Monday, April 8, 2013

ရွှေဖီချိန် လက်ဖက်ဈေးနှုန်း မကောင်းသည့်အတွက်ကြောင့် ပလောင်ပြည်သူလူထုများ စိတ်ပျက်မိ

0 comments
ဧပြီ(၈)
ရှမ်းပြည်မြောက်ပိုင်းတွင် ရွှေဖီဦးလက်ဖက်အချိန်ရောက်ပြီးဖြစ်၍ လက်ဖက်ဈေးနှုန်း မကောင်းသည့်အတွက်ကြောင့် ပလောင်ပြည်သူလုထုများ စားဝတ်နေရေးအတွက် အခက်အခဲနှင့် ကြုံတွေ့နေရသည့်အပေါ်တွင် စိတ်ပျက်မိသည်။

ရွက်စိမ်းတပိဿလျှင် ကာလပေါက်ဈေး (၉၀၀)ကျပ်၊ လက်ဖက်ခြောက် တပိဿလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်အကြားတွင် ရှိပြီး နမ့်ခမ်းမြို့နယ်နှင့် မန်တုံမြို့နယ်တွင် ရွှေဖီဦးစပေါ်သည့်အချိန်တွင် လက်ဖက်ခြောက်တစ်ပိဿာလျှင် ၁၅၀၀နှင့် ၂၀၀၀ကျပ် လက်ဖက်စိုသည် ပေါက်ဈေးမရှိဟု သိရှိရသည်။

နမ့်ဆန်မြို့နယ် ရွာသားတဦး'' လက်ဖက်ဈေးလည်း ထင်ထားတာထက် ဈေးနှုန်းလုံးဝ မကောင်းဘူး။ ရွက်စိမ်း စစချင်းဗျာ ၉၀၀ကျပ်တဲ့။ တပတ်တောင်မကြာဘူး ၈၀၀ ကျပ် ပြန်ကျတယ်။ ၈၀၀ကျပ် က ၂ ရက်ပဲ ကြာတယ်။ အခုက ၆၀၀ ကျပ် လောက်ပဲရှိတယ်။ သင်္ကြန်ပြီးရင် ၂၀၀ကျပ် လောက်ပဲ ရှိတော့မယ်။ လက်ဖက်ခူးတာ ၁၅ရက်နီးပါးလောက်ပဲရှိသေးတယ်။ လက်ဖက်ခြောက်လည်း ဈေးမရှိဘူး။ ၂၅၀၀နဲ့ ၃၀၀၀လောက်ပဲရှိတယ်။''

၂၀၁၁ ခုနှစ်မှစတင်၍ ရှမ်းပြည်နယ်တွင် စစ်ပွဲမကြာခဏဖြစ်ခဲ့၍ ရွှေဖီချိန်အတောအတွင်းတွင် လက်ဖက်ခူးသည့် အညာသူ၊ အညာသားများသည် လုံခြုံရေးကို စိုးရိမ်၍ တောင်ပေါ်သို့ မတက်လာဘဲ လက်ဖက်တောင်သူများသည် လက်ဖက်ကို မနိုင်မနင်းဖြစ်ပြီး လက်ဖက်ပင်ကို ရွာတိုင်းလိုလို ခုတ်ပစ်ကြသဖြင့် လက်ဖက်အထွက်နှုန်း နည်းပါးလာကြသည်။  

''ရွှေဖီချိန်က တနှစ်တကြိမ်လောက်တော့ မျှော်ရတာ မတန်ဘူး။  ဒီနှစ် အညာတွေလည်း မတက်လာကြဘူး။ ပြောသံက စစ်ပွဲက မကြာခဏဖြစ်တော့ သူတို့တွေ ကြောက်နေကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က လက်ဖက်ခူးတဲ့သူတွေ မတက်လာတော့ လက်ဖက်တွေကို မနိုင်မနင်းဖြစ်တော့ ခုတ်ပစ်လိုက်ရတယ်လေ။ ဒီနှစ်က လက်ဖက်ပင်ခုတ်ထားတယ်ဆိုတော့ လက်ဖက်က သိပ်မထွက်ဘူး။ ပြီးတော မိုးလည်း အရမ်းနည်းတယ်'' နမ့်ဆန်ရွာသား တဦးမှ ထပ်မံပြောပြပါသည်။ 

