သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အ၀င်ပုံ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဂေါက်ကွင်းအနီး ဆောက်လုပ်နေသော ယာဉ်ရပ်နားဝင်းအတွင်းရှိ ဆိုင်ခန်းများကို သိန်းသန်းချီကုမ္ပဏီမှ မတန်တဆ ဈေးတင် ရောင်းချနေကြောင်း မူစယ်မြို့ခံများက ဆိုသည် ။
၂၀၁၂ နိုဝင်ဘာလပိုင်းက အကျယ် ၁၃ ဧကရှိ ကြံခင်းအား ၄င်းကုမ္ပဏီမှ ကျပ်သိန်း ၃၀ လျော်ကြေးပေး သိမ်းယူကာ ယာဉ်ရပ်နားဝင်းတည်ဆောက်နေခြင်း ဖြစ်ပြီး ယခုအခါ ဆောက်လုပ်လက်စ ဆိုင်ခန်း တစ်ခန်းကို ကျပ်သိန်း ၈၅၀ ဖြင့် ကြို တင်ရောင်းချနေခြင်း ဖြစ်သည် ။
“ဆောက်လက်စ ဆိုင်ခန်းတွေ ကြိုတင်ရောင်းနေတာ။ ၂၅ × ၄၀ ပေ အကျယ် တစ်ခန်းကို ကျပ်သိန်း ၈၅၀ ။ ဈေးများ လွန်းလို့ ၀ယ်မယ့်သူမရှိသေးဘူး” ဟု မူစယ်မြို့ခံတစ်ဦးက ဆိုသည် ။
ကုမ္ပဏီဘက်မှ ယာဉ်ရပ်နားဝင်း ကန်ထရိုက်ယူ ဆောက်လုပ်သည့် စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်း ၃၀၀ ၀န်းကျင်ခန့် သာရှိပြီး ဆိုင်ခန်းတစ်ခန်း ရောင်းရငွေသည်ပင် အရင်းကြေရုံမက အမြတ်ထွက် နေကြောင်း အတွင်းသိ ဒေသခံများက လည်း ပြောဆိုနေသည် ။
ယမန်နှစ် နိုဝင်ဘာလပိုင်း မြေသိမ်းယူစဉ်က ဒေသခံမြေပိုင်ရှင်နှင့် ၄င်းကုမ္ပဏီတို့ အကြား တုတ် ၊ ဓါးဆွဲရသည်အထိ နှစ်ဘက် တင်းမာမှုရှိခဲ့ကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်