Tuesday, January 15, 2013

ကမ္ဘာ့စက်ဘီးချန်ပီယံ Lance Armstrong က တားမြစ်ဆေးသုံးစွဲကြောင်း ၀န်ခံလိုက်

0 comments

တနင်္လာနေ့ Oprah Winfrey နဲ့ အင်တာဗျူးမှာ ယခင် Tour de France စက်ဘီးချန်ပီယံ လန်းစ်အမ်းစထရောင်း (Lance Armstrong) က သူဟာ တားမြစ်အားတိုးဆေး (performance-enhancing drug) ကို သုံးစွဲခဲ့တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။ လာမဲ့ကြာသပတေးနေ့ Winfrey တီဗီရှိုးမှာ ထုတ်လွင့်ဖို့ ကြိုတင်သွင်းယူထားတဲ့ အင်တာဗျူးမှာ အမ်းစထရောင်းက ၀န်ခံလိုက်တယ်ဆိုတာကို အေပီသတင်းက ပထမဆုံး ထုတ်ဖော်ခဲ့ပြီး နောက်ပိုင်းမှာ CBS သတင်းဌာနမှ အတည်ပြုခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အမ်းစထရောင်းက အင်တာဗျူး၊ တရားရုံး၊ ထုတ်ပြန်ချက် တွေမှာ တားမြစ်ဆေးသုံးစွဲတာကို အပြင်းအထန် ငြင်းဆိုခဲ့ပြီးနောက် ယခုလို ၀န်ခံလိုက်တာ ဖြစ်ပြီး တမဟုတ်ခြင်း နိုင်ငံတကာမှာ ခေါင်းကြီးသတင်း ဖြစ်နေပါတယ်။

လန်းစ်အမ်းစထရောင်း ဟာ လွန်ခဲ့တဲ့နှစ်တွေမှာ တားမြစ်ဆေးသုံးစွဲမှု၊ တားမြစ်ဆေး ဖြန့်ဖြူးရောင်းချမှု တို့နဲ့ တရားစွဲဆို ခံခဲ့ရပြီး အမ်းစထရောင်း က တောက်လျှောက် ငြင်းဆိုနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လထဲမှာ United States Anti-Doping Agency (USADA) က အမ်းစထရောင်း ရရှိခဲ့တဲ့ Tour de France ဖလားဆု ၇ ခုစလုံး (၁၉၉၈ မှ ယနေ့အထိ ဆုရထားသမျှ) ကို ပယ်ဖျက်ရုတ်သိမ်းခဲ့ပါတယ်။ အမ်းစထရောင်း ဟာ ဆုတံဆိပ်ရဖို့ အတွက် မည်သူ့ကိုမျှ မငဲ့ညာဘဲ မည်သည့်နည်းလမ်းနဲ့မဆို ရအောင်လုပ်တဲ့ အားကစားသမား လို့ USADA အကြီးအကဲ Travis Tygart က ပြောခဲ့ပါတယ်။ အမ်းစထရောင်းနဲ့ သူ့ရဲ့ဆရာဝန်များ၊ အသင်းသားများ၊ နဲ့ နည်းပြများဟာ မာဖီးယားအဖွဲ့သဖွယ် သူတို့ရဲ့ တရားမ၀င်လုပ်ရပ်တွေကို နှစ်ပေါင်းများစွာ လျှို့ဝှက်ဖုံးကွယ်ခဲ့တယ်လို့လည်း Tygart က ပြောခဲ့ပါတယ်။

Oprah နဲ့ အင်တာဗျူးခါနီး မတိုင်ခင်မှာ အမ်းစထရောင်း က သူတည်ထောင်ထားတဲ့ Livestrong ကင်ဆာဖောင်ဒေးရှင်း ကို သွားရောက်ခဲ့ပြီး ၀န်ထမ်းတွေကို မျက်ရည်ကျရင်း တောင်းပန်စကား ပြောခဲ့ပါတယ်။ Livestrong ဖောင်ဒေးရှင်းကို ကင်ဆာရောဂါရှင်များအား ကယ်တင်ဖို့အတွက် ဆက်လက်လုပ်ကိုင်သွားဖို့ ၀န်ထမ်းတွေကို အားပေးတဲ့အခါ တချို့က မျက်ရည်ကျနေခဲ့ပါတယ်။ အမ်းစထရောင်း ကိုယ်တိုင် ယခင်က ကင်ဆာရောဂါမှ ရှင်သန်ခဲ့သူ ဖြစ်ပြီး ကမ္ဘာ့စက်ဘီးပြိုင်ပွဲများမှာ အောင်မြင်ခဲ့လို့ နာမည်ကျော်ကြားခဲ့ပြီး Livestrong ဖောင်ဒေးရှင်းကလည်း ကင်ဆာဝေဒနာရှင်များ ကို ခွန်အားပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

လန်းစ်အမ်းစထရောင်း က သူရဲ့စက်ဘီးပြိုင်ပွဲအသင်း အတွက် လက်ခံရရှိထားတဲ့ ငွေကြေး ဒေါ်လာ သန်းများစွာကိုလည်း ပြန်လည်ပေးအပ်ဖို့ စကားပြောဆွေးနွေး နေရကြောင်း သိရပါတယ်။ (Ref; CBS news, Jan 14, 2013)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here