လက်ဖက်ဈေးနှုန်း တိုးတက်ကောင်းမွန်လာမှု မရှိဘဲ ကုန်ဈေးနှုန်းသည် အဆမတန် တက်လာကြသည်။ ၂၀၀၈ ခုနှစ် ရွေဖီဦးကာလကတည်းကပင် အော်ရမင်းအို (ဆိုးဆေး) အသုံးပြုသော လက်ဝါးကြီးအုပ်ကုန်သည်ကြီးများ၏ အုပ်စိုးမှုကြောင့် လက်ဖက်ဈေးကျ ဆင်းမှုသည် ယခုအချိန်အထိ တိုးတက်မှုမရှိပဲ တစ်နှစ်ပြီးတစ်နှစ် ပိုမိုဆိုးရွားလာသည်ကို တွေ့မြင်နေရပါသည်။ ၂၀၁၂ ခုနှစ် ရွေဖီဦး အချိန်တွင်လည်း လက်ဖက်ခြောက်ဈေးနှုန်းသည် တစ်ပိသာကို ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ် ကြားသာရှိပြီး လက်ဖက်စိုသည် ၄၀၀ ကျပ်သာရှိ ပါသည်။ သို့သော် အခြားသောကုန်ဈေးနှုန်းများသည် ဈေးနှုန်းကျဆင်းခြင်းမရှိသည့်အပြင် ဈေးနှုန်းများ ပို၍တက်နေသောကြောင့် ပလောင်လက်ဖက်တောင်သူများသည် အသက်မွေးဝမ်းကြောင်းမှုအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ 

''လက်ဖက်ဈေးကို ကောင်းစေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့က လက်ဖက်တမျိုးပဲ စိုက်ပျိုးတော့ လက်ဖက်ကိုပဲ မှီခိုအားကိုးနေရတယ်။ လက်ဖက်ဈေး ကောင်းအောင်လည်း ကျမတို့က ဘယ်လို လုပ်ရမယ်မှန်းတောင်မသိဘူး။ လက်ဖက်အညွန့်ပဲ ခူးကြပါလို့ လက်ဖက်ဝယ်တဲ့သူက ပြောကြတယ်။ ကျမတို့လည် အညွန့်ပဲ ခူးကြတယ်။ ဒါလည်း လက်ဖက်ဈေးက ယခင်လိုပဲဖြစ်နေတယ်။ ကုန်ဈေးနှုန်းကျတော့ အစစအရာရာ အဆမတန်ကို တက်နေတယ်'' 

ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းသည် လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၀၁၃ တွင် စတင်ဖွဲ့စည်းလာပြီး လက်ဖက်ဈေးကွက်ပေါ်ပေါက်လာစေရန်နှင့် လက်ဖက်အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်လာစေရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဤအဖွဲ့သည် ဖွဲ့စည်းခြင်းမကြာသေးသည့်အပေါ်တွင် လက်ဖက်ဈေးကွက်နှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းပေးမှု တစုံတရာ မရှိသေးချေ။ 

ပလောင်လူမျိုးများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ကျောက်မဲမြို့နယ် အနောက်ဖက်ခြမ်း၊ သီပေါမြို့ အနောက်ဖက်ခြမ်း၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ နမ္မတူမြို့၊ လားရှိုးမြို့နယ် အနောက်ခြမ်း၊ ကွတ်ခိုင်မြို့နယ်၊နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ် အနောက်ခြမ်းတွင် အဓိကနေထိုင်ကြသည်။ ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း၊ အောင်ပန်း၊ ကလော၊ ပင်လောင်း နှင့် ဟိုပုံး အစရှိသော မြို့နယ်များတွင်လည်း နေထိုင်ကြပြီး အဓိက ပင်မ အသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါသည်။ တပေါင်းလသည် မိုးစပြုရွာပြီး ရွှေဖီဦး လက်ဖက်အဖူး၊ အညွှန့်များ ဝေဝေဆာဆာ ဖူးပွင့်နေကြသောအချိန်ဖြစ်ပါသည်။ သို့သော် ပလောင်လက်ဖက်ညွန့်များသည် ပလောင်တောင်သူများ၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးနိုင်သည့် အနေအထားမရှိဟု ရွာသားများမှ ဆိုထားသည်။ 

သတင်းမှတ်တမ်းနှင့်သုတေသနဌာန 
ပလောင်အမျိုးသမီးအစည်းအရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here