Monday, January 7, 2013

CIF တန်ဖိုးကြောင့် ကားဈေးကွက် လှုပ်ခတ်မှုမရှိ

0 comments

ဇန်န၀ါရီလ( ၁ ) ရက်နေ့တွင်CIF တန်ဖိုးများ စတင်ပြောင်းလဲခဲ့သော်လည်း ရန်ကုန်ကားဈေးကွက်အတွင်း သိသာစွာ ပြောင်းလဲမှု မရှိသည့်အတွက်  အရောင်းအ၀ယ်ပြန်လိုက်နေကြောင်း ကားအကျိုးဆောင် အသိုင်းအ၀ိုင်းက သိရှိ ရသည်။
မော်တော်ယာဉ်တင်သွင်းရာတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်၍ လျှောက်ထားရမည့် CIF နှုန်းထားများအား ထုတ်ပြန်ခဲ့ပြီး ၄င်းဈေးနှုန်းများမှာ ဇန်န၀ါရီ ၁ ရက်မှ စတင် လျှောက်ထားသည့် သွင်းကုန် လိုင်စင်/ ပါမစ်များနှင့်သာ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ လျှောက်ထားသည့် သွင်းကုန်လိုင်စင်ပါမစ်များမှာ ယခင်အတည်ပြု ဈေးနှုန်းများအတိုင်းသာ လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစားထိုး လဲလှယ်မှုအစီအစဉ်အရ ၂၀၁၃ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းရာ၌ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော ယာဉ်များ တင်သွင်းရမည် ဖြစ်သည်။ ထို့အပြင် တစ်ဦးချင်းတင်သွင်းသည့် အစီအစဉ်တွင်လည်း လက်ရှိ တင်သွင်းခွင့်ပြုသည့် ၂၀၀၇ ခုနှစ်အစား ၂၀၀၈ ခုနှစ်နှင့် အထက်သာ တင်သွင်း ခွင့်ပြု မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
``အသစ်ထုတ်ပြန်ထားတဲ့ CIF ဈေးနှုန်းတွေကို အစကတော့ ၀ယ်သူတွေက တော်တော် ပြောင်းလဲမယ် ထင်လို့ မ၀ယ်သေးဘဲ စောင့်ကြည့်နေရာကနေ အခု သိပ်လည်း ပြောင်းလဲမှုမရှိတော့ အ၀ယ်တော့ နည်းနည်း ပြန်လိုက်လာတယ်၊ တဖြည်းဖြည်းနဲ့တော့ အ၀ယ်ပြန်တက်လာမယ်လို့တော့ ခန့်မှန်းရတာပဲ´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။
၁၃၀၀ စီစီအောက် ယာဉ်များကို မည်သည့်ယာဉ် အုပ်စုတွင် မဆို Model Year 2008 မှ 2012 အထိတန်ဖိုး USD 5000 ဖြင့် လျှောက်ထားနိုင်ပြီး 2012 Model Year ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိ ပေါက်ဈေးအတိုင်း လျှောက်ထားရမည် ဖြစ်သည်။
ယာဉ်အုပ်စုတွင် မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားလာသော ယာဉ်များဖြစ်ပါက အင်တာနက် အထောက်အထားများဖြင့် စိစစ်၍ One Stop Service အဖွဲ့အစည်းသို့ တင်ပြပြီးမှသာ ခွင့်ပြုထုတ်ပေး မည်ဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစားထိုး လဲလှယ်မှု အစီအစဉ်အရ တင်သွင်းခွင့်ပြု သည့် မော်တော်ယာဉ် ဈေးနှုန်းများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  
ထို့အပြင် နိုင်ငံခြားသင်္ဘောသားများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်သံ ၀န်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် စေမည့် အလုပ်သမားများ လူစီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့် အထက် လူစီး မော်တော်ယာဉ်များကို တင်သွင်းခွင့်အတွက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တစ်ဦးချင်း နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသည့် နိုင်ငံသားများ လူစီးမော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့် အထက် လူစီးမော်တော်ယာဉ် များကို တင်သွင်းခွင့်ပြု သွားမည် ဖြစ်သည်။ ၂၀၀၃ ခုနှစ်နှင့် အထက် Light Truck နှင့် Truck ကားများ၊ ၂၀၀၃ ခုနှစ်နှင့် အထက် ဘယ်မောင်း City Bus များနှင့် ၂၀၀၈ ခုနှစ်နှင့် အထက် ဘယ်မောင်း Bus များကိုလည်း တင်သွင်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
`` အခုလိုမျိုး ကားတွေ ပိုပြီးတော့ တင်သွင်းခွင့်တွေ တိုးမြှင့်ပေးလိုက်တဲ့အတွက် Car Show Room တွေ ပိုများ လာမယ်၊ ဒီတော့ အပြိုင်အဆိုင်တွေ ပိုများလာမယ်၊ ၀ယ်သူတွေအတွက်တော့ ရွေးစရာတွေ အများကြီးဖြစ်လာတာပေါ့၊ကျနော်တို့ကတော့ကိုယ့်ဆိုင်ရောင်းအားအတွက် အသည်းအသန်လုပ်ရတော့
မှာပေါ့´´ ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ ပြောသည်။
နှစ်သစ်၌ ထုတ်ပြန်လိုက်သည့် CIF ဈေးနှုန်းအရ အရောင်းပြခန်းကားဈေးကွက်တွင်လည်း သိသိသာသာ ပြောင်းလဲမှုမရှိကြောင်း သိရသည်။
MYANMAR LOCAL NEWS

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here