Friday, December 14, 2012

မူစယ်မြို့ပြ စီမံကိန်း လုပ်ငန်းတချို့ ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့လွှဲပြောင်း

0 comments
ဒီဇင်ဘာ(၁၄)

img aa copy

                                       ကုမ္ပဏီလွှဲအပ်သည့်အခမ်းအနား
နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပြ အိမ်ယာမြေစီမံကိန်း လုပ်ငန်းများ အနက် လမ်းတည်ဆောက်ရေးအပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့ ယမန်နေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် လွှဲပြောင်းလိုက်ကြောင်း သိရသည်။

၎င်းအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ပြီး နယူးစတား လိုက် ကုမ္ပဏီမှ စီမံကိန်းနေရာများ လိုက်လံပြ သခဲ့ကြောင်း ကိုယ်တိုင် အခမ်းအနား တက်ရောက် ခဲ့သူ မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လွှဲပြောင်းပွဲ အခမ်းအနားပေါ့နော် နယူးစတားလိုက် ကုမ္ပဏီ MD - ကျော်ကျော်ဝင်း ၊ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးအောင် ၊ ဂရိတ်ဟော်ခမ်း ကုမ္ပဏီ MD - စိုင်းအုန်းမြင့် ၊ ဂရိတ်ဟော်ခမ်း  အင်ဂျင်နီယာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းရဲ့တူပေါ့နော် စိုင်းရီမွန်၊ သူတို့က မိန့်ခွန်းပေးတယ်၊ နောက် Power Point နဲ့ စီမံကိန်း ပရော့ဂျက်တွေ ရှင်းပြတယ် ” ဟု ၄င်းမြို့ခံက ပြောသည်။

စီမံကိန်းတည်ဆောက်ရန် အတွက် လယ်ဧက ၁၀၀ ကျော်နှင့် ဥယျာဉ်ခြံမြေ ၁၀၀ ကျော်ကို မူစယ်ဒေသခံများထံမှ နယူး စတားလိုက်က လျော်ကြေးပေး၍ သိမ်းယူခဲ့ခြင်းဖြစ် ပြီး မြေ အကျယ်အဝန်း ဧက ၂၀၀ ကျော်ရှိကြောင်း သိရသည် ။

အဆိုပါ စီမံကိန်း မစတင်မီက မြေသိမ်းယူခံရသည့် ဒေသခံများကို တည်ဆောက်ရေး လုပ်ငန်း များ တွင် ပါဝင် ဆောင်ရွက် ခွင့်ပြုမည်ဟု နယူးစတားလိုက်ကုမ္ပဏီမှ ပြောကြားခဲ့သော်လည်း  ယခုအခါ ဒေသခံများအားပါဝင်ခွင့်မပေးပဲဂရိတ် ဟော်ခမ်းကုမ္ပဏီသို့လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ပြောသည်။
img bb copy
                                           ကုမ္ပဏီလွှဲအပ်သည့်အခမ်းအနား

“ဒီပရော့ဂျက် မစခင်က ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် မူစယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားတွေ အားလုံးတက်တဲ့ အစည်းအဝေးမှာ မြေသိမ်းခံရတဲ့ဒေသခံတွေကို စီမံကိန်း မှာ ဆောင် ရွက် ခွင့်ပြုမယ်လို့ နယူးစတားလိုက်က ပြောထားတယ် ဒေသခံ တွေက မြေသယ်ကားတွေ ဘာတွေ ဝယ်ထားကြတယ်ဗျ အခု ဒေသခံတွေကို ပါခွင့်မပြုပဲ နောက်ကုမ္ပဏီတစ်ခုကို လွှဲလိုက်တယ် ဗျာ၊ ဒေသခံတွေဘက်က အရမ်းကိုနစ်နာတယ် ” ဟု ပြောသည်။

လက်ရှိတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နေထိုင်ရန် အိမ်တစ်လုံးကို နယူးစတားလိုက် ကုမ္ပဏီမှ ငွေကြေး အကုန်အကျခံကာ ဂရိတ်ဟော်ခမ်းကုမ္ပဏီမှ စိုင်းမောက်ခမ်း၏ တူတော် စပ်သူ အင်ဂျင်နီယာကိုယ်တိုင် တာဝန်ယူဆောက် လုပ်နေကြောင်း သိရသည်။


 သျှမ်းသံတော်ဆင့် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here