(၁) ကိုယ်လိမ်းထားသော မွှေးမွှေးကြိုင်ကြိုင် သနပ်ခါး၏ ရနံ့ကို တဦးတည်းသာမူပိုင်ခွင့်ရှိပြီး သနပ်ခါးမခြောက်မီ နှာခေါင်းရာကြောင့် ပါးကွက်ပြတ်မခံရခြင်း။
(၂) လင်မှု၊သားမှု အိမ်မှုကိစ္စများကို ရေးကြီးခွင်ကျယ်လုပ်စရာမရှိသဖြင့် ညစဉ်ဘုရားရှိခိုး၊ ပုတီးစိတ်အဓိဌာန်ဝင်၊ သက်သက်လွတ်စားနိုင်ခြင်းတို့ကြောင့် အိမ်မက်ဆိုးများမှ ကင်းဝေးခြင်း။
(၃) ထမင်းမချက်ချင်လျှင်လည်း မိမိတကိုယ်စာဖြစ်၍ မည်သူ့အော်ဟစ်သံ၊ ဆူညံသံမှ မကြားရပဲ မိမိကြိုက်နှစ်သက်ရာ အစားအသောက်များကို အပူအပင်ကင်းကင်း သွားရောက်စားသောက်နိုင်ခြင်း။
(၄) အပြင်တခါထွက်လျှင်လည်း ဟိုလူစောင့်ရ၊ ဒီလူ့စောင့်ရဖြင့် စိတ်တိုခြင်း၊ ရန်ဖြစ်ခြင်းမှကင်းဝေးပြီး တကိုယ်ရေ တကာယ အမွေးနံ့သာများ၊ အ၀တ်အစားကြွကြွရွရွများဖြင့် အပူအပန်မရှိ ဆင်ယင်နိုင်ခြင်းကြောင့် တွေ့သမျှ မြင်သမျှသော အိမ်ရှင်မများက ငေးယူအားကျရခြင်း။
(၅) ယောက်ျားများသာရှိလျှင်ဖြစ်သည်ဟုပြောကြသော မီတာဆောင်၊ ဖုန်းခွန်ဆောင်နေရာများသို့ သွားရလာရဖြင့် မ၀တ်ဖြစ်သေးသောအ၀တ်အစားများကို ၀တ်ဖြစ်ရုံတင်မကပဲ လှုပ်ရှားသွားလာမှုများက သွေးလည်ပတ်အားကောင်းမွန်၍ ကျန်းမာရေးနှင့် ညီညွတ်စေခြင်း။
(၆) အ၀တ်အစား အဆင်ဆန်းများ အသစ်အသစ်များကို မိမိတွင် ပိုက်ဆံရှိလျှင်ရှိသလို သားအတွက်၊ ယောက်ျားအတွက် ၀ယ်ယူစာရင်းများ ခေါင်းထဲထည့်စရာမလိုပဲ စိတ်အေးချမ်းသာစွာ ၀ယ်ယူဆင်မြန်းနိုင်ခြင်း။
(၇) ကိုယ်ကြည့်ချင်တော့ ကိုရီးယားကား၊ ယောက်ျားက ဘောလုံးပွဲ၊ ယောက္ခမက တရားနာချင်၊ သားသမီးတွေက ကာတွန်းကားဖြင့် ကိုယ့်အလှည့်မရောက်နိုင်အောင် အလျော့ပေးခြင်းမရှိ အေးဆေးစွာ ဒူးနှံ့၍ မိမိစိတ်ကြိုက် Channelများ ကြည့်ရှုနိုင်ခြင်း။
(၈) မနက်အိပ်ရာနိုးလျှင် ထမင်းဘူးအတွက် ခေါင်းမစားရသော အိမ်ရှင်မ ဖြစ်စေအုံးတော့ လင်ယောက်ျားဝတ်ရန် ခေါင်းခြောက်အောင် တွဲစပ်ကာ အဆင်သင့်ဖြစ်စေရန် အလို့ငှာ အ၀တ်များထုတ်ထားပေးရသည့်အမှုမှ ကင်းဝေးခြင်း။
(၉) မည်သို့ပင် ချက်ပြုတ်ခြင်းများဖြင့် ပြေးလွှားနေရစေကာမူ ယောက်ျားဖြစ်သူ၏ အလုပ်ပြန်အမောပြေစေဖို့ရာ အသက်ရှုမ၀သည့်ကြားမှ မချိပြုံးဖြင့်နှုတ်ဆက်ရသည့် ၀ဋ်ဆင်းရဲမှကင်းဝေးရခြင်း။
(၁၀) အိမ်ထောင်ရှင် အမျိုးသမီးတိုင်း မိဖုရားဖြစ်ခွင့်မရှိသော်လည်း အပျိုကြီးများမှာ မိမိအိမ်တွင် မိမိအုပ်ထိန်းသူ မိဘအကြီးအကဲများမှ လွဲ၍ ပါးစပ်ချွဲအောင် တိုင်ပင်နှီးနှောနားချရခြင်းမှကင်းဝေးသည့် ဘုရင်မတပါးဖြစ်နေခြင်း။
(၁၁) သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ မိဘမှအပ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိသဖြင့် မိမိ၏အပျိုကြီးဂုဏ်ကို ယုံကြည်သော မိဘများကစိတ်ချသဖြင့် မည်သူ့မျက်နှာမျှ အတွေးထဲတွင်ဝင်မလာပဲ စိတ်ဖြောင့်ဖြောင့်စကားပြောဆိုနိုင်ခြင်း။
