ဟာ မက်တာအဖက်တမင်း ထုတ်လုပ်သည့်အဓိကနေရာဖြစ်နေ တဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ၂၀၁၄ခုနှစ်မှာ မူးယစ်ဆေးဝါးလုံးဝကင်းစင် ပပျောက်ရေးရည်မှန်းချက်ကို အလေးထားလုပ်ဆောင် နေပြီးကုလမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) အားရှမ်းပြည်နယ်တွင်း ၀င်ရောက်အလုပ်လုပ်ကိုင်ခွင့်ပြုထားပါတယ်။ သည်လိုမျိုး  အစိုးရတာဝန်ရှိသူများက ထပ်မံ တိုးချဲ့ လုပ်ကိုင်ခွင့် ပြုထားတဲ့အတွက်ကြောင့်လည်းကောင်း၊ မကြာသေးမီက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကြောင့်လည်းကောင်း ကုလမူးယစ်ဆေးဝါးအေဂျင်စီအနေဖြင့် အားတက်မိပါကြောင်း ကုလမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့”UNODCအကြီးအကဲတစ်ဦးကပြောဆိုခဲ့ပါတယ်။
UNODC ၏ လေ့လာမှုအရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၀ ခုနှစ်မှာ ၃၈,၁၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မှာ ၄၃,၆၀၀ ဟက်တာအထိ ရှိလာခဲ့သည်ဟု ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စစ်တမ်းတွင်ဖော်ပြ ထားပါတယ်။ မြန်မာအစိုးရအနေဖြင့် ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ ဘိန်းစိုက်မြေ စုစုပေါင်း ၆,၁၂၄ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း ၅,၁၃၆ ဟက်တာသာ ဖျက်ဆီးနိုင်ခဲ့သည်ဟု စစ်တမ်းမှာ လေ့လာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ဖို့ ကူညီသွား မှာဖြစ်သလို ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုမှာ အဓိက ကြိုးကိုင်လှုပ်ရှားနေတဲ့ ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းကိုလည်း အမေရိကန်အစိုးရနှင့် ထိုင်းအစိုးရတို့ အနေဖြင့် မူးယစ်တရားခံများအဖြစ် သတ်မှတ်ထားပြီး ဖမ်းမိရမိရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။  ရှမ်းပြည်နယ်အတွင်းမှာရှိနေကြတဲ့ လက်နက် ကိုင်အဖွဲ့များ အစိုးရနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ရရှိနေပေမယ့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှု ကိုတော့ ၀ တပ်ဖွဲ့တွေအနေနဲ့ အပြီးအပိုင်စွန့်လွှတ်မှု မရှိသေးကြောင်း ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့UNODC  ကုလအရာရှိတစ်ဦးကထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here