Sunday, March 31, 2013

စစ်တွေ တက္ကသိုလ်ဝင်းထဲ မီးလောင်မှု ဖြစ်ပွား

0 comments

မတ်လ(၃၁)

 

စစ်တွေ(မဇ္ဈိမ)။   ။  စနေနေ့ မနက် ၁၀း၄၅ နာရီခန့်က စစ်တွေ တက္ကသိုလ်ခြံဝင်းအတွင်း၌ မီးလောင်မှုတခု ဖြစ်ပွား ခဲ့သည်။ 
မီးလောင်မှုမှာ တက္ကသိုလ် အဆောက်အဦများကို လောင်ကျွမ်းခြင်းမဟုတ်ဘဲ တက္ကသိုလ်ကျောင်း၏ နောက်ဘက် မြက်ခင်းပြင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်စဉ် တက္ကသိုလ်ဝင်းထဲသို့ ရောက်နေသော တာဝန်ကျ လုံခြုံရေး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။ 
“ဖြစ်စဉ်အစအဆုံး အဲဒီမှာ ကျနော် ရှိနေခဲ့ပါတယ်။ ၁၂ နာရီဝန်းကျင် လောက်မှာ အကုန်လုံး ငြိမ်းသွားပါတယ်။ ဘယ်သူ့ပယောဂမှ မပါပါဘူး။ မြက်ခြောက်က စလို့ မီးလောင်ခြင်းသာ ဖြစ်ပါတယ်။ မီးသတ်ကား နှစ်စီးနဲ့ ငြိမ်းသတ် ခဲ့တယ်။ တက္ကသိုလ်ခြံဝင်းက အရမ်းကျယ်တော့ မြက်ခြောက်တွေကို မီးငြိမ်းတဲ့အခါ နဲနဲပိုကြာသွားတယ်။ အဆောက်အဦ တွေ ထိခိုက်မှုတော့ မရှိပါဘူး။ ကျောင်းဆောင်နဲ့ ကိုက် ထောင်ချီဝေးတဲ့ နေရာက စဖြစ်တယ် ဆိုတော့ တက္ကသိုလ် ဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေတော့ မဖြစ်နိုင်ဘူး” ဟု၎င်းက ဆိုသညိ။ 
မီး စလောင်သည့် နေရာမှာ တက္ကသိုလ် အဆောက်အဦများနှင့် အလွန်ဝေးကွာသည့် နောက်ဘက်ခြံစည်းရိုး အနီးတွင် ရှိနေပြီး ခြံစည်းရိုး အပြင်ဖက်တွင် ဝါးရုံတောနှင့် “ဘုမေ”အမည်ရှိသော မူဆလင်ရွာ ရှိသည်။ 
နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ စစ်တွေအမှတ်(၁)ရဲစခန်းမှ ရဲဝန်ထမ်းတဦးက “သာမန် ဆေးလိပ်မီးကနေ တဆင့်လောင်တဲ့မီးလား။ ဒါမှမဟုတ် တစုံတယောက်ကနေ တမင် ရည်ရွယ်ပြီး လုပ်တာလားဆိုတာကို စစ်ဆေးနေတုန်းပဲ ရှိပါတယ်။ လုံခြုံရေးကတော့ အဲဒီမှာ အမြဲရှိနေပါတယ်” ဟု ပြောသည်။ 
အခင်းဖြစ်ပွားချိန်၌ စစ်တပ်၊ ရဲ၊ မီးသတ်နှင့် ဌာနဆိုင်ရာများစု ရောက်ရှိလာပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ချထားခဲ့ရာမှ ယခုအခါ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီဟု သိရသည်။


မဇ္စျိမ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here