(၁၂) ပူပြင်းအိုက်စပ်လှသော ရာသီဥတုဖြစ်ရသည့်အထဲ မိမိချစ်သူ၊ ဇနီးမယားကိုဖက်သည်ဆိုသော ၀ိသေသဖြင့် အားကုန်ရှိသမျှ ပုခုံးတွင်ခို၍လိုက်တတ်သော အိမ်ဦးနတ် ပဲ့ကိုင်၏အကျင့်ဆိုးမှ လွတ်မြောက်ရခြင်း။
(၁၃) အမှတ်တရနေ့များမကုန်နိုင်တော့သော မွေးနေ့၊ ချစ်သူများနေ့၊ ချစ်သက်တမ်းတလပြည့်၊ တစ်နှစ်ပြည့်၊ ကလေးခေါင်းဆေးနေ့၊ ရက်တရာပြည့်နေ့၊ ကင်ပွန်းတပ်နေ့… ရှုပ်ရှက်ခပ်နေသောနေ့များအတွက် အမှတ်တရပေးရန် လက်ဆောင်ပစ္စည်းများ မထပ်စေအောင် ဥာဏ်ကွန့်မြူးရသည့်အလုပ်မှ လုံးလုံးလွတ်မြောက်ခြင်း။
(၁၄) ယောက္ခမ၊ယောင်းမစသည်တို့ အပြောအဆိုမဟုတ်လျှင် မိမိကတတ်လျှင်တတ်သလိုပြန်လည်ချေပမိလျှင် မိမိအိမ်ဦးနတ်နှင့် နောင်ဂျိန်ပလေးရခြင်း။ (ထိုအချက်က အခန့်မသင့်လျှင် လင်မယားချင်းပင် ကွဲနိုင်ပါသည်)
(၁၅) အပေါင်းအသင်းစုံသောအကြောင်းပြချက်၊ အောင်မြင်သောအကြောင်းပြချက်များဖြင့် သောက်သောက်လာတတ်သော ယမကာ၏အဆီရစ်ခြင်းဖြင့် မိမိအားရစ်ယုံတင်မက အံဖတ်ကျုံးရခြင်းအမှုမှ ကင်းဝေးခြင်း။
(၁၆) စားချိန်မှန်၊ အိပ်ချိန်မှန်ဖြင့် ကျန်းမာစွာဖြတ်သန်းနိုင်ခြင်း။
(၁၇) မိမိကိုလိုက်လံပိုးပန်းနေသော လွတ်လပ်သူ လူပျိုကြီးများထဲမှ မည်သူ့ကိုမဆို လွတ်လပ်စွာ စိတ်ကူးယဉ်ခွင့်ရှိနေခြင်း။
(၁၈) မိမိလစာကို မိမိစိတ်ကြိုက်စီရင်ခွင့်ရှိခြင်း။
(၁၉) အနှောင်အဖွဲ့များကင်းဝေးရာ ဘ၀ဖြစ်သဖြင့် မိမိစိတ်သန်ရာအခွင့်အခါတွင် အပူအပင်ကင်းကင်း တရားစခန်းဝင်နိုင်ခြင်း။
(၂၀) ကိုယ့်ခင်ပွန်းလောင်းက အရပ်ပုလျှင် ရှောင်ကြဉ်ရမည့်ဒေါက်အမျိုးအစား၊ အရပ်မြင့်လျှင် ၀ယ်ယူရမည့် heelအမြင့်အတိုင်း အတာ စသည်တို့ကို ကြိုက်နှစ်သက်သော်လည်း ကိုယ်နှင့်မကိုက်ညီ၍ အောင့်သက်သက်စွန့်လွှတ်လိုက်ရသည့် ဖိနပ်အမျိုးအစားများ ရှိမနေခြင်း။
(၂၁) မင်္ဂလာဆောင်များဖိတ်လျှင်လည်း ကိုယ့်ဆီပြန်လာလျှင် တနင့်တပိုးဖြစ်စေရန် မျက်နှာလုပ်ကုတ်ခြစ်လက်ဖွဲ့ခြင်းနှင့်သွေဖီစွာ စိတ်ပါလျှင်ပါသလို ဘယ်လောက်နည်းနည်း စိတ်အေးသက်သာ လက်ဖွဲ့နိုင်ခြင်း။
(၂၂) အပျိုကြီးတယောက်၏ ဘ၀တွင် စက်ပစ္စည်းအသေးစားပျက်စိးခြင်း (ဥပမာ - မီးခလုတ်ပျက်ခြင်း၊ မီးချောင်းကျွန်းခြင်း၊ ကွန်ပြူတာWindowတင်ခြင်း)စသည့် ကိစ္စရပ်များကို ကိုယ်အားကိုယ်ကိုး၍ လေ့လာသင်ယူရသဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွားလာခြင်း။
(၂၃) မိမိကြင်သူ အိမ်ပြန်နောက်ကျလျှင် အရက်မူးနေပြီလား၊ ချောင်းရိုက်ခံနေရပြီလား၊ အချုပ်ခန်းထဲရောက်နေရော့သလား ဟူသော မေးခွန်းများဖြင့် ရင်ဖိုရသည့် အမှုကိစ္စများမှ ကင်းလွတ်ရခြင်း။
(၂၄) ညအိပ်ရာဝင်သည့်အခါတွင်လည်း သူ့အီးကိုယ်ရှု၊ ကိုယ့်အီးသူရှုဘ၀မှ ကင်းငြိမ်းရခြင်း
ဒါက အသေးစိတ်သိပ်မကျသေးတဲ့ အချက်အလက်လေးတင်ပါ..
နောက်ထပ်ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်…
ကဲ… စာဖတ်သူတို့ရေ…..
အပျိုကြီးများသနားစဖွယ် အားငယ်စရာကောင်းသေးရဲ့လားလို့

ဘလော့စာပေများ