Wednesday, December 12, 2012

မြောက်ကိုရီးယား ဒုံးကျည်အောင်မြင်စွာလွှတ်တင်နိုင်မှု အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများ ကြောက်ဒူးတုန်

0 comments

  122
 
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆထားကြသော တာဝေးပစ်ဒုံးကျည်ပစ်ဒုံးပျံပစ်လွှတ်မှုကို ထင်မှတ်မထားဘဲ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့် အမျက်ထွက်စေခဲ့သည်။ မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ အာကာသလွှတ်တင်စခန်းတစ်ခုမှ ဒုံးပျံကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဒုံးပျံက သယ်ဆောင်လာ သော ဂြိုဟ်တုသည် ရည်ရွယ်ထားသည့် အတိုင်း ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ပြီးခဲ့သည့် ဧပြီလအတွင်းက မအောင်မမြင်ဖြစ်ခဲ့ပြီး နောက် ယခုတစ်ကြိမ်ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးပျံသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို ကျော်ကာ ပျံသန်းသွားကြောင်း အိမ်နီးချင်းနိုင်ငံများက အတည်ပြုခဲ့ပြီး လွှတ်တင်မှုအောင်မြင်ခြင်း ရှိမရှိကိုမူ အတည်မပြုသေးပေ။မြောက်ကိုရီးယား၏ ၂၀၀၉ ခုနှစ်က လွှတ်တင်မှုတွင်မူ ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျကာ မအောင်မမြင်ဖြစ်ခဲ့ရသော်လည်း မြောက်ကိုရီးယားက အောင်မြင်သည်ဟု ကြေညာခဲ့ဖူးသည်။ယခုတစ်ကြိမ်တွင်မူ အောင်မြင်သည်ဟု ယူဆရဖွယ်အထောက်အထားများရှိနေပြီး မကြာမီအခြားနိုင်ငံများက အတည်ပြုနိုင်ဖွယ်ရှိနေသည်။ဒုံးပျံသည် သတ်မှတ်လမ်းကြောင်း အတိုင်း ပျံသန်းသွားနိုင်ခဲ့ပြီး ဆက်လက်လေ့လာနေဆဲဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည် ဟု စီအင်န်အင်န်သတင်းဌာနကဖော်ပြသည်။ရော့ကတ်၏ ပထမအပိုင်းသည် ကိုရီးယား ကျွန်း ဆွယ်အလွန်ပင်လယ်ပြင်အတွင်း ကျခဲ့ပြီး ဒုတိယအပိုင်းသည် အရှေ့တရုတ်ပင်လယ်အတွင်းကျခဲ့ကာ တတိယအပိုင်းသည် ဖိလစ်ပိုင်ရေပိုင်နက်အနီးကျခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်း မှာ မအောင်မြင်ဟု ဆိုလိုခြင်းမျိုးမဟုတ်ဘဲ လွှတ်တင်မှုအဆင့်အလိုက် အောက်အဆင့်များကို ဖြုတ်ချသွားသည့် သဘောဖြစ်သည်။
ယခုပစ်လွှတ်မှုသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်ရေးအတွက် တစ်ဖက်လှည့်ဖြင့် စမ်းသပ်မှုဟု အမေရိကန်နှင့် တောင်ကိုရီးယား အပါအ၀င် နိုင်ငံအများအပြားက ယူဆထားသည်။နျူလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားကမူ သူ၏ ရည်ရွယ်ချက်သည် သိပ္ပံသုတေသန ဂြိုဟ်တုတစ်လုံးကို အာကာသတွင်း ပို့ဆောင်ရေးသာဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
123
တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်သည် ဆိုးလ်တွင် အရေးပေါ်လုံခြုံရေးအစည်းအဝေးကျင်းပနေကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်ရေးတွင် အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် ဒီဇင်ဘာလ နှောင်းပိုင်းအထိ လွှတ်တင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်ဟု ကြေညာထားခဲ့ရာ ယခုကဲ့သို့လွှတ်တင်လိုက်မှုသည် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရသည်။
၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် မြောက်ကိုရီးယား၏ အာကာသတွင်း သို့ ဂြိုဟ်တုလွှတ်တင်ရေးအတွက် ဒုံးပျံပစ်လွှတ်မှုများမှာမအောင်မြင်ခဲ့ဘဲ အရှက်ရဖွယ်ဖြစ်ခဲ့ရသလို နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ဝေဖန်မှုနှင့်လည်းကြုံတွေ့ခဲ့ရသည်။ လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဖခင် ကွယ်လွန်သူ ကင်ဂျုံအွန်သည် ယမန်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့ရာ ကင် ဂျုံ အီနှစ်ပတ်လည် ကာလအတွင်း ဒုံပျံလွှတ်တင်ရန် ပြုံယမ်းက ဆန္ဒရှိနေခဲ့သည်ဟု လေ့လာသူတို့က သုံးသပ်ခဲ့သည်။ယင်းအပြင် ၂၀၁၂ ခုနှစ်သည် မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့် လည်း ဖြစ်ရာ ယခုနှစ် မကုန်မီ ဒုံးပျံလွှတ်တင်မှုအောင်မြင်ရေး မြေးဖြစ်သူ ကင်ဂျုံအွန်က ဆန္ဒရှိနေခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်ပါတီမှ အီလီယာနာ ရော့စ် လီတီနန်က မြောက်ကိုရီးယား၏ ယခုလွှတ်တင်မှုသည် နျူထိပ်ဖူးတပ်ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးရည်မှန်း ချက်သို့နီးကပ်လာပြီဖြစ်ခြင်းကို ရှင်းရှင်းလင်းလင်းပြသလိုက် ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အိုဘားမား၏ စေ့စပ်ညှိ နှိုင်းသည့်မူဝါဒသည် မြောက်ကိုရီးယား၏ တင်းမာမှုကို ကိုင်တွယ်ရန် အလုပ်မဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
www.MyanmarExpress.net

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here