ဇန်န၀ါရီ(၃၀)
အင်းလေးဘေးမဲ့တောတွင်း လုပ်ကိုင်နေသောလယ်ယာများကို လက်ရှိစာရင်းအတိုင်း အသုံးပြုခွင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဇော်က ပြောသည်။
ဘေးမဲ့တောနှင့် သဘာဝဥယျာဉ်ဖွဲ့ခြင်းသည် အဆိုပါမြေကို အသုံးပြုရန်အတွက် မဟုတ်ဘဲ သဘာဝအခြေအနေအတိုင်း မပျက်ရှိနေစေရန် ရေမြေတောတောင် နေထိုင် သူများ အနေအထားမပျက်စေရန် အတွက် ဖွဲ့ စည်းခြင်းဖြစ်ကြောင်း ထို့ကြောင့် ဘေးမဲ့တောတွင်း နေထိုင်၊ လုပ်ကိုင် စားသောက်သူများကို ဖယ်ထုတ်သွားမည် မဟုတ်ဟု ၄င်းက ပြောသည်။
ဘေးမဲ့တောနှင့် သဘာဝဥယျာဉ်ဆိုသည်မှာ ဒေသခံပြည်သူများကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ပြည်သူများပါဝင်လာရန် အတွက် ဝန်ကြီး ဌာနမှ ဖိတ်ခေါ်ကြောင်း ၄င်းက ဆက်ပြော သည်။
ဘေးမဲ့တောတွင် ပါဝင်သော တောင်ခြေမြင်းစခွန့်ရွာတွင် နေထိုင်သည့် ဦးစိုးငွေက အင်းလေးဘေးမဲ့ တောတွင်း နေထိုင်လုပ်ကိုင်ကြသူများသည် မြေယာပိုင်ဆိုင်ခွင့် အိမ်ဂရန်၊ လယ်မြေပိုင်ဆိုင်မှု အခွင့်အရေးများ ဆုံးရှုံးနေရပြီး ၄င်းတို့ နေထိုင် လုပ်ကိုင်သော မြေများကို လွှဲ ပြောင်း၊ ပေါင်နှံ၊ ရောင်းချခွင့်မရှိ ကြောင်း သိရသည်။
”တကယ်ဆိုတို့က ဘေးမဲ့တောထဲကိုသွားတာ မဟုတ်ဘူး။ တို့ဆီကိုဘေးမဲ့တောကလာတာ။ ဘေးမဲ့တောလို့ သတ်မှတ်ထားတာကြောင့် အမွေဆက်ခံခွင့်၊ ပေါင်နှံရောင်း ချခွင့်တွေ မရှိဘူး။ ပြီးတော့ လယ်ပိုင်ဆိုင်မှု အ ထောက်အထား မရှိတာကြောင့် စိုက်ပျိုး စရိတ်ချေးငွေလည်း မရ ဘူး ဖြစ်နေတယ်” ဟု ၄င်းက ပြောသည်။
၎င်းတို့အနေဖြင့် အဆိုပါ ဘေးမဲ့တောသတ်မှတ်ရာ နေရာတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသူများ နေထိုင်သော နေရာကို ဘေးမဲ့တောအဖြစ် သတ်မှတ်ကာ မြေပိုင် ဆိုင်ခွင့် မပြုကြောင်း ၄င်းက ဆက်ပြောသည်။
ပတ်ဝန်းကျင်နှင့်သားငှက် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြား ရေးမှူးက ထိုကဲ့သို့ မြေယာပိုင် ဆိုင်ခွင့် မပြုရခြင်းမှာ ဘေးမဲ့ တောသတ်မှတ်ထားသော ဧရိ ယာအတွင်း ပေါင်နှံရောင်းချခွင့် ပြုလိုက်ပါက စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက်လာပြီး ဟိုတယ်များ ဆောက်ခြင်း၊ လယ်မြေများ ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်လာမည်ကို မလိုလားခြင်းကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့်မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံ ရောင်းချ၊ လွှဲပြောင်းခွင့်မရှိသော်လည်း ၄င်းတို့လုပ်ကိုင် နေထိုင် သောနေရာတွင် အမြဲ လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်ကြောင်း၊ လယ်မြေပိုင်ဆိုင်မှု အထောက်အထားမရှိ၍ စိုက်ပျိုးစရိတ် ချေးငွေမရရှိခြင်းကို ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
အင်းလေး ဘေးမဲ့တော သတ်မှတ်ထားသော မြေဧရိယာ အတွင်း၌ လက်ရှိတွင် ရွာပေါင်း ၁ဝဝ ခန့်ပါဝင်နေပြီး လူပေါင်း ၇ သောင်းခန့် နေထိုင်လုပ်ကိုင် စားသောက်နေ ကြောင်း သိရသည်။
POPULARMYANMAR.COM
Wednesday, January 30, 2013
Subscribe to:
Post Comments (Atom)