ဖေဖော်ဝါရီ(၂၀)
ဖေဖော်ဝါရီ(၁၉)ရက်နေ့
ညနေ(၄)နာရီခန့်က တာချီလိတ်မြို့နယ် ထွေ/အုပ်ရုံးရဲ့ စည်းဝေးခန်းမမှာ
ခရိုင်/မြို့နယ်အဆင့်
ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအစည်းအဝေးကို
ပြုလုပ်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါအစည်းအဝေးသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် နှင့် ခရိုင်/မြို့နယ်အဆင့် ယာဉ်/လမ်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဝင်များ အပါအ၀င် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်လာခဲ့ကြပြီး ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်သည့် ရှေ့လုပ်ဆောင်ရန် လုပ်ငန်းစဉ်များကို

ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ တာချီလိတ်မြို့နယ်အတွင်း ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ စ၍ စည်းကမ်းပျက်မောင်းနှင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အနှေးယာဉ်များကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူသွားမှာဖြစ်ပြီး စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးတွေ့ရှိရပါက ယာဉ်/လမ်းစည်ကမ်းထိန်းသိမ်းရေး ဥပဒေအရ မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ပြီး တရားရုံးသတ်မှတ် ဒဏ်ငွေအပြင် ယာဉ်/လမ်းစည်ကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှုဒဏ်ငွေ တစ်သောင်းကျပ်အား ထပ်မံဒဏ်ရိုက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကိုလည်း မိမိတို့ရဲ့ရပ်ကွက်ကျေးရွာများအတွင်း မော်တော်ဆိုင်ကယ်ကို သတ်မှတ်ထားသည့်လူ(၂)ဦးထက် ပိုမစီးရန်၊ မေးသိုင်းကြိုးပါသည့် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်းရန်၊ လမ်းဘေးတွင် ယာဉ်နှစ်ထပ်မရပ်ရန်၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးကပ်တုံးနှင့် (၁)ပေ အကွာမှရပ်ရန်၊ ယာဉ်မောင်း လိုင်စင်အား တစ်ပါတည်း ယူဆောင်လာရန်၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရန်၊ အရက်သေစာသောက်စားမူးယစ်မောင်းနှင်ခြင်းမပြုရန် စသည့် အကြောင်းအရာများကို
ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ကြော်ငြာပေးရန် လိုကြောင်း ဆွေးနွေးတင်ပြသွားခဲ့ကြပါတယ်။
တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း/အပြင်များမှာ ယာဉ်မတော်တဆဖြစ်မှုများ အဖြစ်များနေသည့် အတွက်ကြောင့် ပြည်သူများအနေဖြင့် ယာဉ်/လမ်းစည်းကမ်းကို စနစ်တကျ လိုက်နာဆောင်ရွက်တတ်စေရန် ပညာပေးခြင်းအဖြစ် ကျောင်းများမှာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့သော်လည်း အလေးထားလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့် ယခုလို အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