ဖေဖော်ဝါရီ(၁)
ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ အလှပြင်ဆိုင် အလုပ်သမားတစ်ဦး၏
သေတ္တာအတွင်းမှ ကျည်ဆန်များ တွေ့ရှိရမှုအပေါ် ကြည့်မြင်တိုင်မြို့နယ်
တရားရုံးမှ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် ဇန်န၀ါရီ ၃၁ ရက်က စွဲချက်တင်
အမိန့်ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးမှ သိရသည်။
ထို့အတူ ကျည်ဆန်များနှင့် တွေ့ရှိရသူ ရဲရင့်အောင်နှင့် အလှပြင်ဆိုင်
အလုပ်သမား တစ်ဦးတို့မှာ ပျောက်ဆုံးသွားသော စိန်နှင့် ရွှေထည်များ
ခိုးယူထားကြောင်း နိုဝင်ဘာလအတွင်းက သက်ဆိုင်ရာ ရဲစခန်းမှ စစ်ဆေး
အတည်ပြုနိုင်ခဲ့ပြီး လက်ရှိတွင် ကြည်မြင်တိုင် တရားရုံး၌ ထပ်မံ အမှုဖွင့်
ထားကြောင်း ကြည်မြင်တိုင် ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်း၊ ဈေးကြီး
အနောက်ရပ်ကွက်တွင် နေထိုင်သည့် မိသားစု တစ်စုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်
အောက်တိုဘာ ၂၀ ရက်က နေအိမ်အား သော့ပိတ်ပြီး လှိုင်မြို့နယ်ရှိ မိဘများထံ
သွားရောက် လည်ပတ်ခဲ့သည်။
ယင်းနောက် အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ကြည့်မြင်တိုင်
နေအိမ်သို့ ပြန်လည် ရောက်ရှိလာစဉ် နေအိမ်တံခါးသော့ ပွင့်နေပြီး
အိပ်ခန်းအတွင်းရှိ ကြိတ်သား ဗီရိုအတွင်းမှ စိန်နှင့် ရွှေထည်ပစ္စည်း
ခုနစ်မျိုး (စုစုပေါင်း တန်ဖိုးကျပ်သိန်း ၂၅၀) မှာ ပျောက်ဆုံးလျက်
ရှိနေသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း
သတင်းရရှိသည်။
ထို့နောက် သက်ဆိုင်ရာမှ အဆိုပါ စိန်၊ ရွှေပျောက်ဆုံးမှုနှင့် ပတ်သက်၍
ကြည်မြင်တိုင်မြို့နယ် အုန်းပင်နောက်လမ်းရှိ အလှပြင်ဆိုင်သို့ ၀င်ရောက်
ရှာဖွေရာ ဆိုင်အတွင်း နေထိုင်သူ ရဲရင့်အောင် (အလှပြင်ဆိုင် အလုပ်သမား) ၏
သေတ္တာအတွင်းရှိ CHAMP GHAR စာတမ်းပါ နက်ပြာ/မီးခိုးရောင်
ကျောပိုးအိတ်အတွင်းမှ အလျား ၃ လက်မ၊ အနံ ၁ ဒသမ ၇၅ လက်မခန့်ရှိ သံဗူးဖြင့်
ထည့်ထားသော (၉ မမ) ကျည်ကိုးတောင့်၊ ၇ ဒသမ ၆၂ ကျည်တစ်ထောင့်တို့အား
ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကျည်ဆန်များ တွေ့ရှိခဲ့သော အလှပြင်ဆိုင်မှာ စိန်ရွှေထည်များ
ပျောက်ဆုံးသွားသော နေအိမ်တိုက်ခန်းနှင့် တစ်တိုက်တည်းဖြစ်ပြီး
အလှပြင်ဆိုင်မှာ မြေညီထပ်တွင် ဖွင့်လှစ်ထားကြောင်း၊ ကျည်ဆန်တွေ့ရှိမှုနှင့်
ပတ်သက်၍ ကျည်ဆံများအား လှပ၍ သိမ်းထားခြင်းသာ ဖြစ်ကြောင်း သက်ဆိုင်ရာ၏
မေးမြန်းမှုအပေါ် အလှပြင်ဆိုင် အလုပ်သမား ရဲရင့်အောင်မှ
ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
အဆိုပါ ကျည်ဆန်များ တွေ့ရှိရမှုအပေါ် ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ
ဇန်န၀ါရီ ၃၁ ရက်က လက်နက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် စွဲချက်တင်
အမိန့်ချမှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တရားခံအား စတင်
စစ်ဆေးသွားမည်ဟု ကြည်မြင်တိုင် မြို့နယ်တရားရုံးမှ တွဲဖက် ဒုတိယ
တရားသူကြီးက ပြောသည်။
ELEVEN
Friday, February 1, 2013
Subscribe to:
Post Comments (Atom)